Print

အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစုများ

  09-Feb-2020
Preview Image

          ၂၀၁၅ ခုနှစ် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ မားစ်ရောဂါကို ပထမဆုံးအကြိမ် ဓာတ်ခွဲစမ်းသပ်မှုအရ တွေ့ရှိခဲ့ပါတယ်။ ဇွန်လ ၁၆ ရက်နေ့တွင် ကမ္ဘာ့ဖြစ်ပွားသူ ၁၅၃ ဦးရှိကြောင်း မှတ်တမ်းတင်ထားပါသည်။ ရောဂါဖြစ်ပွားနေသူများကို ထိရောက်စွာ အနီးကြပ်မတ်ကုသပြီး၊ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ဆောင်ရွက်လျက် ရှိကြပါသည်။ ဇွန်လ ၁၉ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါအသွင်ဖြစ်ပွားပြီး ရောဂါဖြစ်သူ ၁၆၆ ဦး ရှိပြီး ၂၄ ဦး သေဆုံးခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ၇၅ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဘန်ကောက်ဆေးရုံ၌ နှလုံးကျန်းမာရေးစစ်ဆေးရာတွင် မားစ်ရောဂါပိုး တွေ့ရှိခဲ့၍ လေဆိပ်များတွင် စစ်ဆေးလျက်ရှိပါသည်။ မားစ်ရောဂါသည် ဖြစ်ပွားမှုနည်းသော်လည်း အသက်အန္တရာယ်ထိခိုက်နိုင်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။


မားစ်ရောဂါဆိုသည်မှာ

          အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစု (မားစ်) သည် ဗိုင်းရပ်စ် (အထူးသဖြင့် ကိုရို Corona) ကြောင့်ဖြစ်သော နေထိုင်မကောင်းမှုပင် ဖြစ်ပါသည်။ မားစ်ရောဂါစုသည် အသက်ရှူလမ်းကြောင်းစနစ် ပြောင်းလဲပြီး အသက်ရှူခြင်းကို ဒုက္ခပေးနိုင်ပါသည်။ မားစ်ရောဂါဝေဒနာ ခံစားနေရသော လူနာသည် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းများ ခံစားရနိုင်ပါသည်။


ကူးစက်နိုင်သောအရွယ်

          မားစ်ရောဂါသည် မည်သူမဆို ဖြစ်နိုင်ပါသည်။ အသက် ၁ နှစ်မှ ၉၉ နှစ်အရွယ်အထိ ကူးစက်နိုင်ပါသည်။ မားစ်ရောဂါကူးစက်မှုသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့နိုင်ပါသည်။ မားစ်ရောဂါဖြစ်စေသော အကြောင်းအရင်း၊ ရောဂါပြန့်ပွားမှု၊ ရောဂါကာကွယ်မှုပေါ်တွင် မူတည်၍ ဗိုင်းရပ်စ်ဆိုးကျိုးဒုက္ခကို နားလည်ထားမှုမရှိဘဲ အတူတကွ အလုပ်လုပ်ကိုင်ပါက ရောဂါကူးစက်နိုင်ပါသည်။


ရောဂါကူးစက်မှုအချိန်

          ရောဂါပျိုးရက် (လူတစ်ဦးရောဂါစတင်ထိတွေ့ပြီး လက္ခဏာပေါ်ချိန်) သည် များသောအားဖြင့် ၅ ရက်မှ ၆ ရက် ဖြစ်ပါသည်။ ရောဂါသည် ၂ ရက်မှ ၁၄ ရက်အတွင်း ဖြစ်နိုင်ပါသည်။


ရောဂါကူးစက်နည်း

          မားစ်ရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်သည် ရောဂါကူးစက်ခံရသော လူတစ်ဦးမှ ချောင်းဆိုးခြင်းကဲ့သို့သော အသက်ရှူလမ်းကြောင်း အရည်များဖြင့် ကူးစက်စေပါသည်။ ရောဂါကူးစက်၍ နေမကောင်းသော လူနာများကို နီးကပ်စွာ ပြုစုခြင်း (သို့မဟုတ်) အတူတကွ နေထိုင်ခြင်းဖြင့် အခြားသူများကို ကူးစက်နိုင်ပါသည်။ ဆေးရုံကဲ့သို့သော ကျန်းမာရေး စောင့်ရှောက်သောသူများတွင် ရောဂါကူးစက်ခံထားရသူမှလည်း ကူးနိုင်ပါသည်။


