Print

ခုခံအားကျဆင်းမှု ကူးစက်ရောဂါဝေဒနာရှင်များ သတိထားစရာ

  12-Jan-2020
Preview Image

          အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သည်ဟုဆိုကြသော ပျောက်စေ လူလိမ်ဆရာများ၊ ဆေးဝါးများ တိုးပွားလျက်ရှိသည်ကို တွေ့နေရပါသည်။ သို့ဖြစ်၍ ဝေဒနာရှင်များ လိမ်လည်မှု မခံရစေရန် ကျွန်တော်ကြုံတွေ့ခဲ့ရသည့် လိမ်ညာနည်းတချို့ကို ဖော်ထုတ်တင်ပြအပ်ပါသည်။


၁။ HIV (+) ကို HIV (-) ဖြစ်အောင် ကုသနိုင်သည်ဟု ပြောဆိုလိမ်ညာခြင်း

          ယနေ့အထိ ကမ္ဘာပေါ်တွင် HIV (+) ကို HIV (-) ဖြစ်အောင် လုပ်ပေးနိုင်သည့် ဆေးဝါးများ မပေါ်ပေါက်သေးပါ။ လူလိမ်ဆရာများသည် ဓာတ်ခွဲခန်းများနှင့်ပေါင်းပြီး ဝေဒနာရှင်များကို HIV (-) ဖြစ်သည့်အဖြေများကို ထုတ်ပေးပြီး လိမ်ညာကုသလျက် ရှိပါသည်။ ယင်းသို့ HIV (-) ဖြစ်အောင် ကုသပေးနိုင်သည်ဟု ဆိုလာသူသည် လူလိမ်သာဖြစ်၍ ဝေးဝေးရှောင်သင့်ပါသည်။


၂။ ခုခံအားကျရောဂါကို အမြစ်ပြတ်အောင် သို့မဟုတ် ထိန်းထားနိုင်အောင် ဆေးထိုးကုသပေးမည်ဟု လိမ်ညာခြင်း

          အချို့လူလိမ်များက ရောဂါတစ်ခုတည်းပျောက်အောင် ဆေးတစ်လုံးထိုးပေးမည်။ ငွေဘယ်နှစ်သိန်းပေးရမည်ဟူ၍ လည်းကောင်း၊ HIV ရောဂါထိန်းဆေးကို သောက်စရာမလို၊ တစ်လတစ်ခါသာ ဆေးလာထိုးရမည်။ တစ်ခါထိုး ဘယ်နှစ်သောင်းဟူ၍လည်းကောင်း လိမ်လည်လျက်ရှိပါသည်။

          HIV ရောဂါကို ထိန်းချုပ်နိုင်သော ဆေးဝါးများတွင် သောက်ဆေးများသာ မြန်မာနိုင်ငံတွင် လောလောဆယ် ရရှိနိုင်ပါသည်။ ထိုးဆေးများ မြန်မာပြည်သို့ မရောက်ရှိသေးပါ။


၃။ ဆေးစသောက်စဉ် နေထိုင်ကောင်းသလို ရှိသော်လည်း တာရှည်သုံးစွဲလျှင် အန္တရာယ်ရှိသော ဆေးဝါးများကို သုံးစွဲခြင်း

          ခုခံအားကျ ကူးစက်ရောဂါဝေဒနာရှင်များသည် မစားချင်၊ မသောက်ချင်ဖြစ်၍ ပိန်ချုံးလာတတ်ပါသည်။ လတ်တလော စားချင်သောက်ချင်စိတ်ရှိ၍ ဝဖြိုးလာစေရန် စတီးရွိုက်ဟော်မုန်းပါသော ဆေးများကို ရမ်းကုဆရာဝန်များ ပေးလေ့ရှိပါသည်။ သောက်စတွင် ဆေးအာနိသင်ကြောင့် စားဝင်ဝဖြိုးလာသော်လည်း ရေရှည်၌ ဆေးက ကိုယ်ခံအားကို ပိုမိုကျဆင်းစေသောကြောင့် CD4 သွေးဖြူဥများ ကျဆင်းပြီး ဒုက္ခရောက်သူများသည် ရှိပါသည်။


၄။ HIV ပိုးကို မနှိမ်နင်းနိုင်သည့်၊ လုံလောက်သော သက်သေမရှိသည့် ဆေးဝါးများကို သုံးစွဲလိမ်လည်ခြင်း

          HIV ပိုးကို ထိရောက်စွာ နှိမ်နင်းနိုင်သော ဆေးဝါးများမှာ Antiretroviral Drug (ARV) များသာဖြစ်ပါသည်။ သို့သော် အသိဉာဏ်နည်းပါး၍ ဗဟုသုတချို့တဲ့သော ဝေဒနာရှင်များအား လူလိမ်များက သူတို့ထုတ်လုပ်သော ဆေးဝါးများ၊ ဆေးပင်များကသာ AIDS ရောဂါကို ပျောက်ကင်းနိုင်သလို၊ ပြောဆိုလိမ်လည်လျက် ရှိကြပါသည်။ အမှန်တကယ်တွင် ၎င်းတို့၏ ဆေးဝါးများမှာ သိပ္ပံနည်းကျ စမ်းသပ်သုတေသန ပြုလုပ်ထားခြင်းမျိုးမရှိဘဲ ဆေး၏ အာနိသင်မှာလည်း ယုံကြည်စိတ်ချရခြင်း မရှိပါ။

ဆက်သွယ်မေးမြန်းနိုင်ပါသည်။

          အနောက်နိုင်ငံများတွင် HIV/ AIDS ဝေဒနာရှင်များကို ကုသမည့် ဆရာဝန်များအား ARV ဆေးဝါးများကို စနစ်တကျမည်သို့ သုံးစွဲရမည်ကို သင်တန်းများပေးခြင်း၊ Diploma Cource များပေးခြင်းဖြင့် လေ့ကျင့်သင်ကြားပေးနေပါသည်။

          မြန်မာနိုင်ငံတွင်လည်း HIV / AIDS လူနာများကို စနစ်တကျ ကုသနိုင်ရန် အနောက်နိုင်ငံများတွင် သွားရောက်၍ လေ့ကျင့်ထားပြီး ARV ဆေးဝါးများကို ကျွမ်းကျင်စွာ သုံးစွဲနိုင်သည့် သမားတော်များလည်းရှိပြီး ဖြစ်ပါသည်။

          သို့ဖြစ်၍ မသမာသူများ၏ လိမ်ညာမှု မခံရစေရန် သေချာစွာစုံစမ်းပြီးမှ ကုသမှု ခံယူကြပါရန် တိုက်တွန်းအပ်ပါသည်။


Credit : ဒေါက်တာ အောင်စန်း




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18