Print

သွေးလွန်တုပ်ကွေးဆိုတာ ဘာလဲ။ ဘယ်လိုကာကွယ်မလဲ

  31-Oct-2016
Preview Image

 

သွေးလွန်တုပ်ကွေးကို အရိုးကွဲဖျား (breakbone fever) လို့လည်း လူသိများပြီး ၎င်းဟာ သွေးလွန် တုပ်ကွေး ရောဂါပိုး (dengue virus)ကြောင့် ဖြစ်ပွားတဲ့ ကူးစက်တတ်သည့် အပူပိုင်းဒေသ ရောဂါတစ် မျိုးဖြစ်ပါတယ်။ ပုံမှန်ရောဂါလက္ခဏာကတော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားမှာ အနီစက်များ ထွက်ခြင်း၊ ကြွက်သားနဲ့ အဆစ်များ နာကျင်ခြင်းတို့ဖြစ်ပါတယ်။သွေးလွန်တုပ်ကွေးရောဂါဟာ အေးဒီးစ် အေဂျစ်ပ္ပတီ ခြင်မှတဆင့် ကူးစက်လေ့ရှိပြီး အေးဒီးစ် အာဘိုပစ်တပ် ခြင် မှလည်း ရှားရှားပါးပါး ကူးစက်တတ်ပါတယ်။ ခြင်များ ပေါက်ပွားရာနေရာနဲ့ ခြင်ကောင် အရေအတွက်ကိုနည်းအောင် ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ခြင်ကိုက်ခံရခြင်းမှ နည်းအောင် နေခြင်းဖြင့်လည်းကောင်း ရောဂါ ဖြစ်ပွားမှုကို လျှော့ချ နိုင်သည်။မပြင်းထန်သော ရောဂါ သို့မဟုတ် သာမန်အဆင့် ရောဂါများအတွက် သောက်ဆေးပေးခြင်း သို့မဟုတ် သွေးပြန်ကြောတွင်းမှတဆင့် ရေဓာတ်ပြန်လည်သွင်းခြင်း၊ ပိုမိုပြင်းထန်သော ရောဂါများအတွက် အကြောဆေး ထိုးခြင်း ဒါမှမဟုတ် သွေးသွင်းခြင်းတို့ ပြုလုပ်ခြင်းဟာ ရောဂါကုသမှုကို အထောက်အကူ ဖြစ်စေပါတယ်။

 

ရောဂါလက္ခဏာများ

သွေးလွန်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူများဟာ အများအားဖြင့် ရောဂါလက္ခဏာမပြဘဲ (သို့မဟုတ်) ရိုးရိုးဖျားခြင်းကဲ့သို့ သာမန် ရောဂါလက္ခဏာသာ ရှိပါတယ်။ သို့ပေမယ့် တချို့သော သူတွေမှာတော့ ပိုမိုပြင်းထန်သော ဖျားနာမှုမျိုးရှိပြီး အနည်းစုမှာ အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။ ရောဂါပျိုးသည့်ကာလ(ရောဂါဖြစ်သည်မှ စ၍ ရောဂါလက္ခဏာများ ပေါ်ပေါက်ချိန်)သည် ၃ ရက်မှ ၁၄ ရက်အထိ ကြာပါတယ်။ အများအားဖြင့် ၄ ရက်မှ ရ ရက်ကြာတတ်ပါတယ်။ ဆိုလိုသည်မှာ ရောဂါဖြစ်ပွားလေ့ရှိတဲ့ ဒေသများသို့ ခရီးသွားခဲ့သူဟာ အိမ်သို့ ပြန်ရောက်ပြီး ၁၄ ရက်အတွင်း အဖျားနှင့် အခြားရောဂါလက္ခဏာများ ပေါ်ပေါက်ခြင်းမရှိပါက သွေးလွန်တုပ်ကွေး ကူးစက်ခံခဲ့ရခြင်းမရှိဘူးလို့ ယူဆလို့ရပါတယ်။

 

