Print

အသည်းရောင် အသားဝါ “စီ” ရောဂါပိုးနှင့် ပတ်သက်၍ မကြာခဏ ရှင်းလင်းဖြေကြားခ...

  28-Nov-2019
Preview Image

          ကျွန်တော်၏ အမျိုးသမီးမှာ အသည်းရောင်အသားဝါစီရောဂါပိုး ကူးစက်ခံရပြီးနောက် ဗိုင်းရပ်စ်ပိုးသေဆေး Interferon ထိုးဆေးနှင့် Ribavarin သောက်ဆေးကို ပူးတွဲအသုံးပြုကာ ကုသမှုခံယူခဲ့ပါသည်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း တစ်သွေမတိမ်း လိုက်နာကုသမှုခံယူခဲ့ရာ တစ်နှစ်ခန့်အကြာတွင် သွေးအတွင်း ဗိုင်းရပ်စ်ပိုးများ လုံးဝကင်းစင်သွားပြီဟု ဆိုပါသည်။ ဗိုင်းရပ်စ်ပိုးသေဆေးများကို ရပ်တန့်ပြီး ခြောက်လခန့် အကြာ ပြန်လည်စစ်ဆေးရာတွင် ပိုးကောင်ရေ (15 IU/ml) ဟု အဖြေထွက်ပါသည်။ ကျွန်တော်ဇနီးသည်မှာစီရောဂါတကယ်ပျောက်သွားပြီဆိုတာ မှန်ပါသလား . . .

 

         ဗိုင်းရပ်စ်ပိုးသေဆေးများကို အသုံးပြုပြီးစီရောဂါပိုးကို တစ်နှစ်ခန့် စနစ်တကျ ကုသခဲ့မည်ဆိုလျှင် ဗိုင်းရပ်စ်ပိုး တကယ်ပျောက်သွားပြီဆိုတာ မှန်နိုင်ပါသည်။စီရောဂါပိုးသည် တဖြည်းဖြည်း ပွားများလာသည့် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ပွားနှုန်းနှေးသည်ဟု ဆိုနိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးများသည် အသည်းဆဲလ်များအတွင်း ဝင်ရောက်ပြီး နှစ်ပေါင်းများစွာကြာအောင် ရှိနေနိုင်သော်လည်း ယနေ့ခေတ်ပေါ် ဗိုင်းရပ်စ်ပိုးသေဆေးများက အလွန်အစွမ်းထက်သဖြင့် အသည်းဆဲလ်အတွင်း ခိုအောင်းနေသော ဗိုင်းရပ်စ်ပိုးများကိုပါ လိုက်လံသတ်ဖြတ်ပေးနိုင်ပါသည်။


          ထို့အတွက်ကြောင့် ဆေးကုသချိန်ကာလ တစ်နှစ်ခန့် ပြီးဆုံးပြီးနောက် သွေးအတွင်း ဗိုင်းရပ်စ်ပိုးများ ရှိ, မရှိ ပြန်လည်စစ်ဆေးရာတွင် (15     IU/ ml) အဖြေရပြီး နောက်ထပ် ခြောက်လခန့်အကြာ ထပ်စစ်ဆေးပါကလည်း ဤအဖြေပဲ ထပ်တူထပ်မျှ ရှိနေပါက ဗိုင်းရပ်စ်ပိုးများ သွေးအတွင်း ပွားများမှု မရှိတော့ဟု သတ်မှတ်နိုင်ပါတယ်။ သဘောကတော့ သွေးအတွင်းမှာ ဗိုင်းရပ်စ်ပိုးများ မသေဘဲ ကျန်ရှိနေမယ်ဆိုရင် အဲဒီဗိုင်းရပ်စ်ပိုးတွေဟာ ခြောက်လခန့်ကြာတဲ့အခါ 15 IU/ml ထက်ပိုပြီး များလာမှာ ဖြစ်ပါတယ်။


