Print

ခုခံအားကျဆင်းမှု ကူးစက်ရောဂါကု ဆေးဝါးများအကြောင်း သိကောင်းစရာ

  26-Jun-2020
Preview Image

          ခုခံအားကျဆင်းမှု ကူးစက်ရောဂါသည် ကမ္ဘာပေါ်တွင် ၁၉၈၁ ခုနှစ်မှ စတင်၍ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဆေးသိပ္ပံပညာရှင်များ၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကို ထိရောက်စွာနှိမ်နင်းနိုင်သော ဆေးဝါးများ Antrietroviral drug (ARV) ပေါ်ပေါက်ခဲ့ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် သေဆုံးမှုကို ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်လာခဲ့ကြပါသည်။


          ARV ဆေးဝါးများကို စနစ်တကျပုံမှန်မှီဝဲခြင်းဖြင့် မိမိ၏ခုခံအား ပြန်လည်တက်လာပြီး ပုံမှန်အလုပ်များကို သာမန် လူတစ်ယောက်လို ပြန်လည်လုပ်ကိုင်လာနိုင်ပါသည်။ မိမိ၏ စီးပွားရေးကို ပြန်လည်လုပ်ကိုင်လာနိုင်သလို၊ ဝါသနာအရ အားကစားများကိုပင် ပြန်လည်ပြုလုပ်လာနိုင်သည်ကို တွေ့ကြရပါသည်။

 

         သို့သော်လည်း ARV ဆေးဝါးများကို မမှီဝဲမီ ထိုဆေးဝါးများနှင့် ပတ်သက်၍ သိထားသင့်သော အချက်များရှိပါသည်။ ၎င်းအချက်များကို အောက်တွင် ရှင်းလင်းတင်ပြလိုက်ရပါသည်။


၁။ ARV ဆေးဝါးများကို လိုအပ်မှ မှီဝဲရပါမည်

          (က) သွေးထဲတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး ရှိရုံဖြင့် ARV ဆေးဝါးများကို မမှီဝဲသင့်ပါ။ မှီဝဲရန် မလိုပါ။

          (ခ) သွေးထဲတွင် HIV ပိုးရှိရုံဖြင့် မသေနိုင်ပါ။ မိမိ၏ ရောဂါ ခုခံအားစနစ်အားကောင်းနေသမျှ အခြားကူးစက်ရောဂါများကို တွန်းလှန်တိုက်ဖျက်နိုင်ပြီး မသေနိုင်ပါ။ ခန္ဓာကိုယ်၏ ရောဂါခုခံအား ကျဆင်းသူများမှသာ အခြားကူးစက်ရောဂါများ ဝင်ရောက်ပြီး သေဆုံးကြရပါသည်။ HIV ပိုးတစ်ခုတည်းကြောင့် မသေနိုင်ပါ။

          (ဂ) ထို့ကြောင့် သွေးထဲတွင် HIV ပိုးရှိသော်လည်း ရောဂါခုခံအားကောင်းသူများမှာ ARV ဆေးဝါးများကို မှီဝဲရန် မလိုပါ။ ခုခံအားကျဆင်းနေသူများသာ ARV ဆေးဝါးများကို မှီဝဲရန် လိုအပ်ပါသည်။


၂။ ARV ဆေးဝါးများ မှီဝဲရန် လိုမလိုကို လူနာ၏ အခြေအနေနှင့် CD4 count ခေါ် သွေးဖြူဥတစ်မျိုး၏ အရေအတွက်အပေါ်မူတည်၍ ဆေးမှီဝဲရန်သင့်မသင့် ဆုံးဖြတ်ရပါသည်။

          သွေးထဲတွင် HIV ပိုးရှိပြီး ရောဂါလက္ခဏာရှိသူများမှာ ARV ဆေးဝါးများကို မှီဝဲရန် လိုပါသည်။ သွေးထဲတွင် HIV ပိုးရှိသော်လည်း ရောဂါလက္ခဏာ မရှိသောသူများအတွက် CD4 count ခေါ် သွေးဖြူဥတစ်မျိုး၏ အရေအတွက်အပေါ်မူတည်၍ ဆေးမှီဝဲရန် သင့်မသင့် ဆုံးဖြတ်ရပါသည်။

