Print

ရွှေဖရုံသီး အစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

  25-Feb-2017
Preview Image

ရွှေဖရုံသီး အစေ့
ရွှေဖရုံသီးစေ့ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ စျေးလည်းမကြီး၊ ရှားလည်းမရှားတဲ့ သဘာဝ အစားအသောက် တစ်မျိုးပါ။ ရွှေဖရုံသီးစေ့ကို လှော်ပြီး အခွံခွာ ဒီအတိုင်းစားကြသလို မြန်မာ့ရိုးရာ လက်ဖက်သုပ်၊ ချင်းသုပ်ထဲ ရောစားကြလေ့ရှိပါတယ်။ ရွှေဖရုံသီးစေ့သာမက ဖရုံစေ့အနက် ဆိုတာလည်း လူကြိုက်များတဲ့ စားစရာ တစ်မျိုးပါပဲ။ ဒီလိုကျွန်တော်တို့ လက်တစ်ကမ်းက သဘာဝ အစားအသောက်တွေရဲ့ အရသာရှိခြင်းထက် အများကြီး ပိုတန်ဖိုးကြီးမားလွန်းတဲ့ အာနိသင်တွေကို သိရှိစေဖို့ The Voice Weekly စာမျက်နှာများမှ အလျဉ်းသင့်သလို ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရောဂါ တစ်ခုချင်း အသေးစိတ် ဆောင်းပါးတွေ ဆက်တိုက် တင်ဆက်လာရာမှ တစ်ပတ်ခြား၊ နှစ်ပတ်ခြား အပြောင်းအလဲလေးတွေ အနေနဲ့ သဘာဝထဲက အာဟာရ၊ အာဟာရထဲက ကျန်းမာခြင်း ကဏ္ဍများ တင်ဆက်ခြင်းကို နှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

 

ရွှေဖရုံသီးစေ့၏ ကျန်းမာရေးအပေါ် ထူးခြားစွာ အကျိုးပြုသော အာနိသင် (၁၁) ခု

(၁) ဆီးကျိတ်ရောဂါများ ကာကွယ်နိုင်ခြင်း

ရွှေဖရုံသီးစေ့ထဲမှာ ပါတဲ့ သဘာဝ အာဟာရ ဒြပ်ပေါင်းတွေဟာ ဆီးကျိတ်ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ပြီး အသက် ၅၀ ကျော် အမျိုးသား ဆယ်ဦးမှာ သုံးဦး ခံစားရလေ့ရှိတဲ့ ဆီးကျိတ်ကြီးရောဂါ (Benign Prostate Hypertrophy, BPH)၊ အဲဒီကနေတစ်ဆင့် ဆက်ဖြစ်သွားတတ်တဲ့ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီးကျိတ်ကြီးရောဂါ ခံစားနေရသူတွေမှာလည်း ဆီးသွားရခက်တဲ့ ပြဿနာကို လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။

 

(၂) ဆီးအိမ်၏ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေခြင်း

ဆီးအိမ်ရဲ့ အညစ်အကြေး စွန့်ထုတ်နိုင်မှုကို ကောင်းမွန်စေလို့ ဆီးအိမ်ကင်ဆာ ကင်းဝေးရေးပါ အကျိုးပြုပါတယ်။

 

(၃) အမျိုးသား သဘာဝ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

အမျိုးသားကော အမျိုးသမီးပါ လိင်မှုကိစ္စ ပုံမှန်စိတ်ဝင်စားဖို့၊ စွမ်းဆောင်နိုင်ဖို့ ဇင့် (Zinc) နဲ့ အခြားသော အမိုင်နိုအက်ဆစ်များ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဖို့ ဖရုံစေ့ဟာ အတော်လေးကောင်းတဲ့ စားသောက်ဖွယ်ရာ တစ်ခု ဖြစ်ပါတယ်။

 

(၄) စိတ်ကျရောဂါကို ကာကွယ်ပေးခြင်း

ရွှေဖရုံသီးအစေ့ဟာ L-Tryp-tophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ် ကြွယ်ဝတာမို့ စိတ်ကျရောဂါဝင်လာခြင်းကို ကောင်းကောင်း တားဆီးပေးနိုင်ပါတယ်။

 

(၅) အရိုးပွရောဂါကို ကာကွယ်ပေးခြင်း

ဇင့်ဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးသော ပုံမှန်ဇီဝဖြစ်စဉ်ကြီး ၇ ခုမှာ အရေးပါသော ဓာတ်ကူပစ္စည်း အနေနဲ့ပါသလို အရိုးတည်ဆောက်ရာမှာလည်း မထင်ရှားပေမယ့် အရေးကြီးသော အခန်းကဏ္ဍက ပါဝင်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်ဖို့ ကယ်လ်စီယမ်နဲ့ ဗင်တာမင်ဒီတွေချည်းပဲ စားနေလို့ မရဘဲ ဇင့်ပါ ပါဝင်အောင် စားသုံးပေးရပါမယ်။ ဖရုံသီးစေ့များဟာ ဇင့် (Zinc) ခေါ် သွပ်ဓာတ် ကြွယ်ဝပါတယ်။