          ဒါကြောင့် အဖြေဟာ မပြောင်းလဲဘဲ ဒီအတိုင်းသာရှိမယ်ဆိုရင် သွေးအတွင်းဗိုင်းရပ်စ်ပိုးတွေ မကျန်တော့ဘူးလို့ သွယ်ဝိုက်ဖော်ပြနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ပိုးကောင်ရေ စစ်ဆေးတဲ့နည်းပညာနဲ့ အသုံးပြုတဲ့ စက်ကိရိယာတွေရဲ့အားနည်းချက်တစ်ခု ရှိနေလို့ပါပဲ။ ဒီလိုပိုးကောင်ရေစစ်ဆေးရာမှာ ပိုးတွေဟာ တစ်ကောင် နှစ်ကောင်ကနေ အကောင်ရေ သောင်းဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်းအထိ ရှိနေနိုင်တာကြောင့် စက်တွေကအတိအကျ ဖတ်နိုင်ဖို့ ခက်ခဲလာပါတယ်။ ဒါကြောင့် အများစုသော စက်တွေဟာ ပိုးကောင်ရေ ဖော်ပြရာမှာ အနိမ့်ဆုံးတိုင်းတာနိုင်သော ပမာဏ၊ အမြင့်ဆုံးတိုင်းနိုင်သော ပမာဏစသည်ဖြင့် ဖော်ပြထားပြီး ထိုထက်ပိုနည်းသော အကောင်ရေ၊ ပိုများသောအကောင်ရေ စသည်တို့ရှိလာတဲ့အခါ တိတိကျကျ ဂဏန်းနဲ့ဖော်ပြဖို့ ခက်ခဲလာတာကြောင့် ပိုးကောင်ရေလုံးဝမရှိတော့တဲ့ သုညအခြေအနေကို မပြနိုင်ခြင်းဖြစ်ပါတယ်။


ဒါဆိုရင် ကျွန်တော့မိန်းမရဲ့ သွေးစစ်ချက်အဖြေမှာ ပိုးကောင်ရေ (Viral Load) ကို Less than 15 IU/ml လို့ဖော်ပြထားတာဟာ ဘယ်လိုအဓိပ္ပာယ်ရှိပါသလဲ

          ယေဘုယျပြောရရင် အထက်ပါ သွေးစစ်ချက်၊ အဖြေဟာ သွေးအတွင်း ဗိုင်းရပ်စ်ပိုးများ လုံးဝ ကင်းစင်သွားပြီလို့ ဖော်ပြတာဖြစ်ပါတယ်။ တိတိကျကျပြောရမယ်ဆိုရင်တော့ စက်ကတိုင်းတာနိုင်တဲ့ အနိမ့်ဆုံးအကောင်ရေ (Lowest Detection Limit)  ထက် ပိုးတွေ နည်းသွားပြီလို့ ပြောတာပါ။ တစ်နည်းပြောရရင် သင်္ချာဂဏန်းတွေအရ Less than 15 IU /ml ဆိုတာဟာ သွေး One Cubic Centimeter အတွင်းပါရှိနိုင်သော ဗိုင်းရပ်စ်ပိုးဟာအကောင်ရေ ၁၅ ကောင်အောက်မှာပဲ ရှိနေပြီလို့ ဆိုပါတယ်။ အကောင်ရေသုညကနေ ၁၄ ဂဏန်းအထိ ဖြစ်နိုင်သေးတယ်လို့ ကပ်ဖဲ့ပြောနိုင်သော်လည်း အများစုကတော့ RNA negative ဖြစ်ပြီလို့ ဆိုလိုရင်းဖြစ်ပါတယ်။ ဒီအခြေအနေဟာ ဆေးကုသမှုရဲ့ အန္တိမ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ယာယီ ပိုးကင်းစင်သွားတဲ့ အချိန်အခါပဲ ဖြစ်ပါတယ်။ နည်းပညာရဲ့သဘောအရ သွေးကိုသာ စစ်ဆေးနိုင်လို့ သွေးအတွင်းမှာ ဗိုင်းရပ်စ်ပိုး လုံးဝကုန်စင်သွားပြီလို့သာ ဖော်ပြနိုင်သော်လည်း အသည်းထဲမှာ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ ဥပမာ ဦးနှောက်အရည် (CSF)၊ ဘေလုံး (Spleen) သွေးဖြူဥများ (Peripheral Mononuclear Cells) များစတဲ့ အင်္ဂါရပ်တွေထဲမှာ ဗိုင်းရပ်စ်ပိုးများ ခိုအောင်းရှိနေနိုင်သေးလို့ တရားသေ တရားမ ခန္ဓာကိုယ်အတွင်းဗိုင်းရပ်စ်ပိုး လုံးဝ မရှိတော့ဘူးလို့ မဆိုနိုင်ခြင်း ဖြစ်ပါတယ်။


Less than 15 IU/ml ဆိုတာဟာ ပိုးကောင်ရေ ၁၅ ကောင်ထက် နည်းသွားပြီလို့ ပြောတာလား . . .

