Print

ပြည်သူ့အတွက် သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းဂါထာ

  31-Oct-2016
Preview Image

ရုပ်သံအစီအစဉ်တွေမှာပါ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေကို ဆက်တိုက်ဖော်ပြနေတာ တွေ့ရပါတယ်။ ပြည်သူတွေ သတိထေားမိစေဖို့ အရေးကြီးတဲ့ ကျန်းမာရေးသတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါတယ်။ တစ်ဖက်ကလည်း ပွင့်လင်းမြင်သာမှုရှိလာတဲ့၊ ကျယ်ပြန့်တဲ့ မီဒီယာများရဲ့ အကျိုးကျေးဇူးဖြစ်ပါတယ်။

၁၄-၇-၁၅ ခုနှစ်ထုတ် The Daily Eleven သတင်းစာမှာ ဇူလိုင် ၁၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၆၄၆၁ ဦး၊ သေဆုံးသူ လူနာ ၆၀ ဦးရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂၅၀၀ ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားနိုင်တဲ့ နေရာမှာ နေထိုင်ကြရကြောင်း သိရပါတယ်။ တစ်နှစ်ပတ်လုံး စောင့်ကြည့်မယ့် ရောဂါစာရင်းမှ စတင်ထည့်သွင်းကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ကိုးကားဖော်ပြခဲ့ပါတယ်။ ၁၉၇၉ အလုပ်သင်ဆရာဝန်ကာလ ကစပြီး ယခုအချိန်အထိ သွေးလွန်တုပ်ကွေးနဲ့ နပန်းလုံးခဲ့ရတဲ့ စာရေးသူအနေနဲ့ ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ထင်တဲ့ “သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းဂါထာ”ကို မျှဝေချင်ပါတယ်။

သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းဂါထာ

ရာသီတိုင်းတွင် ဖျားနာလျှင်

သွေးလွန်တုပ်ကွေးမှတ်။

အဖျားကျစဉ် မလန်းလျှင်

အစဉ်သတိချပ်။

ဒီဂါထာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ဆေးကျောင်းသား ကျောင်းသူတွေကို စာသင်တဲ့အခါမှာ ပြည်သူလူထုကို ပညာပေးတဲ့အခါမှာ အသုံးချခဲ့ပါတယ်။

သွေးလွန်တုပ်ကွေးဟာ ခြင်ကျားပေါက်ပွားမှုများတဲ့ မိုးရာသီမှာ အဖြစ်အများဆုံးဖြစ်ပေမယ့် တစ်နှစ်ပတ်လုံး ဖြစ်ပွားနိုင်တယ်ဆိုတာကို သတိထားမိဖို့ “ရာသီတိုင်းတွင် ဖျားနာလျှင် သွေးလွန်တုပ်ကွေးမှတ်”လို့ ရေးတာဖြစ်ပါတယ်။

“ရာသီတိုင်းတွင်”လို့ ကာရန်ကိုက်အောင် ဆိုထားပေမယ့် အမှန်ကတော့ မည်သည့်လက္ခဏာရှိသည်မဆို အဖျားကြီးလျှင်၊ အစားအသောက်ပျက်လျှင်၊ မှိန်းလျှင်၊ မကြာခဏ ပျို့အန်နေလျှင် သွေးလွန်တုပ်ကွေးဖြစ်နိုင်ကြောင်း သတိထားမိဖို့ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါမို့ ဗိုင်းရပ်စ်ပိုးတို့ရဲ့ သဘာဝအတိုင်း ခန္ဓာကိုယ်အနှံ့အပြားမှာ ရောဂါလက္ခဏာပြနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးလို့၊ နှာစေးလို့၊ ၀မ်းပျက်လို့ဆိုပြီး သွေးလွန်တုပ်ကွေး မဟုတ်နိုင်ဘူးလို့ တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ အမြဲသတိရှိနေဖို့ လိုပါတယ်။ အထူးသဖြင့် အဖြစ်များတဲ့ နှစ်၊ အဖြစ်များတဲ့ ရာသီမှာ သတိရှိနေဖို့လိုပါတယ်။ တစ်နှစ်အောက် ကလေးကနေ လူကြီးအရွယ်အထိ ဖြစ်နိုင်ပေမယ့် အဖြစ်အများဆုံးနဲ့ အပြင်းထန်ဆုံးကတော့ သုံးနှစ်ကနေ ၁၅ နှစ်ကြား ကလေးတွေပဲ ဖြစ်လို့ ဒီအသက်အရွယ်မှာတော့ ပိုပြီးသတိထားဖို့ လိုပါတယ်။

သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေကတော့ ဖျားတယ် (အဖျား ၁၀၀ အထက်)၊ ကိုယ်လက်ကိုက်ခဲတယ်၊ မှိန်းတယ်၊ အစားအသောက်ပျက်တယ်၊ ပျို့အန်တယ်၊ ဗိုက်နာတယ် (အထူးသဖြင့် ၀မ်းဗိုက်အထက် ညာဘက် အသည်းနေရာက နာတယ်) ခန္ဓာကိုယ်မှာ အပ်ဖျားအရွယ် အနီစက်ကလေးတွေ ထွက်တယ်၊ အန်တဲ့အခါ တစ်ခါတစ်ရံ ကော်ဖီနှစ်ရောင် အမည်းဖတ်ကလေးတွေ ပါတတ်ပါတယ်။ အထူးသဖြင့်တော့ အဖျားကြီးပြီး မျက်စိမဖွင့်ဘဲ မှိန်းနေတယ်။

အစားအသောက် ကျွေးလို့မရဘူးဆိုရင် အရေးကြီးတဲ့ လက္ခဏာပါပဲ။ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေကို ပြသင့်ပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေက “Hess Test ” လို့ ခေါ်တဲ့ သွေးပေါင်ချိန်တိုင်း ကရိယာနဲ့ လက်မောင်းကိုပတ်ပြီး စမ်းသပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုမှာ လက္ခဏာမပြပေမယ့်လည်း သွေးလွန်တုပ်ကွေး ဖြစ်နိုင်သေးကြောင်း သတိထားဖို့လိုပါတယ်။

“အဖျားကျစဉ်၊ မလန်းလျှင်၊ အစဉ်သတိချပ်”ဆိုတဲ့ ဒုတိယပိုဒ်ကို ရှင်းပြပါမယ်။ သွေးလွန်တုပ်ကွေးမှာ အရေးကြီးတဲ့ လက္ခဏာကတော့“သွေးလန့်ခြင်း” (Shock) ပါ။ သွေးလန့်တဲ့အချိန်ကို စောစောကြိုသိ၊ ထိထိရောက်ရောက် ကုရင် အသက်မဆုံးရှုံးနိုင်ပါဘူး။ အသက်အန္တရာယ်ရှိနိုင်တဲ့ ကိုယ်တွင်းသွေးယိုမှုတွေ မဖြစ်နိုင်ပါဘူး။ သွေးလန့်ခြင်းဟာ ဖျားပြီး သုံးရက်မှ ငါးရက်အတွင်းမှာ ဖြစ်တတ်ပါတယ်။ သွေးလန့်ခြင်းဖြစ်ချင်ရင် လူနာက အဖျားကျသွားတယ်။ အဖျားကျပေမယ့် မလန်းဆန်းပါဘူး။ မှိန်းနေတယ်၊ အစားအသောက်ပျက်တယ်၊ ပျို့အန်တယ်၊ မူးတယ်၊ ဆီးနည်းသွားတယ်ဆိုတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ၀မ်းဗိုက် ညာဘက်အပေါ်ပိုင်း အသည်းနေရာက နာတယ်။ ဖိလိုက်ရင် နာတယ်။