ဆေးကုသမှု အစီအစဉ်

သွေးလွန်တုပ်ကွေးရဲ့ ထူးခြားတဲ့ လက္ခဏာများမှာ ရုတ်တရက် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း (ပုံမှန်အားဖြင့် မျက်ရိုးကိုက်ခြင်း)၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်း၊ အနီဖုများ ထွက်ခြင်းတို့ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ အခြားအမည်ဖြစ်တဲ့ "အရိုးကွဲဖျား" ဟူသော အမည်ဟာ ကြွက်သားနှင့် အဆစ်များ နာကျင်မှုတို ့ကြောင့် ဆက်စပ် ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုကို သုံးပိုင်း ခွဲခြားထားပါတယ်။ ၎င်းတို့မှာ ဖျားနာသည့်ကာလ၊ အရေးကြီးကာလ၊ နာလန်ထကာလတို့ပါ။ဖျားနာချိန်တွင် အဖျားကြီးပြီး မကြာခဏဆိုသလို အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) ရှိတတ်ပြီး ယေဘုယျ နာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းဟာလည်း တွဲ၍ ပါလာတတ်ပါတယ်။ အဲ့ဒီအခြေအနေဟာ၂ ရက်မှ ရ ရက်ထိ ကြာတတ်တာပါ။ ပါးစပနှင့်နှာခေါင်းက ချွဲသလိပ်ထွက်သော အမြှေးများမှ သွေးအနည်းငယ် ထွက်ခြင်းကြောင့် အရေပြားနီလာခြင်း၊ ဆံခြည်မျှင်သွေးကြောလေးများ ပေါက်ကွဲသဖြင့် သွေးခြေဥ လို့ခေါ်တဲ့ အနီစက်ကလေးများ ပေါ်ပေါက်ခြင်းတို့ဟာ အဲ့ဒီကာလတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။အရေးကြီးကာလ ရောက်ရှိလာပါက အဖျားကြီးခြင်းဟာ ပုံမှန်အားဖြင့် တရက်မှ နှစ်ရက်ထိ ကြာတတ်ပါတယ်။

 

အဲ့့ဒီကာလမှာ ဆံခြည်မျှင်သွေးကြောများမှ သွေးများ ယိုစိမ့်ထွက်မှုများ ပျံ့နှံ့လာတာကြောင့် ရင်ဘတ်နဲ့ ဝမ်းခေါင်းတွင် အရည်များ သိသာစွာ စုပုံလာနိုင်ပါတယ်။ ခန္ဓာကိုယ်တွင် လှည့်ပတ်နေသော သွေးများ လျော့ပါးသွားပြီး အဓိကကျသော ကိုယ်တွင်း အစိတ်အပိုင်းများဆီသို့ သွေးရောက်ရှိမှု လျော့နည်းသွားတာပါ။ အဲ့ဒီအခါမှာ ကိုယ်တွင်း အစိတ်အပိုင်းများ လုပ်ဆောင်မှု ပျက်ပြားကာ (ပုံမှန်အားဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းမှ) အလွန်အမင်း သွေးထွက်ခြင်း ဖြစ်ပေါ်နိုင်လာပါတယ်။ယိုစိမ့်သွားသောသွေးများကို သွေးလှည့်ပတ်မှုလမ်းကြောင်းအတွင်းပြန်ရောက်ရန်ပို့ဆောင်ခြင်းဟာ နာလန်ထကာလဖြစ်ပါတယ်။ အဲ့ဒီကာလဟာ နှစ်ရက်မှသုံးရက်ကျော်ဖြစ်လေ့ရှိတာပါ။ ရောဂါသက်သာမှု သိသာလာပါတယ်။ ဒါပေမယ့် ပြင်းထန်စွာ ယားယံခြင်းနဲ့ နှလုံးခုန် နှေးခြင်းတို့ ရှိတတ်ပါတယ်။ အဲ့ဒီကာလမှာ သွေးများ ခန္ဓာကိုယ်တွင် အဆမတန် များပြားလာတတ်ပြီး အကယ်လို့ ဦးနှောက်ကို သက်ရောက်မှုရှိပါက သတိ ထိန်းချုပ်မှုစွမ်းအား လျော့နည်းစေခြင်း ဒါမှဟုတ် တက်ခြင်းများ ဖြစ်စေနိုင်ပါတယ်။

 