          အမှန်တကယ်တော့ IU ဆိုတဲ့ အသုံးအနှုံးဟာ International Unit ကို ဆိုလိုရင်းဖြစ်ပါတယ်။ တကယ်တော့ ပိုးကောင်ရေဆိုတဲ့ အခေါ်အဝေါ်က ဗိုင်းရပ်စ်ပိုး အရေအတွက် Copies ကိုပြောတာပါ။ National University Hospital Singapore ရဲ့ ဓာတ်ခွဲခန်းကတော့ 15 IU/ml ဟာ အကြမ်းဖျင်းအားဖြင့် 40 copies/ml နဲ့တူတယ်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ပိုးကောင်ရေ ၄၀ အောက်လို့ပြောရင် ပိုပြီးမှန်မယ်လို့ ဆိုချင်ပါတယ်။

          ဓာတ်ခွဲခန်း တော်တော်များများကတော့ copies/ml နဲ့ IU/ml ပြောင်းလို့ရတဲ့ ညီမျှခြင်းတွေ ပူးတွဲဖော်ပြလေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဓာတ်ခွဲခန်း တော်တော်များများက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖော်ထုတ်တွေ့ရှိထားတဲ့ ပိုးကောင်ရေ copies တွေကို စံချိန်သတ်မှတ်ချက် တစ်ခုအဖြစ်ပြောင်းပြီး နှိုင်းယှဉ်နိုင်ဖို့ International Unit ဆိုတာကို တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါမှသာလျှင် နိုင်ငံပေါင်းစုံက ဓာတ်ခွဲခန်းပေါင်းစုံရဲ့ နည်းအမျိုးမျိုးနဲ့ စစ်ဆေးချက်အဖြေများကို တစ်ခုနှင့်တစ်ခု ယှဉ်တွဲလေ့လာနိုင်မှာ ဖြစ်ပါတယ်။ အဖြေတွေဟာ စံချိန်စံညွှန်းတစ်ခုရဲ့ အောက်မှာ ရှိနေလို့ အားလုံးဟာ မှန်ကန်နေတယ်လို့ ဆိုချင်ပါတယ်။ NUH ဓာတ်ခွဲခန်းရဲ့ အဖြေမှာ <15IU/ml (<1.18log) ဆိုပြီး ဖော်ပြထားပါတယ်။ ဒါကတော့ ၁၅ ဆိုတဲ့ ဂဏန်းကို logarithm စာအုပ်ထဲမှာ ကြည့်ရင် ၁.၁၈ log ဆိုပြီးရေးထားတာဖြစ်ပါတယ်။ စက်တွေဟာ ပိုးကောင်ရေကို ဖော်ပြရာမှာ ၁၀ ဂဏန်းရဲ့ ထပ်ညွှန်းကိန်းများကို အသုံးပြုပြီး တွက်ချက်ပါတယ်။ အကောင်ရေ ၁၀ ကို 1×101အဖြစ်ဖော်ပြပြီး အကောင်ရေ ၁၀၀ ကို 1×102စသည်ဖြင့် ဖော်ပြပါတယ်။ ဒီ ၁၀ ဂဏန်းရဲ့ ထပ်ညွှန်းကိန်းကို logarithm အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါတယ်။ အကောင်ရေတိုးလာခြင်း လျော့သွားခြင်းကို one log reduction သို့မဟုတ် two log reduction စသည့်ဖြင့် သတ်မှတ်သုံးစွဲတာကြောင့် အနည်းငယ်ရှုပ်ထွေးသွားတာ ဖြစ်ပါတယ်။ Log စနစ်ကိုမကြည့်ဘဲ IU/ml ဂဏန်းကိုပဲ ကြည့်ပြီး ပိုးကောင်ရေ အတက်အကျကို လေ့လာမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ Viral Load test တစ်ခုရဲ့ အဖြေမှာအများစုသော ဓာတ်ခွဲခန်းတွေက IU/ml,copies/ml,log စသည်ဖြင့် ပြည့်စုံအောင် ထည့်သွင်းဖော်ပြထားတတ်ပါတယ်။

          ဥပမာ NUH referral lab ရဲ့ အဖြေကို ပြောရမယ်ဆိုရင် Taquman နည်းစနစ်သုံးပြီး စစ်ဆေးထားလို့ virus RNA not detected (<15IU/ml) (<1.18 log)ဆိုပြီး ဖော်ပြပေးပါတယ်။ အဖြေရဲ့အောက်မှာ စစ်ဆေးနိုင်တဲ့ ပိုးကောင်ရေ အတိုင်းအတာအဖြစ် Assay dynamic range ကို ရှင်းပြထားပြီး Taquman နည်းပညာအရ 43 IU/m to 6.90 × 107IU/ml  လို့ ရေးထားတာ တွေ့ပါလိမ့်မယ်။ Lower detection limit ကို 15 IU/ml(Estimated 40 copies/ml) လို့ရေးထားပြီး equivocal range အဖြစ် 15 IU/ml to 43 IU/ ml လို့ဖော်ပြထားပါတယ်။ တစ်နည်းပြောရရင် ပိုးကောင်ရေ ၁၅ကောင် နဲ့ ၄၃ ကောင်ကြားအတွင်းမှာ တိတိကျကျ မဖော်ပြနိုင်ဘဲ ရှုပ်ထွေးမှု အနည်းငယ်ရှိနိုင်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။


Credit : ပါမောက္ခ ဒေါက်တာဝင်းနိုင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18