Print

အထက်လန် အောက်လျှောနှင့် မိုးရာသီ

  25-Jul-2020
Preview Image

          မိုးရာသီရောက်ရင် အထက်လန်အောက်လျှောဆိုတာ လူကြီးရော ကလေးတွေမှာပါ ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ Gas-troenteritis ဆိုတဲ့ ပါးစပ်ကလည်း အန်၊ အောက်ကလည်း ဝမ်းလျှောနဲ့ ဖြစ်တဲ့ ဗက်တီးရီးယား (သို့) ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါကို အထက်လန်အောက်လျှောလို့ လူအများက ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။


          အသက်အရွယ်မရွေး ဖြစ်နိုင်ပေမဲ့လို့ ငယ်ရွယ်တဲ့ကလေးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ကလေးအများစုကတော့ Rotavirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်လေ့ရှိပါတယ်။ လူရွယ်လူလတ်မှာတော့ Norovirus (သို့) ဗက်တီးရီးယားကြောင့် ဖြစ်လေ့ရှိပါတယ်။

 

         အထက်လန်အောက်လျှောဖြစ်ရင် အလွန်ခံရခက်ပြီး ရက်သတ္တပတ် တစ်ပတ်အတွင်းမှာ ပြန်သက်သာသွားလေ့ရှိပါတယ်။ အထက်လန်အောက်လျှောကြောင့် ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ . . .

၁။ ရုတ်တရက် ရေကဲ့သို့ ကျဲသော ဝမ်းသွားခြင်း

၂။ နေမကောင်းခြင်း

၃။ ထိုးထိုးအန်ခြင်း

၄။ အနည်းငယ်ဖျားခြင်း


          အချို့သောသူများတွင် အစားအသောက်ပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေပွခြင်း၊ ခြေလက်များကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းများပါ ခံစားရတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ ဗိုင်းရပ်စ်ပိုး (သို့) ဗက်တီးရီးယားပိုး ကူးစက်ခံရပြီး တစ်ရက်အကြာမှာ စပြီး ပြလေ့ရှိပါတယ်။ အများအားဖြင့် တစ်ပတ်မပြည့်ခင် သက်သာသွားနိုင်ပြီး တစ်ခါတစ်လေမှာတော့ အဲဒီထက် နည်းနည်းကြာရှည်နိုင်ပါတယ်။

  

        အထက်လန်အောက်လျှောဖြစ်လို့ ဝမ်းသွားလိုက်၊ အန်လိုက်ဖြစ်တဲ့အခါ နေကောင်းသက်သာသည်အထိ အိမ်မှာ အနားယူပါ။ အများအားဖြင့် ဆေးသောက်စရာမလိုဘဲ သူ့ဘာသာ သက်သာသွားနိုင်ပါတယ်။ ခံစားနေရတဲ့ လက္ခဏာတွေမသက်သာဘူး (သို့) ပြင်းထန်တဲ့ အခြေအနေတွေဖြစ်ဖို့ အခွင့်အလမ်းရှိတယ်။ (ဥပမာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ ရင်ကျပ်ရောဂါ) ဆိုရင်တော့ ဆေးခန်း (သို့) ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာစေဖို့ လုပ်ဆောင်ရမှာလေးတွေကတော့ . . .


၁။ ရေဓာတ်ခန်းခြောက်ခြင်းက ကင်းဝေးအောင် အရည်ဓာတ် များများဖြည့်ပေးပါ။

          ပုံမှန်သောက်နေကျထက် ပိုသောက်ဖို့ လိုပါတယ်။ အန်ထားတာ၊ ဝမ်းလျှောထားတာကြောင့် ရေဓာတ်ဆုံးရှုံးရတာဖြစ်လို့ ရေသောက်ခြင်းက အကောင်းဆုံးဖြစ်သလို အိမ်လုပ်အသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်နဲ့ စွပ်ပြုတ်ရည်လည်း သောက်သုံးနိုင်ပါတယ်။

၂။ အဖျားရှိလျှင် နာကျင်ကိုက်ခဲလျှင် ပါရာစီတမောသောက်နိုင်ပါတယ်။

၃။ များများ အနားယူပါ။

၄။ အစာစားချင်ရင် စွပ်ပြုတ်၊ ဆန်ပြုတ်၊ ပါစတာနဲ့ ပေါင်မုန့်အနည်းငယ် စားလို့ရပါတယ်။

၅။ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာများ ရှိပါက ဓာတ်ဆားသောက်ခြင်း၊ 100 plus၊ Pocari Sweat လို့မျိုး ရေနဲ့ဓာတ်ဆားဓာတ် ပြန်ဖြည့်ပေးနိုင်တဲ့ အရည်များ သောက်နိုင်ပါတယ်။

