Print

သားအိမ်ခေါင်းကင်ဆာအကြောင်း တစ်စေ့တစ်စောင်း

  23-Dec-2020
Preview Image

သားအိမ်ခေါင်းကင်ဆာအကြောင်း တစ်စေ့တစ်စောင်း

        သားအိမ်ခေါင်းကင်ဆာဟာ  ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သေဆုံးနှုန်းအမြင့်ဆုံးကင်ဆာများထဲမှ တစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများမှာ ဖြစ်တဲ့ ကင်ဆာထဲမှာ ဒုတိယ အဖြစ်အများဆုံးနဲ့ ဒုတိယ သေဆုံးမှုအများဆုံးကင်ဆာဖြစ်တယ်လို့လည်း သိရပါတယ်။  အဖြစ်အများဆုံး အသက်အရွယ်ကလည်း အသက်လတ်ပိုင်းဖြစ်တဲ့ ၃၅ မှ ၅၅ နှစ်အတွင်း အမျိုးသမီးတွေ ဖြစ်ပါတယ်။ အကြောင်းရင်းက ကင်ဆာဖြစ်တဲ့အတိုင်း ဖြစ်မှန်းသိချိန်မှာ နောက်ကျပြီး နောက်ဆုံးအဆင့်တွေ ဖြစ်ခြင်းသို့မဟုတ် ကင်ဆာအဆင့်တွေ မြင့်မှ စစ်ဆေးသိရှိမိခြင်းပါ။ ဒါကြောင့် ကြောက်စရာကောင်းတဲ့ ဒီရောဂါရဲ့ လက္ခဏာတွေကို သိထားသင့်တာ အကောင်းဆုံးပေါ့။

သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်တာလဲ

        သားအိမ်ခေါင်းဆိုတာ သားအိမ်လည်တံ သို့မဟုတ် သားအိမ်အဝင်ဝဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဆိုတာ အဲဒီနေရာမှာ ကင်ဆာဖြစ်တာပါ။ သားအိမ်ခေါင်းကင်ဆာရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်သော Human Papilloma Virus (HPV) လို့ခေါ်သော ဗိုင်းရပ်စ် ရောဂါကြောင့်ဖြစ်တာပါ။ မျိုးခွဲတွေရာချီပြီး အများကြီးရှိရာမှ HPV  ၁၆ နဲ့ ၁၈ က သားအိမ်ခေါင်းကင်ဆာကို အများဆုံးဖြစ်စေနိုင်ပါတယ်။ HPV ဗိုင်းရပ်စ်ပိုးဟာ လိင်အင်္ဂါကြွက်နို့ကိုလည်း ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ အမျိုးသမီးတိုင်းမှာလည်း HPV ဗိုင်းရပ်ပိုးနဲ့ အထိအတွေ့ရှိခဲ့ဖူးမှာပါ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ လိင်ဆက်ဆံတိုင်းတော့ ကင်ဆာဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ခြားအကြောင်းအရင်းအခံတွေ ရှိနေလို့သာ ပိုဖြစ်လာတာပါ။ အဲလိုဆိုတော့ ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေက ဘာတွေလဲ။ အဲဒါတွေက

-       လိင်ဆက်ဆံဖော်များတဲ့သူတွေပါ။ အများအားဖြင့် လိင်လုပ်သားအမျိုးသမီးတွေမှာ အဖြစ်များနိုင်ပါတယ်။ ဆက်ဆံရတဲ့သူများလေ HPV ဗိုင်းရပ်စ်ပိုကူးစက်နိုင်လေပါပဲ။

-       လိင်ဆက်ဆံမှုစပြုတဲ့အသက် စောခြင်းပါ။ ဆက်ဆံမှုစောလေ ပိုဖြစ်နိုင်လေပါ။

-       တစ်ခြား လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများရှိနေခြင်းပါ။ ကိုယ့်မှာ ကာလသားရောဂါဖြစ်သော ဂနိုရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ လိင်အင်္ဂါကြွက်နို့၊ HIV AIDS အစရှိတဲ့ရောဂါတွေရှိနေလျှင် သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်နိုင်ပါတယ်။

