Print

အိမ်ထောင်ဖက်မှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိနေလား ?

  03-May-2020
Preview Image

ချစ်သူရည်းစားတွေ အိမ်ထောင်မပြုခင်မှာ အသည်းရောင်အသားဝါဘီပိုး၊ စီပိုးတွေ ရှိ၊ မရှိစစ်ဆေးထားသင့်ပါတယ်။ နှစ်ယောက်စလုံးမှာ အသည်းရောင်အသားဝါဘီပိုး မရှိဘူး၊ ဘီပိုးကာကွယ်ဆေးလည်း မထိုးရသေးဘူးဆိုရင် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးကို နှစ်ယောက်စလုံးမှာ ထိုးနှံသင့်ပါတယ်။ အသည်းရောင်အသားဝါစီပိုးကတော့ ကာကွယ်ဆေးမရှိသေးတာကြောင့် မကူးစက်နိုင်အောင် ကာကွယ်တဲ့နည်းလမ်းတွေပဲ လိုက်နာနိုင်ပါတယ်။ 


တကယ်လို့ ကိုယ်လက်ထပ်တော့မယ့်သူမှာ အသည်းရောင်အသားဝါဘီပိုး ကူးစက်နေတယ်၊ ကိုယ့်မှာတော့မရှိဘူးဆိုရင် မရှိတဲ့သူအနေနဲ့ အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးကို ဝ-၁-၆( ပထမဆေးထိုးပြီး တစ်လအကြာ တစ်ကြိမ်၊ ခြောက်လအကြာ တစ်ကြိမ်) ဒါမှမဟုတ် ဝ-၁-၂(ဆေးထိုးပြီး တစ်လအကြာ တစ်ကြိမ်၊ နောက်ထပ် တစ်လအကြာ တစ်ကြိမ်) စုစုပေါင်းသုံးကြိမ် ထိုးရပါမယ်။ ကာကွယ်ဆေးထိုးလိုက်ရင် Antibody ပေါ်လာမယ်။ ခန္ဓာကိုယ်မှာ Antibody ပေါ်လာရင် အသည်းရောင်အသားဝါဘီပိုး မကူးစက်နိုင်တော့ပါဘူး။


တကယ်လို့ လက်ထပ်ဖို့ရက်ပိုင်းအလိုလောက်ရောက်မှ အိမ်ထောင်ဖက်မှာအသည်းရောင်အသားဝါဘီပိုးရှိနေတာကို သိမယ်ဆိုရင် ကိုယ့်ဆီကို ပိုးကူးစက်နိုင်ခြေများပါတယ်။ လက်ထပ်ဖို့ရက်လည်း ကပ်နေတာကြောင့် ဒီလိုအခြေအနေမှာ ဘီပိုးမကူးစက်အောင် ကာကွယ်ဖို့ဆိုရင် အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးပေးပြီး ၂၄နာရီအတွင်း Antibody ပေါ်အောင်လည်း ဆေးထိုးပေးပါတယ်။ အသည်းဆရာဝန်တွေက လူနာတစ်ယောက်နဲ့တစ်ယောက် အပေါ်မူတည်ပြီး စီစဉ်ထိုးပေးရပါတယ်။

တကယ်လို့ ကိုယ့်အိမ်ထောင်ဖက်မှာ အသည်းရောင်အသားဝါဘီပိုးရှိတယ်၊ ကိုယ့်မှာဘီပိုးမရှိဘူး၊ ဘီပိုးကာကွယ်ဆေးလည်းထိုးထားဖူးတယ်ဆိုရင် အဲဒီလိုလူတွေမှာ Antibody ပြန်စစ်ပါတယ်။ အဖြေမှာ Antibody က ၁၀၀၀ ကျော်နေတယ်ဆိုရင် ဘီပိုးမကူးစက်နိုင်ပါဘူး


အများအားဖြင့် Antibody 1000 ကျော်ရင် ငါးနှစ်လောက်တော့ ဘီပိုးမကူးစက်နိုင်ပါဘူး။ ငါးနှစ်နီးပါးလောက်ရောက်လာရင်တော့ Antibody ပြန်စစ်ပေးဖို့လိုပါတယ်။ ကြားထဲမှာလည်း သွေးဖောက်စစ်ရင်း Antibody ပမာဏကျနေတယ်ဆိုရင် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးကို Booster Dose ထပ်ထိုးပေးပါတယ်။ ဒါဆိုဘီပိုး မကူးစက်နိုင်တော့ပါဘူး။


