Print

တဝဲဝဲလည်တဲ့ ဝဲ

  02-Nov-2020
Preview Image

တဝဲဝဲလည်တဲ့ ဝဲ

          အယားဒုက္ခပေးတဲ့ အရေပြားရောဂါအများအပြား ရှိတဲ့အထဲမှာ ဝဲရောဂါကို အယားဘုရင်၊ အယားထိပ်ခေါင်လို့တောင် ဝိသေသပြုရမလိုပါ။ ဟန်မဆောင်နိုင်အောင် တအားတအားကို ယားတာကိုး။ ယားတော့လည်း လိင်အင်္ဂါအပါအဝင် အကြိုအကြားနေရာတွေမှာမှ ပိုယားတာကိုး။ ညရောက်မှ သိသိသာသာ အယားပိုလေတော့ အိပ်ရေးတွေလည်း ပျက်ပေါ့။ ယားလို့ ကုတ်ပြန်တော့လည်း အာသာမပြေ၊ ပိုပြီးယား၊ ပိုပြီးကုတ်နဲ့ မိုးသာလင်းပါလေရော။

အဖြစ်များတဲ့ ဝဲ

          ဒီအယားဘုရင် ဝဲပြဿနာဟာ မြန်မာသာမက ကမ္ဘာမှာပါ အတော်အဖြစ်များတဲ့ ရောဂါပါ။ သန်းပေါင်း ၁၃၀ ဟာ အချိန်တိုင်း ဝဲရောဂါခံစားနေရတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အဲဒီလူတွေ ဝဲပျောက်သွားလည်း နောက်ထပ် သန်း ၁၃၀ က ဝဲရှိနေကြပြန်တာပါ။ ဝဲဟာ လူထုအတွင်းမှာ အမြဲလိုလို ထာဝရရှိနေတာပါ။ ၂၀၁၅ ခုနှစ်က လေ့လာတွေ့ရှိချက်အရ ဝဲဟာ ကမ္ဘာ့လူဦးရေရဲ့ ၂.၈ ရာခိုင်နှုန်းမှာ စွဲကပ်နေတယ်လို့ ဆိုပါတယ်။

ခြေထောက် ၄ စုံနဲ့ ဝဲပိုး

          ဝဲပိုးကောင် (Sarcoptes Scabiei) ဟာ သေးလွန်းလို့ မျက်စိနဲ့ မမြင်နိုင်ပါဘူး။ သူ့မှာ ခြေထောက် ၄ စုံပါလို့လားမသိဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ကို ၁၀ မိနစ်အတွင်းမှာပဲ မြန်မြန်ဆန်ဆန်ကူးနိုင်ပါတယ်။ နောက်ပြီးအရေပြားရဲ့ အပေါ်ဆုံးအလွှာထဲမှာ တွားသွားပြီး လှိုဏ်ခေါင်းတူးနိုင်ပါတယ်။ ဝဲပိုးမတွေက အဲဒီလှိုင်ခေါင်းတွေထဲမှာ ဥချပြီးမျိုးပွားတော့တာပါ။ လူတစ်ကိုယ်လုံး ဝဲစွဲတာတောင် ဝဲပိုးကောင်ရေက ၂၀ လောက်ပဲရှိတာပါ။ မများပါဘူး။

          အဲဒီအကောင်ရေ နည်းနည်းလေးကိုပဲ အလာဂျီဖြစ်ပြီး တစ်ကိုယ်လုံးယားလိုက်တဲ့အယား။ ကုတ်ရတာ အာသာပြေတယ်လို့ မရှိဘူး။

သန်းချီတဲ့ဝဲပိုး

          သာမန်ဝဲက ဝဲပိုးအကောင်ရေနည်းနည်းလေးပဲရှိပေမယ့် ကိုယ်ခံအားနည်းတဲ့သူတွေမှာ ဝဲစွဲခဲ့ရင်တော့ ဝဲပိုးတွေ ထောင်ချီ၊ သန်းချီပြီး အုံနဲ့ ကျင်းနဲ့ ရှိနိုင်ပါတယ်။

ဝဲတွေ ဘယ်မှာဖြစ်

          ဝဲပိုးတွေ နှစ်သက်တဲ့ နေရာတွေကတော့ အရေပြားပါးတဲ့နေရာတွေလို့ပဲ ဆိုရမှာပါ။ လက်ချောင်းကြား၊ လက်ကောက်ဝတ်အတွင်းပိုင်း၊ တံတောင်ဆစ်၊ ချိုင်း၊ ရင်သား၊ ကျားလိင်အင်္ဂါ၊ ခါး၊ ချက်ပတ်ဝန်းကျင်နဲ့ တင်ပါး စတဲ့ နေရာတွေပါ။ ဒါပေမယ့် အလွန်ငယ်တဲ့ ကလေးလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားကျ ဝေဒနာရှိသူတွေမှာတော့ ခေါင်း၊ မျက်နှာ၊ လည်ပင်း၊ လက်ဖဝါး၊ ခြေဖဝါးတွေအထိပါ ဝဲပိုးက ခြေဆန့်နိုင်ပါတယ်။

ညဆိုရင် ပိုယား

          ဝဲရဲ့ ထူးခြားတဲ့ ဝိသေသတစ်ခုကတော့ ညရောက်မှ ပိုပြီး ယားတာပါပဲ။ တကယ်တော့ နွေးထွေးတဲ့အခါ ပိုယားတဲ့သဘောပါ။ တချို့ဆို ယားလွန်းလို့ အိပ်ရေးပျက်တဲ့အထိပါ။

