Print

ဒုက္ခဝေဖြာ ကြောက်စရာ အသည်းရောဂါများ

  14-Jun-2018
Preview Image


          လူတွေကို ဒုက္ခအမျိုးမျိုးပေးလို့ ကြောက်စရာဖြစ်တဲ့ အသည်းရောဂါအချို့ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ တကယ်တော့ အသည်းဟာ လူတွေရဲ့ အသက်ရှင်သန် ကျန်းမာစေရေးအတွက် လုပ်ငန်းပေါင်းများစွာကို သဘာဝအလျောက် ဆောင်ရွက်ပေးနေတဲ့ မရှိမဖြစ်လိုအပ်သော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီအသည်းဟာ လူ့ဝမ်းဗိုက် ညာဘက်အပေါ်ပိုင်းမှာ ၃ ပေါင်ခန့်လေးတဲ့ နီညိုရောင် အသားစိုင်ခဲ ဖြစ်ပါတယ်။ အစာကြေချက်တဲ့ အစာအိမ် အူလမ်းကြောင်းတစ်လျှောက်က စုပ်ယူထားတဲ့ အဟာရဓာတ်အမျိုးမျိုးဟာ အသည်းကို သွေးလည်ပတ်မှုအစွမ်းဖြင့် ရောက်ရှိလာပါတယ်။


          အသည်းရဲ့ ပဋိဇီဝဆဲလ်တွေက ဒီအဟာရဓာတ် အမျိုးမျိုးမှာပါတဲ့ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒြိတ်ဓာတ်တွေကို အမျိုးမျိုးပြုပြင်ကာ ခန္ဓာကိုယ်၏ ပဋိဇီဝဆဲလ်တွေ အလုပ်လုပ်နိုင်စေဖို့ ဆောင်ရွက်ပေးကြပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေကိုလည်း ဖျက်ဆီးဖယ်ရှားပစ်သလို လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထုတ်လုပ်ပေးခြင်း၊ အစာအာဟာရတွေကို ကြေညက်စေတဲ့ အစာခြေအင်ဇိုင်းဓာတ်အမျိုးမျိုးကိုလည်း ထုတ်ပေးပြီး အသည်းခြေရည်အနေဖြင့် စားသုံးလိုက်တဲ့ အစာတွေကို ခြေဖျက်စုပ်ယူတဲ့ Digestion နဲ့ Absorption လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးပါတယ်။


          လုပ်ငန်းပေါင်း ရာချီပြီး သဘာဝအလျောက်ဆောင်ရွက်ပေးနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်လို့ အသည်းပျက်စီး ယိုယွင်းသွားတဲ့အခါမှာတော့ ခန္ဓာကိုယ်ဟာ မရှင်သန်နိုင်တော့ပါဘူး။ ပဋိသန္ဓေစတည်ကတည်းက သေဆုံးသွားသည်အထိ မရပ်မနား တရစပ် အလုပ်လုပ်နေရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပြီး အဆိပ်အတောက်တွေကို ကိုင်တွယ်ဖြေရှင်းနေရတာမို့ အသည်းမှာ ရောဂါလည်း များပြားလှပါတယ်။



          အထူးသဖြင့်တော့ အသည်းကို ဒုက္ခပေးတဲ့ အရက်သေစာတွေ၊ မှိုတက်စာတွေ၊ အာဟာရချို့တဲ့မှုတွေ၊ ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ ကပ်ပါးပိုးတွေရဲ့ ထိုးဝင်ဖျက်ဆီးတာကိုလည်း အသည်းက ခါးစည်းပြီး ခံနေရပါတယ်။ အသည်းရဲ့ခန္ဓာဖွဲ့စည်းပုံလုပ်ငန်းများနဲ့ အသည်းနဲ့စပ်လျဉ်းတဲ့ ရောဂါတွေက များပြားကျယ်ဝန်းနက်နဲခက်ခဲလှလို့ Hepatology ဆိုတဲ့ အသည်းနဲ့ရောဂါတွေကို သီးခြားသီးသန့်လေ့လာကြရပါတယ်။ ယခုဆွေးနွေးမှာကတော့ အစားအသောက် မမှန်ကန် သေရည်သေရက်ကြိုက်ပြီး ပင်ပန်းမှုကြီးမားတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များတဲ့ ရောဂါတချို့ရဲ့ သဘောသဘာဝ၊ လက္ခဏာ၊ စမ်းသပ်စစ်ဆေးမှု၊ ကုသမှု၊ တားဆီးကာကွယ်မှုများကို တတ်နိုင်သမျှ အတိုချုံးပြီး ထိုက်သင့်သလောက် ဆွေးနွေးမှာဖြစ်ပါတယ်။