၆။ Metoclopramide ကဲ့သို့သော အအန်ရပ်ဆေးများလိုအပ်ရင် သောက်သုံးနိုင်ရန် ဆရာဝန်ညွှန်ကြားချက်ရယူပါ။


          အထက်လန်အောက်လျှောဟာ ကူးစက်လွယ်တာကြောင့် လက်သန့်ရှင်းရေး အထူးဂရုစိုက်ဖို့ လိုပါတယ်။ လက်ကို သေချာဆေးကြောပေးရပါမယ်။ လက်ဆေးဂျဲလ်ဆောင်ထားပြီး ဆပ်ပြာနဲ့ ရေနဲ့ မဆေးနိုင်ခင် အသုံးပြုသန့်စင်သင့်ပါတယ်။

စိုးရိမ်ရတဲ့အခြေအနေတွေကတော့ . . .

၁။ ရေဓာတ်ဆုံးရှုံးမှုပြင်းထန်လာပြီး လူက မှိန်းနေရခြင်း၊ ဆီးမသွားနိုင်တော့ခြင်း၊ သတိလစ်ခြင်း

၂။ သွေးနှင့်ဝမ်းသွားခြင်း

၃။ ပါးစပ်မှ အရည်ပြန်ဖြည့်လို့ မရလောက်အောင်ဆက်တိုက်အန်ခြင်း

၄။ ရက်အနည်းငယ်ကြာသည်အထိ မသက်သာခြင်း

၅။ အဖျား 38’C (100.4 ‘F ) ရှိခြင်း

၆။ ကျောက်ကပ်ရောဂါ၊ အူရောင်ရောဂါ၊ ကိုယ်ခံအားကျနေခြင်း၊ အန်ခြင်း၊ ဝမ်းလျှောတာ မရပ်နိုင်ခြင်းများ ဖြစ်ပါတယ်။

          ဒီအခြေအနေက သေချာပေါက် ဆေးရုံသွားသင့်တဲ့ အခြေအနေပါ။


          အထက်လန်အောက်လျှော လုံးဝ မဖြစ်အောင်ရာနှုန်းပြည့် မကာကွယ်နိုင်ပေမယ့် ရောဂါကူးစက်မှုမရှိအောင် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

၁။ အလုပ်၊ ကျောင်း၊ မူကြိုစသည်ဖြင့် မသွားဘဲ ရောဂါလက္ခဏာသက်သာပြီး အနည်းဆုံး ၄၈ နာရီအနားယူပါ။ ဆေးရုံ၊ ဆေးခန်းတွေကို မိမိပြသဖို့ မဟုတ်ဘဲ မသွားပါနဲ့။

၂။ ဆပ်ပြာနဲ့ရေ သုံးပြီး မသန့်ရှင်းတာကိုင်ပြီးတိုင်း၊ အစားအစာကိုင်ခါနီးတိုင်း သေချာဆေးကြောပါ။ အရက်ပြန် ပိုးသတ်ဂျဲလ်တွေဟာ ရာနှုန်းပြည့် မသန့်စင်နိုင်ပါ။

၃။ ပိုးကူးစက်နိုင်ခြေရှိသော အရာဝတ္ထု၊ မျက်နှာပြင်၊ ကြမ်းပြင်များကို အိမ်သုံးပိုးသတ်ဆေးဖြင့် သန့်စင်ပါ။

၄။ မိမိသုံးနေတဲ့ တဘက်၊ အနွေးထည်၊ အသုံးအဆောင်တွေကို သူများနဲ့ မျှဝေမသုံးသင့်ပါ။

၅။ အိမ်သာသန့်ရှင်းရေးကိုလည်း အထူးအလေးထားပါ။

၆။ ရေကို ကျိုချက်သောက်ပါ (သို့) အမှန်တကယ် ပိုးသန့်စင်သော ရေသောက်ပါ။

၇။ အစားအစာများ ယင်မနားအောင် ဖုံးအုပ်ထားပါ။

၉။ ကလေးများ အသက် ၂ - ၃ လမှာ Rotavirus ကာကွယ်ဆေး ထိုးထားပါ။


Credit : ဒေါက်တာ ရှင်းသန့်ဖြူ

 

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18