လက်ကောက်ဝတ်မှာ သွေးခုန်နှုန်းစမ်းရင် ကောင်းကောင်းမမိချင်ဘူး။ ခြေလက်တွေ အေးစက်လာတယ်။ သွေးပေါင်ချိန်ကျတယ်။ ထိုင်လိုက် ထလိုက်ရင် မူးတယ်။ တစ်ခါတစ်ခါ လဲကျတတ်တယ်။ အဲဒီလိုဖြစ်နေရင် အရေးကြီးတဲ့ သွေးလန့်လက္ခဏာ စနေပြီဆိုတာ သိရပါမယ်။ အဖျားကျသွားလို့ တချို့ မိဘတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်က လူနာကောင်းသွားပြီးလို့ ယူဆသွားပြီး ဂရုမစိုက်မိဘူး ဖြစ်တတ်ပါတယ်။ ဒီအခါ မှာ ဂရုတစိုက် လျင်လျင်မြန်မြန်ကုသရမယ့် အဖိုးတန်အချိန်ကလေးကို ဆုံးရှုံးသွားတတ်ပါတယ်။ အသက်နဲ့ ပေးဆပ်သွားရတတ်ပါတယ်။ ဒါကြောင့် အဖျားကျပြီး မလန်းဆန်လျှင် အရေးကြီးတဲ့အကြောင်း “အဖျားကျစဉ် မလန်းလျှင် အစဉ်သတိချပ်”ဆိုတဲ့ ဒုတိယအပိုဒ်က ဒါကိုဆိုလိုတာဖြစ်ပါတယ်။ အဖျားကျပြီး လန်းလန်းဆန်းဆန်းဖြစ်လာတယ်။ စားချင်သောက်ချင် ဖြစ်လာတယ်ဆိုရင်တော့ စိုးရိမ်စရာမဟုတ်ပါဘူး။

သွေးလွန်တုပ်ကွေးမှာ သွေးလန့်တာက ထူးခြားတဲ့လက္ခဏာတစ်ခု ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်တဲ့ တချို့ကလေးတွေမှာ တစ်ကိုယ်လုံးမှာရှိတဲ့ ဆံခြည်မျှင်သွေးကြောငယ်ကလေးတွေ ရောင်ရမ်းမှုဖြစ်ပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်ထဲမှာရှိနေတဲ့ သွေးရည်ကြည်တွေဟာ သွေးကြောတွေရဲ့ ပြင်ပကို ထွက်သွားပြီး သွေးလည်ပတ်မှု မလုံမလောက်ဖြစ်သွားပါတယ်။ ဒီလိုဖြစ်တဲ့အချိန်ဟာ ၂၄ နာရီက ၄၈ နာရီအထိ ကြာတတ်ပါတယ်။

တစ်နှစ်နှင့်တစ်နှစ် မတူပါဘူး။ လူနာတစ်ဦးနဲ့ တစ်ဦးမတူပါဘူး။ အဲဒီလိုဖြစ်တဲ့အချိန်တွေမှာ သွေးလည်ပတ်မှုကို ထိန်းသိမ်းနိုင်ဖို့ “ဆားရည်၊ ကော်ရည်၊ သွေးရည်ကြည်” စတာတွေကို စနစ်တကျ တိုင်းတာပြီး ပေးရပါတယ်။ များလို့မရသလို နည်းလို့မရပါဘူး။ တစ်ခါရပ်သင့်တဲ့အချိန်မှာ ရပ်ရပါတယ်။ ၂၄ နာရီမပြတ် ဂရုစိုက်ကြည့်ရပါတယ်။ ကျွမ်းကျင်နားလည်တဲ့ ဆရာဝန်ရှိတဲ့ ၂၄ နာရီတာဝန်ယူနိုင်တဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာသာ ကုသနိုင်ပါတယ်။