          တကယ်တော့ အသည်းရောဂါတချို့ဟာ အတိတ်က ကံအစွမ်းသတ္တိကြောင့် မွေးရာပါ ချို့ယွင်းချက်တွေရှိပြီး သည်းခြေပြွန်များ ကျဉ်းမြောင်းပိတ်ဆို့နေခြင်း (Congenitas billanyg atresia) ရေအိတ်များဖြင့် ပြွတ်သိပ်နေခြင်း (Multiple Liver Cysts) တွေ ဖြစ်ကာ ဒုက္ခပေးတတ်သလို Amylnol Sancrid, Glycogen စတဲ့ အသည်းမှာ စုပြီးလည်း ဒုက္ခပေးတတ်ကြပါတယ်။ အဓိက ဆွေးနွေးရမှာကတော့ ရောဂါပိုးအမျိုးမျိုးကြောင့် အသည်းရောင်ရမ်းခြင်း၊ အဲဒီကမှတစ်ဆင့် အသည်းများ မာကျစ်ကျုံ့ခဲခြင်း (Cirrhosis) နဲ့ အသည်းမှာဖြစ်တတ်တဲ့ ကင်ဆာရောဂါများအကြောင်း ဆွေးနွေးမှာဖြစ်ပါတယ်။ေ ယဘုယအားဖြင့်တော့ အသည်းရောဂါမှာ အစာကြေချက်နိုင်မှု လျော့သားလို့ ခံတွင်းပျက်ခြင်း၊ အစာမကြေ လေပွခြင်းတွေ ဖြစ်သလို Bili pigment တွေကို စွန့်ထုတ်ပစ်နိုင်မှု ချို့ယွင်းလို့ အသားဝါတဲ့ ရောဂါလက္ခဏာတွေပါ ရှိနေတတ်ပါတယ်။


          အသည်းမှာ အဖြစ်များဆုံး ရောဂါကတော့ အသည်းရောင်ရောဂါ (Hepatitis) က ဖြစ်ပါတယ်။ ဒီရောဂါက Virus ပိုးတွေကြောင့်ဖြစ်သလို ဘက်တီးရီးယားပိုး၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရက်အလွန်အကျွံသောက်သူတွေ၊ တချို့ဆေးတွေ၊ မတည့်တဲ့အစားအစာတွေနဲ့ အဝလွန်သူတွေမှာလည်း တွေ့ရတတ်ပါတယ်။ အရက်အလွန်အကျွံသောက်ပြီး အာဟာရချို့တဲ့သူတွေမှာ Alcoholic Hepatitis ရောဂါဖြစ်စေပါတယ်။ ဒီရောဂါမှာတော့ လူနာဟာ အသားဝါခြင်း၊ ချမ်းတုန်ဖျားခြင်းနှင့် ဗိုက်နာတာတွေ မကြာခဏ ခံစားကြရပါတယ်။ Amoeba ဆိုတဲ့ ဝမ်းကိုက်ရောဂါဖြစ်စေတဲ့ ကပ်ပါးပိုးကလည်း အူမကြီးမှတစ်ဆင့် အသည်းကိုရောက်ပြီး အသည်းရောင်ရမ်းခြင်း၊ အသည်းမှာပြည်တည်နာ စတာတွေဖြစ်တတ်ပါတယ်။



