Print

ငှက်ဖျားရောဂါ

  23-Nov-2019
Preview Image


            ငှက်ဖျားရောဂါဟာ မြန်မာနိုင်ငံမှာ အဓိက ကျန်းမာရေပြဿနာတစ်ခု ဖြစ်ပါတယ်။ အဖြစ်အများဆုံးနဲ့ အသေအများဆုံးရောဂါဖြစ်ပါတယ်။ ဒီရောဂါ မဖြစ်အောင် ကာကွယ်ဖို့နဲ့ ဖြစ်လာရင် စနစ်တကျ ကုသမှုခံယူဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။

          မိမိကိုယ်တိုင်၊ မိမိ မိသားစု ငှက်ဖျားမဖြစ်အောင် ကာကွယ်ဖို့နဲ့ ဖြစ်လာပါက စနစ်တကျကုသဖို့ မိမိမှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။

ငှက်ဖျားရောဂါ ဘာကြောင့်ဖြစ်သလဲ၊ ဘယ်လိုကူးစက်သလဲ . . .

-       ငှက်ဖျားရောဂါဟာ ငှက်ဖျားရောဂါပိုးကြောင့် ဖြစ်တယ်။

-       ငှက်ဖျားပိုးသယ်တဲ့ခြင် ကိုက်ခံရရင် ငှက်ဖျားရောဂါ ကူးစက်နိုင်တယ်။

-       ခြင်တစ်ကောင် ကိုက်ရုံနဲ့ ငှက်ဖျားရောဂါ ရနိုင်တယ်။

အောက်ပါတို့ လုပ်တာကြောင့် ရသောရောဂါ မဟုတ်ပါ။

-       သင်္ဘောသီး၊ ငှက်ပျောသီးစားရင်

-       စိမ့်စမ်း၊ ဖက်စွတ်ရေ သောက်ရင်

-       စိမ့်စမ်းရေ ချိုးရင်

ခြင်တိုင်း ငှက်ဖျားပိုး သယ်နိုင်သလား

-       ခြင်တိုင်း မသယ်။ ငှက်ဖျားရောဂါပိုးသယ်တဲ့ ခြင်ဟာ

-       ကိုက်တဲ့အခါ ဖင်ထောင် ကိုက်တယ်။

-       တောင်ပံမှာ အစက်ကလေးတွေ ပါတယ်။

-       ညနေစောင်းကနေ နံနက် နေထွက်ချိန်အထိ ကိုက်တယ်။

ခြင်ပေါက်တဲ့ နေရာများ

          ငှက်ဖျားရောဂါပိုး သယ်တဲ့ ခြင်တွေဟာ အောက်မှာ ဖော်ပြထားတဲ့ နေရာမှာ သားပေါက်ကြတယ်။

-       ရေစီးနှေးတဲ့ စိမ့်စမ်း

-       ရေကန်စပ်ရှိ မြက်ပင်

-       ရေတွင်း၊ လယ်ကွင်း၊ ရေကြည်နေတဲ့ အိုင်

-       ပင်လယ်ရေငံနဲ့ ရေချိုစပ်တဲ့ နေရာ

ကြောက်စရာကောင်းတဲ့ သွေးလွန်တုပ်ကွေး ရောဂါပိုးတွေသယ်တဲ့ ခြင်ကတော့ ကြည်လင်တဲ့ရေမှာ ပေါက်တတ်တယ်။ ဒါကြောင့် အိမ်မှာရှိနေတဲ့ အင်တုံ၊ ရေပုံး၊ ခွက်၊ ကြောင်အိမ်ခြေထောက်မှာ ခံထားတဲ့ခွက်နဲ့ ညောင်ရေအိုးထဲမှာ ရှိတဲ့ ရေများမှာ ပေါက်ပွားလေ့ရှိတယ်။