 

(၆) သဘာဝ အရောင်ကျဆေး

ရွှေဖရုံသီး အစေ့ များများစားပေးရင် ရောင်ယမ်းနာကျင်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ကြောင်း သုတေသနများစွာအရ သိရပါတယ်။

 

(၇) ဆီးကျောက်တည်ခြင်းကို ကာကွယ်ခြင်း

ဖရုံသီး အစေ့ထဲမှာ ဆီးကျောက်ရဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ ကယ်လ်စီယမ်အောက်ဇဲလိတ် (Calcium Oxalate) အနည်ကျ ဖွဲ့တည်ခြင်းကို တားဆီးနိုင်တဲ့ ဒြပ်ပေါင်းများ ပါဝင်ကြောင်း လေ့လာမှုများအရ သိရပါတယ်။

 

(၈) သန်ကောင်နှင့် ကပ်ပါးကောင်များကို နိုင်နင်းခြင်း

ရွှေဖရုံသီး အစေ့ကို သန်ကျဆေး၊ သန်သေဆေး အဖြစ် အသုံးပြုနိုင်ပါတယ်။ ကမ႓ာအရပ်ရပ်က အချို့သော တိုင်းရင်းသားတွေမှာ သန်ချဆေးအဖြစ် ကြိတ်ချေပြီး သဘာဝအတိုင်း သုံးကြတာမျိုး ရှိပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ရေ သောက်သုံးခြင်း၊ ထိတွေ့ခြင်းနဲ့ ခရုတွေဆီက ကူးစက်တတ်တဲ့ Schistosomiasis ခေါ် အပြင်းဖျား ကပ်ပါးရောဂါမျိုးကိုလည်း သဘာဝအတိုင်း နှိမ်နင်းနိုင်တဲ့ အာနိသင်ရှိနေလို့ ဆေးဝါး အနေနဲ့ အသုံးချနိုင်အောင် ဆက်လက်လေ့လာမှုများ ပြုလုပ်နေကြပါတယ်။ ဒါကြောင့် လိုရင်းပြောရရင်တော့ ရွှေဖရုံသီးစေ့ဟာ ကပ်ပါးပိုးကူးစက်မှုများ (Parasitic Infections) အတွက် ကိုယ်ခံအားကို မြှင့်ပေးနိုင်ပါတယ်။

 

(၉) ကြီးမားသော မဂ္ဂနီစီယမ် ဓာတ်ရင်းမြစ် တစ်ခု

ဖရုံစေ့ လက်တစ်ဆုပ်စာလောက်မှာ အရွယ်ရောက်ပြီးသူ တစ်ယောက် နေ့စဉ်လိုအပ်တဲ့ မဂ္ဂနီစီယမ် သတ္တုဓာတ်ရဲ့ ၉၂ ရာခိုင်နှုန်းလောက် ပါဝင်လို့ အာဟာရကောင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ မဂ္ဂနီစီယမ်ဟာ အရိုးနဲ့ သွားတွေ ကျန်းမာကြံ့ခိုင်ဖို့၊ အာရုံကြောအဖွဲ့ ပုံမှန်ကောင်းမွန်ဖို့၊ စွမ်းအင်ထုတ်ဖို့အတွက် အရေးကြီးစွာ လိုအပ်ပြီး ယနေ့ခေတ်မှာ မဂ္ဂနီစီယမ် ချို့တဲ့မှု ပိုများလာတာကို လေ့လာတွေ့ရှိရလို့ Fast Food ခေါ် အသင့်စား၊ အမြန်စာတွေကို စားသုံးမှုများသူတွေ သတိပြုသင့်တဲ့ အချက်တစ်ခုပါပဲ။

 

(၁၀) မကောင်းသော ကိုလက်စထရော ကျစေခြင်း

ဖရုံစေ့ထဲမှာ Phytosterol ခေါ် အပင်ထွက် အဆီဓာတ် တစ်မျိုး ပါဝင်ပါတယ်။ ၎င်းဟာ သွေးထဲက LDL ခေါ် မကောင်းတဲ့ ကိုလက်စထရော အဆီဓာတ် ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ဒါဟာ ဖရုံသီးစေ့သာမက အခွံမာသီးအဆံများမှာလည်း ဒီအာနိသင် ရှိပါတယ်။

 

(၁၁) ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း

Phytosterol ဟာ ကိုလက်စထရော ကျဆင်းစေလို့ ကိုလက်စထရောကြောင့် ဖြစ်ရတဲ့ ကင်ဆာ အတော်များများ (ဥပမာ - ရင်သားကင်ဆာ) ကို ကာကွယ်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။

 

အထက်ပါ ကျန်းမာရေး အာနိသင်ကောင်းများ ရရှိဖို့ ဖရုံစေ့ကို မကြာခဏ စားသုံးပေးသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

 

Healthcare.com.mm
Ref:
ဆက်ပိုင်လင်းခန့် (ဆေး-၂)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18