ရောဂါလက္ခဏာများ

          မားစ်ရောဂါကူးစက်ခံရခြင်းကြောင့် ပြင်းထန်သော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ အချို့သော လူနာများတွင် ဝမ်းလျှောခြင်း၊ ပျို့ခြင်း၊ အန်ခြင်း ကဲ့သို့သော အစာအိမ်အူလမ်းကြောင်းရောဂါများ ဖြစ်ပေါ်တတ်ပါသည်။


ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

          မားစ်ရောဂါ ပြင်းထန်လာပါက နမိုးရီးယား အဆုတ်ရောင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ မားစ်ရောဂါကြောင့် လူ ၁၀ ဦးတွင် ၃ ဦးမှ ၄ ဦးထိ သေဆုံးကြပါသည်။ ချောင်းဆိုးခြင်းနှင့် ဆေးဘက်ဆိုင်ရာ အခြေအနေများကြောင့် သေဆုံးကြပါသည်။ အချို့သော ကူးစက်ခံလူနာများတွင် အအေးပတ်ရုံသာ ပျော့ပျောင်းသော လက္ခဏာများ ဖြစ်ပေါ်ပြီး အချို့မှာ မည်သည့်လက္ခဏာမျှမပြဘဲ ပြန်ကောင်းသွားတတ်ပါသည်။ မူလကိုယ်ခံစွမ်းအား လျော့နည်းသူများတွင် မားစ်ရောဂါ ကူးစက်မှု ပိုမို၍ ခံစားရနိုင်ပါသည်။


ရောဂါကာကွယ်ခြင်း

          လက်ကို ဆပ်ပြာနှင့် ရေဖြင့် ၂၀ စက္ကန့်ခန့် ဆေးကြောခြင်း ဆပ်ပြာနှင့် ရေမရှိပါက အရက်ပြန်ပါသော သန့်စင်ရည်ကို အသုံးပြုခြင်း ပြုလုပ်ရပါမည်။

          ချောင်းဆိုးခြင်း (သို့မဟုတ်) နှာချေရာတွင် နှာခေါင်းနှင့် ပါးစပ်ကို တစ်သျှူးဖြင့်အုပ်၍ ထားရပါမည်။ အသုံးပြုပြီးသော တစ်သျှူးကို ဖျက်ဆီးပြီး အဝေးသို့ လွှင့်ပစ်ရပါမည်။

          မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို သန့်စင်ဆေးကြောခြင်းမရှိသော လက်များနှင့် ထိတွေ့ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ရပါမည်။

          လူမမာများနှင့် နမ်းရှူပ်ခြင်း (သို့မဟုတ်) ခွက်များကို မျှဝေသုံးခြင်း (သို့မဟုတ်) အသုံးအဆောင်ပစ္စည်းများ သုံးစွဲခြင်း စသည့်ထိတွေ့မှုများကို ရှောင်ကြဉ်ရပါမည်။

          တံခါးလက်ကိုင်ဘုကဲ့သို့ ပစ္စည်းများနှင့် မကြာခဏ ထိတွေ့နိုင်သော မျက်နှာပြင်များအား သန့်ရှင်းပြီး ဆေးဖျန်းထားရပါမည်။ ရောဂါကူးစက်နေသော လူနာများကို ထိတွေ့ခြင်း (သို့မဟုတ်) အတူတကွ နေထိုင်ပါက မားစ်ရောဂါပိုး ကူးစက်မှုရှိ မရှိ စစ်ဆေးပြီး အထက်ပါအတိုင်း အပြည့်အဝ လိုက်နာရပါမည်။


ရောဂါကုသခြင်း

          မားစ်ဗိုင်းရပ်စ်ရောဂါ ဝင်ရောက်ခြင်းအတွက် တိကျသောကုသမှုမရှိပါ။ ရောဂါလက္ခဏာ သက်သာစေရန် ကျန်းမာရေးစောင့်ရှောက်မှုကိုသာ ပေးနိုင်ပါသည်။ ရောဂါပြင်းထန်ပါက အရေးပေါ် အင်္ဂါများ လုပ်ဆောင်ချက်များလို ထောက်ပံ့မှုပေးသော ကုသမှုကို လျင်မြန်စွာ ဆောင်ရွက်ရပါမည်။ ဆီးချို၊ သွေးချို၊ ရောဂါရှင်များ၊ ကျောက်ကပ်ပျက်ဆီးသူများ (သို့မဟုတ်) နာတာရှည် အဆုတ်ဝေဒနာရှင်များနှင့် ကိုယ်ခံအားကျသူများတွင် မားစ်ရောဂါဖြစ်တတ်၍ ထိရောက်စွာ ကုသထားရပါမည်။

Credit : ဒေါက်တာ မြင့်သန်းထွန်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18