ကူးစက်ခြင်း

သွေးလွန်တုပ်ကွေး ရောဂါပိုးဟာ အခြေခံအားဖြင့် အေးဒီးစ် ခေါ် ခြင်ကျားများ၊ အထူးသဖြင့် အေအေဂျစ်ပ္ပတီမှ ကူးစက်တတ်တာပါ။ အဲ့ဒီ ခြင်များဟာ ပုံမှန်အားဖြင့် မြောက်လတ္တီတွဒ် ၃၅ ဒီဂရီနှင့် တောင်လတ္တီတွဒ် ၃၅ ဒီဂရီ၊ ပင်လယ်ရေမျက်နှာပြင်အောက် ၁၀ဝဝ မီတာ (၃၃၀ဝ ပေ)တွင် နေထိုင်ပါတယ်။ ၎င်းတို့ဟာ အများအားဖြင့် နေ့ပိုင်းမှာ ကိုက်တတ်ပါတယ် ။အခြားသော ခြင်မျိုးစိတ်များဖြစ်သော အေအာဘိုပစ်တပ်၊ အေပိုလီနီးဆီးယန်စစ်နှင့် အမျိုးမျိုးသော အေစကူတဲလာရစ် ခြင်များသည်လည်း သွေးလွန်တုပ်ကွေး ရောဂါပိုးကို ကူးစက်ပြန့်ပွားစေတာပါ။ လူဟာ မူလအခြေခံ ရောဂါပိုး လက်ခံသူ ဖြစ်သော်လည်း လူမဟုတ်သော လူဝံ၊ မျောက် အစရှိသည့် အဆင့်မြင့် နို့တိုက်သတ္ထဝါများတွင်လည်း သယ်ဆောင်ပျံ့နှံ့နိုင်ပါတယ် ။ကူးစက်မှုကို ခြင်တချက် အကိုက်ခံရခြင်းဖြင့် ရရှိနိုင်တာပါ။ ရောဂါဖြစ်ပွားနေသော သူရဲ့ သွေးကို ရရှိထားသော ခြင်ဟာ ၎င်းကိုယ်တိုင် ကူးစက်မှု ခံရလျှက် ၎င်းရဲ့ အူဆဲလ်ထဲတွင် ရောဂါပိုးများ အစီအရီ ရှိနေပါတယ်။ ၈ ရက်မှ ၁၀ ရက်ကြာပြီးနောက် ရောဂါပိုးဟာ ၎င်းခြင်ရဲ့ တံတွေးဂလင်းများ အပါအဝင် အခြားသော တစ်ရှူးများသို့ပျံ့နှံ့သွားပါတော့တယ်။ နောက်ပိုင်း၌ တံတွေးတွင်း ရောက်ရှိသွားပါတယ်။ ရောဂါပိုးဟာ ခြင်ကို အန္တရာယ်မဖြစ်စေဘဲ အဲ့ဒီ ခြင်မှာသာ ဖြစ်တည်ရှိနေတာပါ။ အေအေဂျစ်ပ္ပတီ ခြင်ဟာ သူ့ရဲ့ ဥများကို လူတို့လုပ်ထားသော ရေထည့်ရာ ပစ္စည်းများတွင် ဥလေ့ရှိပြီး လူနှင့် နီးနီးကပ်ကပ်နေကာ အခြားသော ကျောရိုးရှိ သတ္တဝါများထက် လူထံမှ အာဟာရ ရယူရန် ပိုမိုနှစ်သက်တတ်ပါတယ်။

 

ဒါ့ထက် သွေးလွန်တုပ်ကွေးကို ကူးစက်ခံနေရသော သွေးကို သွင်းမိခြင်းနှင့် ကိုယ်တွင်း အစိတ်အပိုင်းများ လှူဒါန်းခြင်းမျာမှတဆင့်လည်း ကူးစက်နိုင်ပါသေးတယ်။ ရောဂါဖြစ်ပွားလေ့ရှိတဲ့ စင်ကာာပူကဲ့သို့သော နိုင်ငံများတွင် သွေးသွင်းမှု ၁၀ဝဝဝ တွင် ၁.၆ မှ ၆ ခါ ရောဂါကူးစက်မှု အန္တရာယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ တိုက်ရိုက်ကူးစက်ခြင်း (မိခင်မှ ကလေးသို့ ကူးစက်ခြင်း)မှာ ပဋိသန္ဓေကာလ သို့မဟုတ် မီးဖွားစဉ်ကာတို့မှာ ဖြစ်ပွားကြောင်း လေ့လာတွေ့ ရှိရပါတယ်။အခြား လူမှလူသို့ ကူးစက်ပျံ့နှံ့ခြင်းများလည်းရှိသည်ဟု ဆိုသော်လည်း ရှားပါးပြီးဖြစ်လေ့မရှိပါဘူး။

 

ရောဂါခံစားရခြင်း

နို့စို့ကလေးများနှင့် ကလေးငယ်များတွင် ရောဂါပြင်းထန်စွာ ဖြစ်ပွားလေ့ရှိပါတယ်။ အခြားသော ရောဂါဖြစ်မှုများနှင့် ဆန့်ကျင်စွာ သွေးလွန်တုပ်ကွေးဟာ အာဟာရပြည့်ဝသော ကလေးများတွင် ပိုမို အဖြစ်များတတ်ပါတယ်။ အမျိုးသမီးများဟာ အမျိုးသားများထက် အန္တရာယ်ပိုရှိပါတယ်။သွေးလွန်တုပ်ကွေးဟာ နာတာရှည်ရောဂါများဖြစ်သော ဆီးချိုရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါတို့ ရှိသော သူများအတွက် အသက်အန္တရာယ်ပါ ရှိစေနိုင်ပါတယ်။