          (က) ARV ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရတတ်ပါသည်။

          (ခ) ARV ဆေးဝါးများကို HIV ပိုးက ယဉ်ပါးသွားတတ်ပါသည်။

          (ဂ) မလိုအပ်ဘဲ ပိုက်ဆံကုန်ကျတတ်ပါသည်။

(ဃ) ဆေးဝါးသုံးစွဲမှု ရှည်ကြာသည်နှင့် အမျှ မေ့လျော့၍ ဆေးမသောက်မိခြင်းများ အဖြစ်များပြီး ဆေးယဉ်ခြင်း၊ ဆေးမတိုးခြင်းများ ဖြစ်တတ်ပါသည်။

ARV ဆေးဝါးများကို နောက်ကျမှ မှီဝဲပါက အောက်ပါဆိုးကျိုးများ ရရှိတတ်ပါသည်။

          (က) ကိုယ်ခံစွမ်းအား ပြန်လည်တက်လာစေရန် ခက်ခဲတတ်ပါသည်။

(ခ) အခြားသော ကူးစက်ရောဂါများပါ တွဲနေတတ်သောကြောင့် ၎င်းရောဂါများကို ဦးစားပေး ကုသနေရသဖြင့် ARV ဆေးဝါးများ သောက်သုံးရန် ပိုမိုနောက်ကျတတ်ပါသည်။

(ဂ) ဆေးဝါးများ၏ ဆိုးကျိုးများကို ပိုမိုခံစားရလေ့ ရှိပါသည်။

(ဃ) သက်တမ်းကို နှစ်ပေါင်းများစွာ ဆန့်ရန် ခက်ခဲတတ်ပါသည်။


ARV ဆေးဝါးများကို မိမိသဘောဖြင့် ဝယ်ယူ မသုံးစွဲသင့်ပါ

          ARV ဆေးဝါးများသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သောကြောင့် တတ်ကျွမ်းနားလည်သော ဆရာဝန်များ၏ ညွှန်ကြားချက်အရသာ မှီဝဲသင့်ပါသည်။ ဆေးမှီဝဲနေစဉ်တွင်လည်း ဆရာဝန်ကြီး၏ ကြီးကြပ်မှုအောက်တွင် ပုံမှန် ကုသမှု ခံယူရပါမည်။

ARV ဆေးဝါးများကို မပျက်မကွက် နေ့စဉ်ပုံမှန် သောက်သုံးသွားရန် လိုပါသည်။


ARV ဆေးဝါးများကို သတ်မှတ်ထားသည့် အကြိမ်အရေအတွက်အတိုင်း သောက်သုံးရပါမည်။ လျော့၍ မရပါ။

          တစ်နေ့နှစ်ကြိမ် သောက်ရမည့်ဆေးကို နှစ်ကြိမ်သာသောက်သုံးရပါမည်။ သုံးကြိမ်သောက်သုံးရမည့် ဆေးကိုလည်း သုံးကြိမ်အပြည့် သောက်ရပါမည်။ လျော့သောက်၍ မရပါ။ လျော့သောက်ခြင်းဖြင့် ဆေးယဉ်ခြင်း၊ ဆေးမတိုးခြင်းများ ဖြစ်သွားတတ်၍ သတိထားရပါမည်။


ARV ဆေးဝါးများကို ဆေးဖက်ဝင်အပင်များ HERB နှင့် တွဲဖက် မစားသုံးသင့်။

          အချို့သော ဆေးဖက်ဝင်အပင်များသည် ကိုယ်ခံအားကို တိုးတက်စေသည်။ HIV ပိုးကို သတ်နိုင်သည်။ အစရှိသဖြင့် ပြောဆိုသူများ ရှိပါသည်။ သို့သော် ထိုပြောဆိုချက်များကို ထောက်ခံသည့်သိပ္ပံနည်းကျ သက်သေအထောက်အထားများ လုံလောက်စွာ မရှိပါ။ ထို့ကြောင့် တစ်ကမ္ဘာလုံးရှိ တတ်ကျွမ်းနားလည်သည့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အထူးကုဆရာဝန်များသည် ဆေးဖက်ဝင်အပင်များကို မသုံးပါ။

Credit : ဒေါက်တာ အောင်စန်း

 

         

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18