Print

ကြောင်လေးတွေမှာ အပြစ်ရှိလား

  02-Dec-2020
Preview Image

ကြောင်လေးတွေမှာ အပြစ်ရှိလား

ကမ္ဘာပေါ်မှာ ကြောင်ချစ်သူလူတန်းစားတစ်ရပ် အခိုင်အမာရှိပေမယ့် တစ်ကိုယ်ကောင်းဆန်တယ်၊ အလိုက်မသိဘူး၊ မချစ်တတ်ဘူးဆိုတဲ့ အချက်တွေကြောင့် ကြောင်လေးတွေကိုမှ သက်သက်အမြင်မကြည်သူ လူတန်းစားတစ်ရပ်ကလည်း ရှိနေသေးတာပဲမဟုတ်လား။ မုန်းချင်သူကတော့ မုန်းမှာပဲ ဆိုတဲ့အတိုင်း ကြောင်လေးတွေရဲ့ အဲ့ဒီလို မထီတထီအပြုအမူတွေကြောင့်ပဲ ကြောင်ချစ်သူတွေက  ချစ်နေရပြန်တာပါပဲ။ ဒါပေမယ့် ကြောင်ချစ်သူတွေ ဂရုမစိုက်လို့မဖြစ်တဲ့ ပြစ်ချက်တစ်ခုကတော့ ကြောင်လေးတွေမှာ ရှိနေတယ်။

ဘယ်ဟာများပါလိမ့်။

အဲဒါကတော့ ကြောင်လေးတွေရဲ့ မစင်မှာပါလာတဲ့ ကပ်ပါးကောင်တစ်မျိုးက ဖြစ်စေတဲ့ တောက်ဇိုပလက်စ်မိုးဆစ် (Toxoplasmosis) ဆိုတဲ့ ရောဂါတစ်မျိုးကြောင့်ပါ။ ကပ်ပါးကောင်နာမည်ကတော့ Toxoplasma gondii ပေါ့။ Toxoplasmosis ရောဂါပိုးကူးစက်ခံရတဲ့အခါ ရောဂါလက္ခဏာမပြဘဲ ငုပ်နေပြီး ရောဂါပိုးအကူးခံလိုက်ရတယ်လို့တောင် မသိလိုက်တဲ့သူ၊ ရောဂါလက္ခဏာပြရင်လည်း သိပ်ပြီး ဆိုးဆိုးဝါးဝါး မခံစားရတဲ့သူ၊ အသက်ဆုံးရှုံးရတဲ့အထိ ရောဂါလက္ခဏာပြင်းထန်သူ စသဖြင့် လူရဲ့ကိုယ်ခံအားနဲ့ ပိုးကူးစက်ခံရမှု အနည်းအများအပေါ်မူတည်ပြီး ရောဂါရဲ့ပြင်းထန်ပုံ အဆင့်ဆင့်ကွာခြားပါတယ်။

ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ လည်ပင်းတဝိုက်က အကျိတ်လေးတွေရောင်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်၊ လက် ကိုက်ခဲတာ၊ လည်ချောင်းနာတာ စတဲ့ အအေးပတ်ရင် ဖြစ်တတ်တဲ့ သာမန်ရောဂါဝေဒနာလေးတွေပဲ ဖြစ်ပေမယ့် အဲ့ဒီလိုပဲ တရှောင်ရှောင်နဲ့ တစ်လလောက် ကြာချင်ကြာနေတတ်ပြီး များသောအားဖြင့် သူ့အလိုလိုပဲ ပျောက်သွားတတ်ကြပါတယ်။

ဒါပေမယ့် ကိုယ်ခံအားနည်းတဲ့သူတွေမှာတော့

-       ဦးနှောက်အမြှေးပါးရောင်ပြီး ခေါင်းကိုက်တာ၊ တက်တာ၊ ဦးနှောက်သေ ကိုမာဝင်တာ

-       အဆုတ်ကိုထိခိုက်ပြီး ချောင်းဆိုးတာ၊ အဖျားကြီးတာ၊ အသက်ရှုကြပ်တာ

-       မျက်လုံးကို ထိခိုက်ပြီး အမြင်ဝါးတာ၊ မျက်လုံးကိုက်တာ စတဲ့ ပြင်းထန်တဲ့ ရောဂါဝေဒနာတွေကို ခံစားရတတ်ပါတယ်။

Toxoplasmosis ရောဂါကူးစက်နိုင်ချေများတဲ့ နောက်ထပ်တစ်အုပ်စုကတော့ ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင် ဒီရောဂါပိုး ကူးစက်ခံရတဲ့အခါ ကိုယ်ဝန်ပျက်ကျတာ၊ ဒါမှမဟုတ် ကလေးအသေမွေးတာ ဒါမှမဟုတ် မိခင်ကနေတဆင့် သန္ဓေသားကို ကူးစက်တာ စသဖြင့် ဖြစ်စေတတ်ပြီး ကိုယ်ဝန်လနုစဉ်မှာကတည်းက ရောဂါကူးခံရလေ၊ ရောဂါလက္ခဏာ ပိုပြင်းထန်လေ ဖြစ်တတ်ပါတယ်။

