Print

အိဒ်စ်နှင့် ကျန်းမာရေးပညာပေးခြင်း

  12-Apr-2020
Preview Image

          အိဒ်စ်ဆိုတဲ့ ရောဂါဟာ ယနေ့ကမ္ဘာကြီးကို ဘယ်လိုခြိမ်းခြောက်နေတယ်၊ ဘာကြောင့်ဖြစ်တယ်၊ ဖြစ်ပွားခံ ထိတဲ့လူနာကို ဘယ်လိုကျန်းမာရေးထိခိုက်စေတယ်၊ အသက်တိုစေတယ်ဆိုတာ အထူးပြောပြမနေတော့ပါဘူး။


          အနာသိရင် ဆေးရှိတယ်ဆိုတဲ့ စကားရှိပေမယ့် အနာသိလျက်သားနဲ့ ဘာကြောင့်ဖြစ်မှန်း သိလျက်သားနဲ့ အနာနဲ့ဆေးတည့်အောင် မပေးနိုင်သေးတဲ့ ရောဂါလို့ဆိုရင် မှားနိုင်မယ်မထင်ပါဘူး။ HIV လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရသော အိဒ်စ်ရောဂါဟာ အခြားသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရတဲ့၊ ရောဂါများဖြစ်တဲ့ အသည်းရောင် အသားဝါ “ဘီ” ၊ အသည်းရောင်အသား ဝါ “ စီ” စတဲ့ ရောဂါများလိုပဲ လုံးဝပျောက်ကင်းအောင် ကုသဖို့ အရေးမှာ အခက်အခဲများနဲ့ တွေ့ကြုံနေရဆဲ ဖြစ်ပါတယ်။


          ပဋိဇီဝဆေး (ANTIBIOTICS) များဟာ ဗက်တီးရီးယားများကိုသာ သုတ်သင်ဖယ်ရှားနိုင်ပါတယ်။ ဗိုင်းရပ်စ်မျိုးနွယ်ဝင်များကို သတ်ပစ်နိုင်စွမ်းရှိတဲ့ ဆေးများကတော့ ယခုအထိ ကောင်းကောင်းအောင်မြင်ခြင်း မရှိသေးပါဘူး။


          HIV ပိုးကူးစက်နိုင်တဲ့ နည်းလမ်းတွေများစွာ ရှိတဲ့ အနက်က လိင်ဆက်ဆံခြင်းမှ ကူးစက်မှုဟာ အများဆုံးဖြစ်ကြောင်း ဆေးသိပ္ပံပညာရှင်များက တညီတညွတ်တည်း ပြောဆိုထားကြတာရှိပါတယ်။ အလှအပကို မက်မောရာမှ အလှအပကို ယစ်မူးနှစ်ခြိုက်သာယာမိရာမှ ကူးစက်ခံရတဲ့ရောဂါတစ်ခုလို့ ဆိုနိုင်ပါသေးတယ်။


          စောစောပိုင်းက ဖော်ပြပြီးခဲ့သည့်အတိုင်း HIV ပိုးကို သတ်နိုင်တဲ့ဆေးမှာ (တကယ်တော့ HIV ပိုးမွှားများကို ဟန့်တားနိုင်သည့်ဆေးဟု သုံးနှုန်းသည်။) အောင်မြင်မှုရာခိုင်နှုန်း အနည်းငယ်မျှသာ ရှိတဲ့အတွက်က တစ်ကြောင်း၊  နောက်လာမည့် ဆယ်နှစ်အတွင်း HIV ပိုးကို လုံးဝဥဿုံ သုတ်သင်နှိမ်နင်းနိုင်တဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေး ပေါ်ထွက်လာရာ လမ်းမမြင်သေးသည်တို့ကြောင့် တစ်ကြောင်း HIV ပိုးကို ကုရာနတ္ထိဆေးမရှိလို့ အလွန်အကျူးပြောမိခဲ့ကြပါတယ်။ ကုရာနတ္ထိဆေးမရှိလို့ပြောဆိုခြင်းဟာ မှန်သင့်သလောက် မှန်ပါတယ်။ ကံဆိုးတာကတော့ ရောဂါတစ်ခုဟာ ကုသလို့မရဘူးဆိုရင် ထိုရောဂါဖြစ်ပွားခံထိအောင်မနေဘဲ ကာကွယ်တားဆီးဖို့ ဖြစ်ပါတယ်။