-       ကိုယ်ခံအားနည်းခြင်း။ ဒါကတော့ ရှင်းပါတယ်။ တစ်ခြား ရောဂါ၊အခြေအနေတွေကြောင့် ကိုယ်ခံအားနည်းလေလေ ဗိုင်းရပ်စ်ပိုးက ပိုဒုက္ခပေးနိုင်လေလေပါ။

-       ဆေးလိပ်သောက်ခြင်း။ ဟုတ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကလည်း သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့အချက် ဖြစ်ပါတယ်။

ဒါတွေကို ရှောင်ကြဉ်ထားလျှင်၊ မဖြစ်အောင် နေထိုင်လျှင်တော့ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ထားသလိုဖြစ်နေပါလိမ့်မယ်။ 

ရောဂါလက္ခဏာတွေက ဘာတွေလဲ

        ရောဂါရဲ့ အကြိုအဆင့်တွေမှာဆို ဘာလက္ခဏာမှ မပြတတ်ပါဘူး။ တကယ်လို့ပြပြီဆိုလည်း မိန်းမကိုယ်မှ တစ်ခါတစ်လေ အဖြူဆင်းတာလောက်ပဲရှိတော့ မသိလိုက်ဖြစ်သွားတာမျိုးတွေ ရှိပါတယ်။ တကယ်တန်း သတိထားမိစေတဲ့ ရောဂါလက္ခဏာတွေကတော့

- လိင်ဆက်ဆံပြီး သွေးဆင်းခြင်း၊ ဓမ္မတာရက်မဟုတ်ဘဲ ကြားရက် သွေးဆင်းခြင်း၊ သို့မဟုတ် သွေးဆုံးပြီးမှ သွေးဆင်းနေခြင်း၊

- မိန်းမကိုယ်မှ အနံ့နံသော သွေးရောင်အရည်ကြည်တွေ၊ အဖြူတွေ၊ ပြည်လိုအရည်တွေ ပမာဏအများကြီးဆင်းနေခြင်း၊

- တင်ပါးဆုံမှ နာကျင်ခြင်း၊ သို့မဟုတ် လိင်ဆက်ဆံစဉ် နာကျင်ခြင်း အစရှိသည်တို့ဖြစ်ပါတယ်။ ဒါတွေ သတိထားမိနေလျှင် ကင်ဆာအဆင့်ဟာ မြင့်နေတာဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒါတွေ ဖြစ်နေပြီဆိုလျှင် ဆရာဝန်ကို သွားရောက်ပြသပြီး စမ်းသပ်စစ်ဆေးတာဟာ ကိုယ့်အတွက် အကောင်းဆုံးပါ။

သားအိမ်ခေါင်းကင်ဆာကို အဆင့် ဆင့်ခွဲထားပြီး ကင်ဆာအဆင့်မြင့်လာလေ သားအိမ်ခေါင်းနဲ့ နီးစပ်ရာ ကိုယ်တွင်းအင်္ဂါများကို ကင်ဆာရောဂါပြန့်နှံ့လေလေပဲဖြစ်ပါတယ်။ တစ်ခြား အသည်း၊ အဆုတ် နဲ့ အရိုးတွေကို ပြန့်နှံ့သွားလျှင် သားအိမ်ခေါင်းကင်ဆာရဲ့ ကြောက်စရာအကောင်းဆုံး နောက်ဆုံးအဆင့်ပဲ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကို ကာကွယ်လို့ရတယ်ဆိုတာ ဟုတ်ပါသလား။