အဲဒီလို သွေးလန့်တဲ့ အချိန်ကို သတိမထားမိရင်တော့ သွေးလန့်ချိန်ကြာသွားရင်တော့ အသက်အန္တရယ်ရှိတဲ့ ခန္ဓာကိုယ်တွင်း သွေးယိုမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာတော့ သွေးသွင်းကုသဖို့ လိုအပ်လာပါပြီ။ အစာအိမ်၊ အူလမ်းကြောင်းမှာ သွေးယိုတာက ကုသလို့ လွယ်ပေမယ့် အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဦးနှောက်၊ နှလုံး၊ အက်ဒရီ နယ်ဂလင်းတို့မှာ သွေးယိုမှုဖြစ်ရင်တော့ အသက်ဆုံးရှုံးဖို့ များသွားပါပြီ။ ဒါကြောင့် သွေးမသန့်ခင် ကြိုတင်သိရင် အကောင်းဆုံးပါ။ သွေးလန့်တာဖြစ်ရင်လည်း ဆေးရုံ၊ ဆေးခန်းအမြန်ဆုံးရောက်ဖို့ လိုပါတယ်။ ဒါကြောင့် “အဖျားကျစဉ် မလန်းလျှင် အစဉ်သတိချပ်”လို့ ဆိုတာဖြစ်ပါတယ်။

ဒီလို သွေးမလန့်ခင်သိလို့ သွေးလန့်တာကို စောစောကုသလို့ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေပျောက်နှုန်းက ကျလာပါတယ်။ ပြည်သူလူထုတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ဒီအသိတွေရှိခဲ့ရင် သေပျောက်မှု မရှိသလောက် နည်းအောင် လုပ်ဆောင်နိုင်မှာပါ။

ကာကွယ်မှုအနေနဲ့တော့ ပိုးလောက်လမ်းနှိမ်နင်းရေးအတွက် လုပ်ဆောင်ရတဲ့ ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ်”တွေကို လုပ်ရမှာပါ။ လူထုအားကို အများကြီးလိုပါတယ်။ ဒီလုပ်ငန်းတွေကို နေ့အချိန်မှာ ကလေးအများစုဝေးတဲ့ “ကျောင်း၊ ကျူရှင်၊ နေ့ကလေးထိန်းကျောင်း”တွေမှာ လုပ်ဖို့ အရေးကြီးဆုံးပါပဲ” ပိုးလောက်လမ်းပေါက်ဖွားမှုကို ကာကွယ်တဲ့ Abate ခေါ် Temophos ကိုရေစည်၊ ရေကန်တွေထဲ ထည့်ထားတာကလည်း ထိရောက်ပါတယ်။နီးစပ်ရာ ဒေသန္တရ ကျန်းမာရေးဌာနတွေကို ဆက်သွယ်စုံစမ်းလို့ ရပါတယ်။ကာကွယ်ရေးတွေ လုပ်ပေမယ့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက ကမ္ဘာတစ်ဝန်းမှာ မြင့်တက်လာပါတယ်။ ၁၉၈၅ ခုနှစ်ခန့်က “သွေးလွန်တုပ်ကွေးကင်းစင်နိုင်ငံ” လို့ ကြေညာနိုင်ခဲ့တဲ့ စင်ကာပူမှာ ၂၀၁၃ ခုနှစ်မှာ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ ဒါက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ လူနေမှုစနစ်တွေ ပြောင်းလဲမှုတွေကြောင့် ဖြစ်ပါတယ်။ဒါကြောင့် မလွှဲမရှောင်သာ ဖြစ်ပွားလာနိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါကို စောစောသိ၊ စောစော ဆေးရုံတင်သင့်တဲ့ လူနာကိုတင်၊ သွေးလန့်တာကို စောစောကုခြင်းအားဖြင့် သေပျောက်မှုနှုန်း လျော့ကျသွားအောင် အန္တရာယ်ကင်းအောင် လုပ်နိုင်ကြောင်း သတင်းကောင်းပါအပ်ပါတယ်။သွေးလွန်တုပ်ကွေးကြောင့် အသက်ဆုံးရှုံးရခြင်းအန္တရာယ်ဘေးမှ ကင်းဝေးကြပါစေ။

 

Healthcare.com.mm

 

Ref : ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)

Source : Eleven Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18