          အကာအကွယ်မဲ့ ယောကျ်ားအချင်းချင်း၊ သို့မဟုတ် မိန်းအဖော်များစွာနဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို အခြားသူများရဲ့ မျှဝေသုံးစွဲပြီး မူးယစ်ဆေးအကြောထဲ ထိုးသွင်းခြင်း၊ ရောဂါပိုး ရှိမရှိ စနစ်တကျ စစ်ဆေးခြင်းမရှိဘဲ သွေးသွင်းခြင်း စသည်တို့ကို မပြုလုပ်မိအောင်ဆင်ခြင်ရပါမယ်။ လိင်ဆက်ဆံမှုဟာ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်သစ္စာရှိပြီး ချမ်းမြေ့ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ရန်၊ လိင်ဆက်ဆံဘက်များလေ HIV ပိုး ကူးစက်ခံရဖို့ အန္တရာယ်များလေဖြစ်တဲ့အတွက် လိင်အပျောအပါး ရှောင်ကြဉ်ရန်၊ လိင်ဆက်ဆံဖော်မှာ HIV ပိုး ရှိမရှိ သံသယဖြစ်ရင် ထိုသူနဲ့ လိင်ဆက်ဆံတိုင်း အကာအကွယ်ပစ္စည်း ကွန်ဒုံးသုံးရန်ဖြစ်ပါတယ်။ ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို တစ်ဦးချင်းအတွက် ပိုးသန့်စင်အောင် ရေနွေးပွက်ပွက်ဆူမှာ မိနစ် ၂၀ ကြာပြုတ်ခြင်း၊ ရေ (Blee Ching Powder) တို့နဲ့ ဆေးကြောသန့်စင်ခြင်း၊ ဖြစ်နိုင်ရင် တစ်ခါသုံးအပ်နဲ့ ဆေးထိုးပြွန်သုံးခြင်း၊ HIV ပိုး ကူးစက်ခံရသူကို ဝိုင်းပယ်နှိမ်ချ ပြစ်တင်ခြင်း မပြုဘဲ ရဲဝံ့ကြင်နာစွာ စောင့်ရှောက်ရမှာဖြစ်ခြင်းစတဲ့ ကျန်းမာရေးအသိပညာများကို အများပြည်သူ သိရှိအောင် ဖြန့်ဝေပေးရမှာ ဖြစ်ပါတယ်။


          ကျန်းမာရေး ပညာပေးတယ်ဆိုရာမှာ လူထုဆက်သွယ်ရေးလမ်းကြောင်းမီဒီယာများဖြစ်တဲ့ စာနယ်ဇင်းများ၊ ရေဒီယိုရုပ်မြင်သံကြားများ၊ ပညာပေးစာစောင် ပိုစတာများ၊ ဟောပြောပွဲများ၊ ရုပ်ရှင်ဂီတသဘင် အစရှိတဲ့ ဖျော်ဖြေရေးကဏ္ဍများ အသီးသီးက HIV / AIDS ပညာပေးရေးတာဝန်ကို တတ်နိုင်တဲ့ဘက်က မမောတမ်း၊ မနားတမ်းအပ်ကြောင်းထပ်နေစေကာမူ ပြောရရေးရ၊ တင်ဆက်ပြသ ဖျော်ဖြေနေရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

Credit : ဒေါက်ထွေး (ဆေး/မန်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18