        ဟုတ်ပါတယ်။ ကာကွယ်တယ်ဆိုတာ ဗိုင်းရပ်စ်ပိုး မဝင်အောင် ကာကွယ်တာပါ။ ဗိုင်းရပ်စ်လို့ဆိုရာမှာလည်း HPV ၁၆ နဲ့ ၁၈ ကိုကာကွယ်တာပါ။ အဖြစ်များသော ဗိုင်းရပ်စ်ပိုးကို ကာကွယ်တော့ မဖြစ်တော့ဘူးပေါ့။ ဒါပေမယ့် ဒီနှစ်မျိုးကလွဲပြီး တစ်ခြားနံပါတ်ကြောင့်ဖြစ်သော HPV ဆိုလျှင်တော့ ကာကွယ်မှုရဖို့ မသေချာပါဘူး။ ဒါပေမယ့် သားအိမ်ခေါင်းကင်ဆာ အဖြစ်အများဆုံးကတော့ HPV ၁၆ နဲ့ ၁၈ ကြောင့်ပါပဲ။

          ဘယ်သူတွေကာကွယ်လို့ရပါသလဲ။ လိင်ဆက်ဆံမှုတစ်ခါမှ မပြုရသေးတဲ့ အသက် ၁၁ နှစ်မှ ၁၄ နှစ်ထိအမျိုးသမီးတိုင်း ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။ ကြိမ်ထိုးပေးရမှာပါ။ အသက် ၁၄ နှစ်အထက်မှ ၂၆ နှစ်အတွင်း ဆိုလျှင်တော့ ကြိမ်ထိုးပေးပါတယ်။ ကာကွယ်ဆေးအာနိသင်အကောင်းဆုံးရဖို့ဆို လိင်ဆက်ဆံမှုမပြုခင် ထိုးပေးရမှာပါ။ အသက် ၂၆ နှစ်အောက်မှာ HPV ဗိုင်းရပ်စ် ကူးစက်ခံနိုင်ချေအများဆုံးဖြစ်မို့ ဒီအသက်အရွယ်မှာ ထိုးပေးရတာပါ။ ကျော်သွားလျှင် ထိုးလို့ရလားဆိုတော့ ရပေမယ့် ၂၆ နှစ်အောက်လောက်တော့ အာနိသင်ပြည့်ပြည့်၀၀ရမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာအခုဆိုရင် ၂၀၂၀ခုနှစ်ကစပြီး နှစ်စဉ်ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ အသက်၉နှစ်ကနေ ၁၀နှစ်အရွယ်ကလေးတွေကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးနေပြီ ဖြစ်ပါတယ်။

ရောဂါရှိ၊ မရှိဘယ်လိုသိမလဲ၊ ဘယ်လိုစစ်မလဲ

          ပထမဆုံးအနေနဲ့အမျိုးသမီးတိုင်း သို့မဟုတ် လိင်ဆက်ဆံမှုကြုံဖူးတဲ့အမျိုးသမီးများ သို့မဟုတ် ကြုံနိုင်ချေရှိတဲ့သူများ ( Sexually active age) ဟာ အသက် ၂၁ နှစ်အရွယ်မှစပြီး သားအိမ်ခေါင်းချွဲမြှေး(Pap Smear) စစ်ယူသင့်ပါတယ်။ ဒါက ကင်ဆာဖြစ်၊ မဖြစ်သိနိုင်ပြီး အစောဆုံး အဆင့်များထိကိုပါ ကြိုတင်သိရှိနိုင်ပါတယ်။ နောက်ပြီး အသက် ၂၁ မှ ၆၅ နှစ်အမျိုးသမီးတွေလည်း Pap smear စမ်းသပ်ယူသင့်ပါတယ်။ ပုံမှန်ဆို နှစ်တစ်ကြိမ် စစ်ဆေးသင့်ပြီး အဖြေပေါ်မူတည်ကာ အဖြေကောင်းလျှင် ငါးနှစ်မှ တစ်ကြိမ်၊ အဖြေမှာ ပုံမမှန်မှုတွေ့ပါက ဆရာဝန် ချိန်းဆိုတဲ့အတိုင်း စစ်ဆေးယူသင့်ပါတယ်။ နောက်ထပ် HPV ဗိုင်းရပ်စ်ရဲ့ ဒီအန်အေ စစ်ဆေးမှု (HPV DNA test)များလည်း စစ်ဆေးလို့ရပါတယ်။