ဘယ်လိုကူးစက်သလဲ

          အရှေ့ပိုင်းမှာ ပြောခဲ့တဲ့အတိုင်း အလွန်ကူးစက်မြန်တဲ့ရောဂါပါ။ အဓိကကူးစက်မှုလမ်းကြောင်းကတော့ သူ့အရေပြားနဲ့ ကိုယ့်အရေပြားထိတွေ့မှုပါပဲ။ လက်ဆွဲနှုတ်ဆက်တာပဲဖြစ်ဖြစ်၊ ထိတွေ့ပွတ်သပ်တာပဲဖြစ်ဖြစ် အရေပြားချင်းထိရင်တော့ ဝဲပိုးက ဟိုဘက်ဒီဘက်ကူးသွားတော့တာပါပဲ။ ဝဲပိုးကောင်လေးတွေက ခန္ဓာကိုယ်ရဲ့ ပြင်ပမှာလည်း ထမင်းမစား၊ ဟင်းမစား သုံးလေရက်လောက် အသက်ရှင်နေနိုင်ပါတယ်။ ဒီတော့ အဝတ်အစား၊ အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံး၊ ပဝါစတာ တွေကတစ်ဆင့်လည်း ကူးတတ်ပါတယ်။ ဒါကြောင့် ဝဲပိုးတစ်ကောင် အိမ်သူအိမ်သားတစ်ယောက်ယောက်မှာ ရှိပြီဆိုရင် ကျန်တဲ့လူတွေကို အမြန်ကူးသွားတော့တာပါ။ ခရီးသွားတဲ့သူတွေဆိုလည်း မသန့်ရှင်းတဲ့ တည်းခိုခန်းတွေမှာ တည်းရင်းလည်း သတိထားပေါ့။ မလျှော်ဖွတ်တဲ့ အိပ်ရာ၊ စောင်၊ ကိုယ်သုတ်ပဝါတွေမှာ ဝဲပိုးတွေ ခိုအောင်းနေတတ်တာကိုး။

တဝဲလည်လည်

          ဝဲဆိုတဲ့အတိုင်း တဝဲလည်လည်ပါပဲ။ ကူးစက်ခံရတဲ့သူတွေမှာ သုံးလေးပတ်လောက်ကြာရင် စယားပါလေရော။ ဒါပေမယ့် ဝဲပေါက်ပြီး ဆေးကုလို့ ဝဲပျောက်သွားတဲ့လူမှာ ဝဲပြန်စွဲရင် သုံးလေးရက်အကြာမှာ ပြန်ပြီး ယားပါတယ်။ အယားမြန်တယ်ဆိုပါတော့။ မိသားစုအတွင်းမှာ ဝဲပေါက်သူတစ်ဦးဦးရှိရင် ဝဲစွဲသူရော အတူနေသူပါ ဝဲဆေးလိမ်းကြပါမှ အမြစ်ပြတ်တာပါ။

ဝဲဆေးလိမ်းမလား

          ဝဲသေချာရင်တော့ ဝဲဆေးလိမ်းကြရမှာပေါ့။ ဈေးကွက်ထဲမှာ အမျိုးမျိုးသော ဝဲလိမ်းဆေးရည်တွေ၊ ခရင်မ်တွေ၊ ပေါမှ ပေါပါ။ Permethrin, Benzylbenzoate, Sulphur, Crotamiton, Lindane စတာတွေပါတဲ့ ဆေးတွေပါ။ ဆေးညွှန်းအတိုင်းတိကျစွာလိုက်နာဖို့ကတော့ လိုတာပေါ့။ ရှေ့မှာဆိုခဲ့သလို လည်ပင်းကနေ ခြေဖဝါးအထိ ညမှာလိမ်းရတာပါ။ နောက်နေ့ကျ ရေချိုးပေါ့။ တစ်ယောက်ဝဲရှိရင် မိသားစုတွေ ဒါမှမဟုတ် နီးနီးကပ်ကပ် အတူနေသူတွေအားလုံး လိမ်းကြရမှာပါ။ ဝဲဆေးအပြင် လိုအပ်ရင် စတီးရွိုက်လိမ်းဆေးတွေ၊ ပိုးသတ်ဆေးတွေပါ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးကြရပါတယ်။ ဒါ့အပြင် အယားပြေဆေး ဘာမီတွန်၊ စီထရီဇင်းဆေးတွေလည်း သောက်ရပါတယ်။

ဝဲဒုက္ခပေးရအောင်

          တစ်ကိုယ်ရေသန့်ရှင်းရေးညံ့ရင်တော့ ဝဲတွေ ပိုပျော်တာပေါ့။ ဒီတော့ လူအများစုဝေးပြီး နေရတဲ့အခါ သတိထားပါ။ အဝတ်အစား၊ စောင်၊ အိပ်ရာခင်းတွေ မကြာခဏ လျှော်ပါ။ နေလှန်းပါ။ အဆောင်မှာနေရင် သူ့အိပ်ရာ၊ ကိုယ့်အိပ်ရာ သီးသန့်ထားပြီး ရောထွေးယှက်တင် မထိုင်ပါနဲ့။ မအိပ်ပါနဲ့။ ဝဲရှိသူ၊ ဝဲမသင်္ကာသူတွေနဲ့ လက်ပွန်းတတီးမနေပါနဲ့။ အရေပြားချင်းမထိပွတ်ပါစေနဲ့။ ကိုယ့်မှာ ဝဲကူးစက်ခံရပြီထင်ရင် ဆရာဝန်ဆီ သွားပါ။ စောစောစီးစီး ထိရောက်တဲ့ ကုသမှုခံယူပါ။ ဝဲကူးစက်မှု သံသရာထဲက အမြန်ဆုံး ရုန်းထွက်နိုင်ကြမှာပါ။ အယားဘုရင်ဝဲဒုက္ခမှ ကင်းဝေးကြပါစေ။

Credit : ဒေါက်တာကျော်ကျော်

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18