ငှက်ဖျားရောဂါကို ဘယ်လိုကာကွယ်မလဲ

() ရောဂါပိုးသယ်တဲ့ခြင် နှိမ်နင်းတာ အဓိက

ခြင်မပေါက်အောင် ဘယ်လိုလုပ်မလဲ

-       မိသားစု ဆောင်ရွက်ရမယ်။

-       ကျေးရွာလူထုကလည်း ဆောင်ရွက်ရမယ်။

ဘာတွေလုပ်မှာလဲ

(က) မိသားစု ဆောင်ရွက်ရမှာက

- မိမိအိမ်နဲ့ ပတ်ဝန်းကျင်မှာ ငှက်ဖျားပိုးသယ်တဲ့ခြင် မပေါက်နိုင်အောင် ခြုံတွေ၊ အမှိုက်သရိုက်တွေနဲ့ ရေမြောင်းတွေကို မိသားစုအလိုက် ရှင်းရမယ်။

- ထို့ပြင် သွေးလွန်တုပ်ကွေး ရောဂါပိုးသယ်တဲ့ခြင်များ မပေါက်ပွားနိုင်အောင် အိမ်တွင်းရှိ ရေအိုး၊ အင်တုံ၊ ညောင်ရေအိုးများကို မကြာခဏ ရေလဲပေးရမယ်။

() ကျေးရွာလူထု ဆောင်ရွက်ရမှာက

- ရေဝပ်တဲ့ နေရာကို မြေဖို့ရမယ်။

- မြေဖို့၍ မရနိုင်ပါက ရေဖောက်ချရမယ်။

- စိမ့်စမ်းများ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ရမယ်။ စိမ့်စမ်း၊ ရေတွင်းရေကန် ဘေးပတ်လည် ရေစပ်မှာရှိတဲ့ ပေါင်းပင်၊ မြက်ပင်များကို ရှင်းပစ်ရမယ်။

() ခြင်ကိုက်မခံရအောင် ကာကွယ်ရမယ်

ခြင်ကိုက်မခံရအောင်

-       အဝတ်အစား လုံခြုံအောင် ဝတ်ပါ။

-       ခြင်ထောင်သုံးပါ။

-       မီးခိုးမှိုင်း တိုက်ပါ။ ခြင်ဆေးခွေ ထွန်းပါ။

() ကြိုတင် ကာကွယ်ဆေးသောက်ရမယ်

 - ငှက်ဖျားထူထပ်တဲ့ နေရာမှာ နေတဲ့ သားဦး ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့

 - ငှက်ဖျားမရှိတဲ့ ဒေသကနေ ငှက်ဖျားဒေသကို သွားမယ့် လူများဟာ ကြိုတင်ကာကွယ်ဆေး သောက်ဖို့လိုပါတယ်။

 - သင့်သဘောနဲ့သင် ဆေးဝယ်မသောက်ပါနဲ့။

 - တတ်ကျွမ်းတဲ့ ကျမ်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပါ။

ဘယ်သူတွေမှာ ငှက်ဖျားဖြစ်နိုင်သလဲ

          ဘယ်သူမဆို ငှက်ဖျားပိုးသယ်တဲ့ ခြင်ကိုက်ရင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အောက်ပါလူတွေမှာ ဖြစ်ရင် ရောဂါပိုးပြင်းထန်မယ်၊ စိုးရိမ်ရတယ်၊ အသက်သေနိုင်တယ်။

-       ကလေးငယ်တွေ

-       ကိုယ်ဝန်ဆောင်တွေ

-       တစ်ခါမှ ငှက်ဖျားမဖြစ်ဖူးတဲ့ အတွက် ငှက်ဖျားပိုးကို ခံနိုင်ရည်မရှိသေးသူတွေ။