ဒါတွေက Screening tests ခေါ် ရောဂါရှိ၊ မရှိ ခြုံငုံစစ်ဆေးမှုတွေဖြစ်ပြီး ရောဂါအတည်ပြုဖို့ဆို သားအိမ်ခေါင်းမှ အသားစ ယူစစ်ဆေးရပါတယ်။ အသားစယူနည်းလမ်းတွေက အမျိုးမျိုးရှိတာဖြစ်ပြီး ဆရာဝန် သို့မဟုတ် သားဖွားမီးယပ်ဆရာဝန်မှ လိုအပ်သော စစ်ဆေးမှုကို ပြုလုပ်ပါလိမ့်မယ်။  ကင်ဆာ အဆင့်သတ်မှတ်ဖို့နဲ့ ကင်ဆာရဲ့ ပြန့်နှံ့ပုံတွေသိရှိဖို့ ကွန်ပျူတာဓါတ်မှန် (CT) သံလိုက်ဓါတ်မှန် (MRI) အစရှိတဲ့ စစ်ဆေးမှုတွေလည်း လိုအပ်လာနိုင်ပါတယ်။

ရောဂါဘယ်လိုကုသမလဲ

        သားအိမ်ခေါင်းကင်ဆာကို အတည်ပြုသိရှိပြီဆိုလျှင်တော့ ကုထုံးအနေနဲ့ ရောဂါရဲ့ အဆင့်အပေါ်မူတည်ပါတယ်။ အစောပိုင်း အဆင့်တွေမှာသိရှိလျှင်တော့ သားအိမ်ခေါင်းနေရာတစ်ဝိုက်ခွဲစိတ်ခြင်း၊ သားအိမ်ခေါင်းကော သားအိမ်ပါ ခွဲစိတ်ထုတ်ခြင်း၊ အလွန်အေးသော အအေးခဲဓါတ်ဖြင့် ကုသသော Cryotherapy surgery လုပ်ခြင်း အစရှိသည်တို့နဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။ အဆင့်မြင့်နေသော ကင်ဆာများအတွက် ခွဲစိတ်ခြင်းအပြင် Radiation therapy ခေါ် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ Chemotherapy ခေါ် ဆေးသွင်းကုသခြင်းနှင့် ရောဂါလက္ခဏာသက်သာအောင် ကုသခြင်း (Palliative care) အစရှိသော ကုထုံးတွေနဲ့ ကုသရပါတယ်။

          ကဲ.. အခုဆို အမျိုးသမီးများအတွက် ကြောက်စရာကောင်းတဲ့ သားအိမ်ခေါင်းကင်ဆာရဲ့ သိထားသင့်သော ကျန်းမာရေးဆိုင်ရာအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသိပညာဗဟုသုတ တိုးပွားလောက်ပြီလို့ထင်ပါတယ်။ ကင်ဆာဆိုပေမယ့်လည်း မဖြစ်အောင် ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပြီး စောစောစီးစီး သိရှိပါကလည်း အမြစ်ပြတ်ပျောက်ကင်းအောင် ခွဲစိတ်နိုင်ကြောင်းလည်း သိရှိပြီလို့ထင်ပါတယ်။ အသိရှိပြီဆိုတော့ သတိရှိဖို့အတွက် မိမိအနေနဲ့ကော မိမိနဲ့ ပတ်သက်တဲ့အမျိုးသမီးတွေကိုပါ အသိပညာမျှဝေပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit : ဒေါက်တာကောင်း (7887 Healthcare Call Center)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18