 

ကြိုတင်ကာကွယ်ခြင်း

လောလောဆယ်အားဖြင့် သွေးလွန်တုပ်ကွေး ရောဂါပိုးအတွက် အတည်ပြုထားသော ကာကွယ်ဆေးများ မရှိသေးပါဘူး။ ကြိုတင်ကာကွယ်ခြင်းသည် ရောဂါကူးစက်စေသော ခြင်အကိုက်ခံရခြင်းကို ထိန်းချုပ်မှုနှင့် ကာကွယ်မှုအပေါ် မူတည်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အချက် ငါးချက်ပါ၀င်သည့် ပေါင်းစပ်ဖွဲ့စည်းထားသော ဗက်တာခေါ် ကူးစက်ရောဂါပိုး ထိန်းချုပ်ရေးအစီအစဉ်ကို တိုက်တွန်းထားပါတယ်။

 

(၁) ထောက်ခံအားပေးမှု - လူမှုရေးရာ ပြောင်းရွှေ့နေထိုင်ခြင်း၊ လူထုကျန်းမာရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ခိုင်မာမှုရှိစေရန် ဥပဒေ အတည်ပြု ပြဌာန်းခြင်း၊

(၂) ကျန်းမာရေး နှင့် အခြားသော ကဏ္ဍများ(အများပြည်သူနှင့် ပုဂ္ဂလိက) နှစ်ခုကြား ပူးပေါင်းဆောင် ရွက်ခြင်း၊

(၃) ရောဂါထိန်းချုပ်ရန် ရင်းမြစ်များကို အများဆုံး အသုံးပြုနိုင်ရေးအတွက် စုပေါင်းဆောင်ရွက်ခြင်း၊

(၄) ဆောင်ရွက်ခြင်းများဟာ လျော်ကန်စွာ ရည်မှန်းထားကြောင်း သေချာစေရန် သက်သေ အထောက် အထားအပေါ် အခြေခံသော ဆုံးဖြတ်ချက်များချခြင်း နှင့်

(၅) ဒေသတွင်း အခြေအနေအတွက် လုံလောက်သော တုံ့ပြန်မှု သေချာစွာ ရရှိစေရန် စွမ်းအား တည်ထောင်ခြင်း တို့ဖြစ်ပါတယ်။

 

အေ အေဂျစ်ပ္ပတီကို ထိန်းချုပ်မှု အခြေခံနည်းစနစ်မှာ ၎င်းခြင်များ ပေါက်ပွားရာ နေရာများကို ဖျက်ဆီး သုတ်သင်ခြင်းပဲ ဖြစ်ပါတယ်။ ရေသိုလှောင်ရာ ပစ္စည်များကို သွန်ပစ်ခြင်း သို့မဟုတ် ၎င်းတို့ထဲသို့ ပိုးသတ်ဆေး သို့မဟုတ် ဇီဝ ထိန်းချုပ်ပစ္စည်းများ ထည့်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ လူများဟာ အရေပြားကို လုံခြံုစွာ ဖုံး အုပ်သော အဝတ်အစားများ ဝတ်ခြင်းဖြင့် ခြင်ကိုက်ခံရခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် အင်းဆက် အကိုက်မခံရအောင် ကာကွယ်သော လိမ်းဆေး(DEET)ကို အသုံးပြုနိုင်ပါတယ်။သွေးလွန်တုပ်ကွေးဟာ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း တုန်လှုပ်ခြောက်ခြားဖွယ်ရာ ပြန့်ပွားလာခဲ့ရာ နှစ်စဉ် လူသန်း ၅၀ မှ ၁၀ဝ ခန့်ဟာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံခဲ့ရတာပါ။ နိုင်ငံပေါင်း ၁၁၀ ကျော်မှာ သွေးလွန်တုပ်ကွေးဟာ ကပ်ရောဂါသဖွယ် ဖြစ်ပွားလျက် ရှပါတယ်။ ၁၇၇၉ ခုနှစ်မှစလို့ ရောဂါအခြေအနေ ရှင်းလင်းဖော်ပြချက်များအပြင် ၎င်းရဲ့ ရောဂါပိုးဆိုင်ရာ အကြောင်းရင်းနှင့်ပျံ့နှံ့ကူးစက်ခြင်းတို့ကို ၂၀ရာစု အစောပိုင်းတွင် ရှင်းလင်းဖော်ပြခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှစတင်လို့ သွေးလွန်တုပ်ကွေးဟာ ကမ္ဘာ့ပြဿနာ ဖြစ် လာခဲ့ပါတော့တယ်။

Healthcare.com.mm

 

Ref;

Myanmar Health Tips

Source: ဧရာဝတီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18