          ဒီပြည်တည်နာက ပေါက်ထွက်ပြီး ဝမ်းဗိုက်အမြှေးပါးရောင်ရမ်းခြင်း၊ အဆုတ်အမြှေးပါးထိပေါက်ထွက်ခြင်းတွေအပြင် ဦးနှောက်သို့လည်း ပြန့်ပြီး Brain abse ပြည်တည်နာကို ဖြစ်စေတတ်ပါတယ်။ အသည်းရောင်ရမ်းတဲ့အခါမှာတော့ အသည်းဟာ သာမန်ထက်ပိုကြီးလာပြီး နှိပ်ကြည့်ပါက နာတာကို ခံစားကြရပါတယ်။ တီဘီရောဂါကုဆေးတွေ၊ ကင်ဆာကုသတဲ့ ဆေးတွေဟာ အာနိသင်ပြင်းထန်ပြီး အသည်းကိုလည်း ဒုက္ခပေးတတ်လို့ ဒီဆေးတွေကို သုံးတဲ့အခါမှာ အသည်းလုပ်ငန်းများကို ထိခိုက်မှုရှိမရှိ Liver Function Test စမ်းသပ်မှုတွေ မကြာခဏလုပ်ပြီး Dose ကို ကိုက်ညှိ (adjust) ပေးကြရပါတယ်။ ဟိုးယခင်ကတော့ အာဟာရချို့တဲ့ပြီး အရက်ကြောင့်ဖြစ်တဲ့ Alcoholic hepatitis တစ်ခုသာ သိရပေတဲ့ ယခုအခါမှာတော့ အကြောင်းပေါင်းများစွာကို သိကြပါတယ်။



          Virus ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါမှာပင် ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး Hepatitis A,B,C,D,E,F စသည်ဖြင့် ကွဲပြားခြားနားနေသလို ရုတ်ခြည်းဖြစ်တဲ့ Acute Hepatitis နဲ့ နာတာရှည် Chronic Hepatits လို့လည်း ခွဲခြားထားပါတယ်။ ရုတ်ခြည်း အသည်းရောင်တဲ့အခါမှာတော့ ရောဂါလက္ခဏာတွေဟာ အချိန်တိုအတွင်း ဒုက္ခရောက်သွားတတ်ပါတယ်။ ခန္ဓာကိုယ်မှာ ခုခံအားအသင့်အတင့်ရှိသူတွေမှာတော့ အသည်းရောင်ရမ်းမှုဟာ တဖြည်းဖြည်း ဆိုးလာသလို သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့လည်း ဖြစ်ကာ အသည်းပဋိဇီဝဆဲလ်တွေ တဖြည်းဖြည်း ပျက်စီးသွားသလို အရွတ်တွေ ဖြစ်ပေါ်လာကာ အသည်းမာကျစ် ကျုံ့သိမ်သွားတဲ့ Cirrhosis of liver အဆင့်ကို တဖြည်းဖြည်းရောက်သွားတတ်ပါတယ်။ ဒီအခါမှာ လုံးဝ ပကတိ ကျန်းမာရေး ချို့တဲ့ပိန်းချုံးကာ ခံတွင်းပျက် အစာမကြေဖြစ်ပြီး ဝမ်းဗိုက်ထဲမှာ အရည်တွေ စုပြုံနေတဲ့ (Ascites) ဖျဉ်းစွဲရောဂါပါ ဖြစ်ပေါ်လာပါတယ်။ အစာအိမ်အူလမ်းကြောင်းက စီးဆင်းလာတဲ့သွေးတွေကလည်း အသည်းထဲက သွေးကြောတွေပိတ်သွားလို့ အသည်းပြင်ပက သွေးပြန်ကြောတွေကတစ်ဆင့် စီးသွားရလို့ ဒီသွေးပြန်ကြောတွေ ဖောင်းကားပြီး ပေါက်ထွက်တဲ့အခါမှာတော့ သွေးအန်ခြင်း၊ ဝမ်းအမည်းတွေ သွားခြင်းဖြစ်ကာ ဒုက္ခရောက်ကြရတတ်ပါတယ်။ တချို့မှာတော့ အသည်းရဲ့ ပဋိဇီဝဆဲလ်တွေ ပျက်စီးပြီး လုပ်ငန်းများ မဆောင်ရွက်နိုင်တော့တဲ့ Liver Failure ဖြစ်ကာ ဦးနှောက်ကိုပါ ထိခိုက်ပြီး သတိမေ့မြောတဲ့ Hepatic Coma ဖြစ်ကြလို့ ဒုက္ခပင်လယ်ဝေကြရပါတယ်။