ရောဂါပိုးကူးစက်ခံရတဲ့ သန္ဓေသားတွေဟာ မွေးပြီးပြီးချင်းမှာ ရောဂါလက္ခဏာမပြတတ်ကြပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အထက်ပါ ဦးနှောက်နဲ့ အမြင်အာရုံကို ထိခိုက်တဲ့ လက္ခဏာတွေ ပေါ်လာတတ်ပြီး နုနယ်တဲ့ ကလေးအသက်ဆုံးရှုံးရတဲ့အထိ ဆိုးလာတတ်ပါတယ်။ ရောဂါဒဏ်ကိုခုခံပြီး အသက်ရှင်သန်နိုင်ခဲ့တဲ့ ကလေးငယ်တွေမှာတောင် ဦးနှောက်၊ မျက်လုံး၊ အဆုတ်နဲ့ နှလုံးမှာ ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ကျန်ရှိနေခဲ့တတ်ပြီး စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုနှောင့်နှေးတာ၊ အမြင်အကြားအာရုံချို့တဲ့တာ၊ အတက်ရောဂါစွဲကျန်ခဲ့တာ စတဲ့ ကြီးမားတဲ့ ထိခိုက်မှုတွေ ခံစားရတတ်ပါတယ်။

ဒီလောက်တောင် ဆိုးကျိုးသက်ရောက်မှုများတဲ့ ရောဂါဟာ ကူးစက်နိုင်မယ့် နည်းလမ်းကတော့ တစ်နည်းပဲရှိပါတယ်။ အဲ့ဒါကတော့ ရောဂါပိုးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကတဆင့် ကိုယ်ခန္ဓာထဲကို ဝင်ရောက်တဲ့ နည်းသာဖြစ်ပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေရဲ့ မစင်အညစ်အကြေးကို သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ အညစ်အကြေးရှိခဲ့ရာအနီးတဝိုက်နဲ့ မိမိရဲ့လက်ကို ရေ၊ ဆပ်ပြာနဲ့ စင်ကြယ်အောင် သန့်စင်တာ၊ အဲဒီလိုမသန့်စင်ရသေးဘဲနဲ့ အစားအစာချက်ပြုတ်တာတို့၊ စားသုံးတာတို့ လုံးဝမလုပ်တာ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ကြောင်လေးတွေရဲ့ အညစ်အကြေးတွေ သန့်ရှင်းရေးမလုပ်စေတာ၊ မဖြစ်မနေလုပ်ရရင်လည်း လက်အိတ်သုံးစေပြီး ပြီးတဲ့အခါမှာလည်း လက်ကိုသေချာ စနစ်တကျ ပြန်ဆေးတာ စတဲ့အချက်တွေကို လိုက်နာကျင့်သုံးပြီး ထိထိရောက်ရောက်ကာကွယ်လို့ရပါတယ်။

ကြောင်လေးတွေရဲ့ မစင်မှာ Toxoplasmosis ရောဂါပိုးကိုတွေ့ရတယ်ဆိုပေမယ့် ကြောင်လေးတွေကတော့ ဘာရောဂါလက္ခဏာကိုမှ မခံစားရပါဘူး။ ဒါ့အပြင် ငယ်စဉ်ကထဲက အိမ်ထဲမှာပဲမွေးပြီး အပြင်လုံးဝမထွက်၊ တခြားအပြင်ကြောင်တွေနဲ့ ထိတွေ့မှုမရှိတဲ့ အိမ်ကြီးသခင်ကြောင်လေးတွေမှာတော့ ဒီရောဂါပိုး မရှိနေနိုင်ပါဘူး။ ကြောင်လေးတွေရဲ့ မစင်အပြင် မကျက်တကျက်ချက်ထားတဲ့အသားတွေ၊ ရေသေချာဆေးပြီးမသန့်စင်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ၊ မကျိုချက်ထားတဲ့ရေ သို့မဟုတ် ရေသန့်မဟုတ်တဲ့ ရေစိမ်းတွေကနေ တဆင့်လည်း ကူးစက်နိုင်တဲ့အတွက် အသားငါးတွေကို ကျက်အောင်ချက်ဖို့၊ အသီးအရွက်တွေကို သေချာသန့်စင်ဖို့၊ ရေသန့် သို့မဟုတ် ကျိုချက်ထားတဲ့ရေကိုသာသောက်သုံးဖို့ကလည်း အရေးကြီးပါသေးတယ်။

Toxoplasmosis ရောဂါပိုးဟာ ကြောင်လေးတွေကို ထိတွေ့ကိုင်တွယ်ရုံနဲ့ အရေပြားကတဆင့်၊ အသက်ရှုရုံနဲ့ လေထဲကတဆင့်၊ ထိခိုက်ဒဏ်ရာတွေကနေ သွေးကတဆင့် မကူးစက်နိုင်ဘဲ အညစ်အကြေးပါတဲ့အရာကို အစာအိမ်အူလမ်းကြောင်းမှတဆင့် မတော်တဆစားသုံးမိရာမှသာ ကူးစက်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါနည်းတွေကို ဂရုတစိုက် လိုက်နာရုံနဲ့ ဒီ Toxoplasmosis ရောဂါကို ရာနှုန်းပြည့်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ကြောင်လေးတွေမှာ အပြစ်မရှိတော့ဘူးပဲ မဟုတ်လား။

Dr KZT

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18