အမျိုးသမီးမှာ အသည်းရောင်အသားဝါဘီပိုးရှိမယ်ဆိုရင်တော့ မွေးလာမယ့်ကလေးငယ်မှာ အသည်းရောင် အသားဝါဘီပိုး ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်စအပ်တဲ့အချိန်ကစပြီးတော့ အသည်းဆရာဝန်နဲ့ပြသပြီး လိုအပ်လို့ဆရာဝန်ညွန်ကြားတာတွေကို လိုက်နာလုပ်ဆောင်ဖို့လိုပါတယ်။ ဆရာဝန်က စစ်ဆေးဖို့လိုတာတွေ စစ်ဆေးခိုင်းပါလိမ့်မယ်။ အသည်းရောင်အသားဝါဘီပိုး ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးမရှိသေးဘူး။ ပိုးမပွားအောင် ကုသနိုင်တဲ့ဆေးတွေပဲ ရှိပါသေးတယ်။ အသည်းရောင်အသားဝါဘီပိုးမပွားတဲ့ဆေးတွေတိုက်ဖို့ လိုအပ်ရင် တိုက်ပါမယ်။ လိုအပ်ရင် မွေးဖွားခါနီးမှာ မိခင်ကို  ဘီပိုးမပွားတဲ့ဆေးတိုက်ပါတယ်။ မွေးကင်းစကလေးငယ်ကို အသည်းရောင်အသားဝါဘီပိုးမကူးစက်အောင် Hepatitis Immunoglobulin ဆိုတဲ့သွေးရည်ကြည်ထိုးပေးပါတယ်၊ ပြီးတော့ဘီပိုးကာကွယ်ဆေးလည်း ထိုးပေးပါတယ်။ မွေးကင်းစကလေးကို သွေးရည်ကြည် ထိုးပေးလိုက်တဲ့အတွက် ၂၄နာရီအတွင်း Antibody ပေါ်လာတာကြောင့် အမေကနေကလေးဆီကို ဘီပိုးမကူးစက်နိုင်တော့ပါဘူး။


စီပိုးက သွေးကတစ်ဆင့်ကူးစက်တာဖြစ်တာကြောင့် အိမ်ထောင်ဖက်မှာ စီပိုးရှိပေမယ့် သာမန်လိင်ဆက်ဆံမှုကနေ မကူးစက်နိုင်ပါဘူး။ ဆန်းပြားတဲ့လိင်ဆက်ဆံမှုကြောင့် သွေးထွက်သံယိုဖြစ်ရင်တော့ စီပိုးကူးစက်နိုင်ခြေများပါတယ်။ စီပိုးက တစ်ကမ္ဘာလုံး ကာကွယ်ဆေးမရှိသေးပါဘူး။ ဖြစ်လာရင်တော့ ပျောက်ကင်းအောင် ကုသတဲ့ဆေးနည်းတွေ ရှိနေပါပြီ။


အသည်းရောင်အသားဝါစီပိုးရှိတဲ့မိခင်ကနေ ကလေးကို စီပိုးကူးစက်နိုင်ခြေများပါတယ်။ ဒါကြောင့် ကလေးမွေးပြီးတဲ့အခါ ကလေးမှာစီပိုးကူး၊ မကူးဆိုတာမွေးပြီးပြီးချင်း ကလေးငယ်ကိုစစ်ဆေးကြည့်ရပါတယ်။ ဒီလိုမွေးမွေးချင်း စစ်ဆေးလိုက်လို့ မိခင်မှာရှိတဲ့ Antibody ကလေးမှာရှိတယ်ဆိုတိုင်း ကလေးမှာစီပိုးကူးစက်တယ်လို့ ပြောလို့မရပါဘူး။ ကလေးသုံးနှစ်အရွယ် ရောက်လာရင် စိုးရိမ်တတ်တဲ့မိဘတွေအနေနဲ့ ကလေးကိုစီပိုးရှိ၊ မရှိ ပြန်စစ်ဆေးသင့်ပါတယ်။ ကလေးတိုင်းကိုတော့ ကူးစက်နိုင်တာတော့မဟုတ်ပါဘူး။ မိခင်သွေးနဲ့ကလေးငယ်မှာ ပွန်းပဲ့ဒဏ်ရာတွေရှိမယ်ဆိုရင်တော့ ကူးစက်နိုင်ပါတယ်။


အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးတွေက တစ်ယောက်ကနေနောက်တစ်ယောက်ဆီကို ကူးစက်မှုတွေအရမ်းများပါတယ်။ ကိုယ့်မှာ ဘီပိုး၊ စီပိုးရှိနေတာကို မသိတာကြောင့်လည်း မဆင်ခြင်မိတဲ့အတွက် တခြားတစ်ယောက်ကို ကူးစက်သွားတာလည်း ဖြစ်ပါတယ်။ တချို့ဆိုရင် ကိုယ့်မှာဘီပိုး၊ စီပိုးရှိနေတာတွေကို မသိဘူး။ အသည်းခြောက်၊ အသည်းကင်ဆာတွေဖြစ်တော့မှ စစ်ဆေးလိုက်တော့ဘီပိုး၊ စီပိုးရှိနေတယ်ဆိုတာ သိရတယ်။ အဲဒီအချိန်မှ သိရတော့နောက်ကျသွားပါပြီး။ ဒါကြောင့်ကြိုတင်ကာကွယ်မှုကအရေးကြီးတာကြောင့် လူတိုင်းကဘီပိုး၊ စီပိုးရှိ၊ မရှိကိုစစ်ဆေးကြပါ။ ဘီပိုးမရှိရင်တိကျတဲ့ ဆေးကုသမှုကို ခံယူမယ်ဆိုရင်နောက်ဖြစ်လာမယ့် အသည်းခြောက်၊ အသည်းကင်ဆာရောဂါတွေ မဖြစ်ဘဲ လူ့သက်တမ်းစေ့ နေနိုင်သွားမှာဖြစ်ပါတယ်။


Credit-ပါမောက္ခဒေါ်ဝင်းဝင်းဆွေ(အသည်းရောဂါကုအထူးကု သမားတော်ကြီး)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18