          ဒီအသည်းကျုံ့ကြွပ်တဲ့ရောဂါမှာ အသည်းရဲ့ဆဲလ်တွေ ပျက်စီးလို့ အနာရွတ်တွေဖြစ်လိုက်၊ အသည်းဆဲလ်တွေ ထပ်မံအစားထိုးပြန်ဖြစ်လိုက်ဖြစ်နေရာက တချို့မှာ ကင်ဆာရောဂါအဖြစ် ပြောင်းလဲသွားပြီ (Hepato Cellula Cancer) အကြီးအကျယ် ဒုက္ခထပ်ပေးကြပြန်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါတွေဟာ ဒီလို တဖြည်းဖြည်း ပြောင်းလဲပြီး ဒုက္ခပေးတာကို ရောဂါစဖြစ်ပြီး အနည်းဆုံး ၁၀ နှစ် ၁၅ နှစ်ကြာမှ လူနာ ၅-၁၀% ခန့်မှာ ဖြစ်ပေါ်စေတတ်ပါတယ်။ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုး အမျိုးသမီးဘီနဲ့ စီ (B.C) က အလွယ်တကူ ကူးစက်လွယ်ပြီး ပျံ့နှံ့မှုမြန်ဆန်များပြားလို့ လူတွေကို ဒုက္ခအပေးဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၀% အထက် လူတွေဟာ ဒီရောဂါကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။ ဒီရောဂါတွေဟာ မိခင်ကနေ ကလေးမွေးဖွားချိန်မှာ ကလေးကို ကူးစက်နိုင်သလို လူအချင်းချင်း လိင်ဆက်ဆံရာမှာလည်း ကူးစက်စေနိုင်ပါတယ်။ ဆေးထိုးရာမှာလည်း ရောဂါရှိပြီးသူကို ဆေးထိုးရာမှာ အသုံးပြုထားတဲ့ ဆေးထိုးအပ်ကို အခြားအပ်နဲ့ ပြောင်းလဲခြင်းမရှိဘဲ သေချာစွာပိုးသန့်စင်ခြင်းမပြုဘဲ အခြားသူကို ထိုးပေးခြင်း၊ ရောဂါပိုးရှိသူရဲ့ သွေး၊ သွေးရည်ကြည်၊ ဝမ်း၊ အန်ဖတ်၊ ချွေး၊ သလိပ်၊ တံတွေးတွေနဲ့ အခြားသူရဲ့အရေပြား၊ ဒဏ်ရာအနာတွေ ထိတွေ့ကိုင်တွယ်မိပါကလည်း ခွဲစိတ်ကိရိယာတွေ၊ ခန္ဓာကိုယ်တွင်းကြည့်မှန်ပြောင်းတွေဟာ ဒီပိုးတွေ ကင်းစင်နေဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံ လူဦးရေနဲ့ တွက်ကြည့်ပါက လူပေါင်း ၅ သန်းခန့်ဟာ ဒီရောဂါ ရှိနေနိုင်တာမို့ ဒီရောဂါကို အထူးသတိထားပြီး တားဆီးကာကွယ်ကြဖို့ အရေးကြီးပါကြောင်း သတိပေးတိုက်တွန်းအပ်ပါသည်။

 

Credit: ပါမောက္ခဦးပြသိန်းဟန်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18