ငှက်ဖျား ထူထပ်သည့် ဒေသမှာနေတဲ့ အမျိုးသမီး သားဦးကိုယ်ဝန်ဆောင်မှာ ငှက်ဖျားဖြစ်ရင

-       သွေးအားနည်းရောဂါ ဝင်လာမယ်။

-       မိမိ၏ အသက် ထိခိုက်နိုင်မယ်။

-       ပေါင်ချိန်မပြည့် ကလေးမွေးနိုင်မယ်။

-       ကလေးပျက်နိုင်မယ်။

-       အသေမွေးနိုင်မယ်။

-       လမစေ့ဘဲ ကလေးမွေးနိုင်မယ်။

ငှက်ဖျားရောဂါကို အိမ်တွင် ကုသခြင်း၊ ငှက်ဖျားရောဂါ လက္ခဏာများ၊ သာမန် ငှက်ဖျားရဲ့ လက္ခဏာ

() ချမ်းတုန်၊ ဖျားမယ်။

() ပြီးရင် ကိုယ်တွေအလွန် ပူလာမယ်။

() ချွေးထွက်လာပြီး ကိုယ်ပူကျသွားမယ်။

() ခေါင်းကိုက်လာမယ်။

သတိပြုရမှာက

ချမ်းတုန်ဖျားတိုင်း ငှက်ဖျားမဟုတ်ပါ။ အခြားရောဂါများကြောင့်လည်း ချမ်းတုန်ဖျားနိုင်တဲ့အတွက် ဆေးဝန်ထမ်းများနဲ့ ပြသပါ။

ပြင်းထန်သည့် ငှက်ဖျားရောဂါ လက္ခဏာများ

ငှက်ဖျားလူနာမှာ အောက်ပါလက္ခဏာတစ်ခုခုရှိလျှင်

၁။ ကယောင်ကတမ်း ပြောဆိုရင်

၂။ သတိမေ့မြောရင်

၃။ တက်ရင်

ငှက်ဖျားပိုးဦးနှောက်ထဲရောက်တာ ဖြစ်နိုင်တယ်။ အလွန်အရေးကြီးတယ်။ အသက်အန္တရာယ်ရှိတယ်။

၄။ မကြာခဏ အန်ရင်

၅။ ဆီး အမည်းရောင်သွားရင်၊ ဆီးနည်းရင်၊ ဆီး လုံးဝမသွားရင်

၆။ အပြင်းအထန် ဝမ်းသွားရင်

၇။ နှာခေါင်း၊ သွားဖုံးနှင့် ခန္ဓာကိုယ်အနှံ့မှ သွေးယိုရင်

၈။ ကိုယ်ပူကြီးရင်

၉။ ခန္ဓာကိုယ်တွင်း အရည်ခမ်းခြောက်ရင် (မျက်တွင်းကျရင်၊ ဆီးနည်းရင်)

၁၀။ ဖြူဖပ်ဖြူရော် ဖြစ်ရင် (သွေးအားနည်းရင်)

၁၁။ မထိုင်နိုင်၊ လမ်းမလျှောက်နိုင်ရင်

ပြင်းထန်လူနာကို ဆေးရုံမပို့မီ အိမ်မှာ ဘယ်လိုပြုစုမှာလဲ

          ဆေးရုံကို အမြန်ဆုံးပို့ပါ။ အိမ်မှာ ဆက်မကုပါနဲ့။ လူနာအသက်ရှင်ဖို့ ဆေးရုံကို စောစောရောက်မှ ဖြစ်မယ်။ ဆေးရုံပို့ဖို့ စီစဉ်နေချိန်အတွင်း ကိုယ်ပူကြီးရင် လူနာကို ရေပတ်တိုက်ပေးပါ။ သတိလစ်လူနာဆိုရင် ပါးစပ်မှ ချွဲများကို လက်သန့်သန့်၊ အဝတ်သန့်သန့်နှင့် နှိုက်ထုတ်ပေးပါ။ လူနာကို စောင်းထားပါ။

Credit : ကိုယ်တိုင်ကိုယ်ကျ အိမ်တွင်းကျန်းမာရေး ပြုစုစောင့်ရှောက်မှု မိသားစုလက်စွဲ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18