Print

ဂျပန်ဦးနှောက်ရောင်ရောဂါ ကြိုတင်ကာကွယ်ပါ။

  22-Nov-2017
Preview Image

ကူူးစက်တတ်သောရောဂါတစ်မျိုးဖြစ်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါသည် ကာကွယ်ဆေးဖြင့် ထိရောက်စွာ ကာကွယ်တားဆီးနိုင်သော ရောဂါတစ်မျိုးဖြစ်တာကြောင့် မြန််မာနို်ုင်ငံတစ်ဝန်းလုံး၌ ကလေးငယ်များကို အစုလိုက်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ပူးပေါင်း ပါ၀င်ထိုးနှံကြရန် လိုအပ်ပါသည်။


ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ

     ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis ) ဆိုသည်မှာ JEV ဗိုင်းရပ်စ်ပိုးတစ်မျိုး၊ JEV ကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ရောဂါပိုးရှိနေသော ခြင်အကိုက်ခံရရာမှ လူတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ရောဂါဖြစ်ပွားခြင်းဖြစ်သည်။ ၁၈၇၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင်ဖော်ထုတ်တွေ့ရှိခဲ့သည့်အတွက် ဂျပန်ဦးနှောက်ရောင် ရောဂါဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုပေါင်း ၆၈၀၀၀ ကျော်အထိရှိပြီး အကြမ်းဖျင်းအားဖြင့် ၃၀ ရာခိုင်နှုန်းခန့်အထိသည် ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် အသက်သေဆုံးရလေ့ရှိသည်။ ခန့်မှန်းခြေအားဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် နှစ်စဉ်သေဆုံးရသူပေါင်း ၁၃၆၀၀ မှ ၂၀၄၀၀ အထိရှိသည်။ ရောဂါဖြစ်ပွားခံစားရသူများ၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ရှိသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါကို မြန်မာနိုင်ငံအပါအဝင် အာရှ-ပစိဖိတ်နိုင်ငံ ၂၄ နိုင်ငံတွင်ဖြစ်ပွားနေကြောင်း သိရသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် သက်ရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း ကလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ 


      ၁၉၂၄ ခုနှစ်တွင် ဂျပန်နို်င်ငံ၌ ၆၁၂၅ ဦးတွင် ရောဂါဖြစ်ပွားကြောင်းတွေ့ခဲ့ပြီး ထိုအထဲမှ ၃၇၉၇ ဦးသေဆုံးခဲ့သည်။ ၁၉၄၀ မှ ၁၉၇၈ ခုနှစ်အတွင်းတွင် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများတွင် အဖြစ်များခဲ့သည်။ အလားတူ ၁၉၇၅  ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံ၌ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များ၌ ရခိုင်ပြည်နယ်တွင် အဖြစ်များခဲ့သည်။ 


ရောဂါကူးစက်ဖြစ်ပွားပုံ

      ဂျပန်ဦးနှောက်ရောဂါသည် ခြင်ကိုက်ခံရာမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသော ရောဂါဖြစ်သည်။ အဓိကအားဖြင့် စပါးစိုက်ခင်း၊ ရွှံနွံတော၊ ရေမြောင်းနှင့် ရေအိုင်ငယ်များတွင် ပေါက်ပွားရှင်သန်လေ့ရှိသည့် ခပ်ညိုညိုအရောင်အသွေးရှိသည့် ကျူးလက်ခြင် (Culex mosquito) မှတစ်ဆင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။ ဂျပန်ဦးနှောက်ရောင် ရောဂါပိုး (JEV) သည် ၀က်နှင့် ရေပျော်ငှက်များဖြစ်သည့် ဗျိုင်း၊ တောဘဲစသည်တို့တွင် ရှိနေတတ်သည်။ ထိုတိရစ္ဆာန်များကို ခြင်ကကိုက်သည့်အခါ ဗိုင်းရပ်စ်ပိုးက ခြင်ထဲရောက်သွားသည်။ ထိုရောဂါပိုးရှိနေသော ခြင်က လူကိုကိုက်သည့်အခါ လူတွင် ရောဂါလက္ခဏာများပေါ်လာစေသည်။ လူမှာသာမက မြင်း၊ ကျွဲ၊ နွား စသည်တို့တွင်လည်း ကူးစက်ခံရနိုင်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါပိုးသည် ရောဂါပိုး သယ်ဆောင်ထားသော ခြင်ကိုက်ခံရခြင်းဖြင့်သာ ကူးစက်ခံရနိုင်ပြီး အခြားသောနည်းများဖြင့် ကူးစက်နို်င်ခြင်းမရှိပါ။ 


ရောဂါလက္ခဏာများ

     ရောဂါပိုးရှိသည့် ခြင်အကို်က်ခံရပြီး ၂ရက်မှ ၁၅ရက်အတွင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရနိုင်သည်။ ရောဂါပိုး ကူးစက်ခံရသော်လည်း အများစုမှာ ရောဂါလက္ခဏာပေါ်သည့် အဆင့်မရောက်ဘဲ တချို့တွင်သာ ရောဂါဖြစ်ပေါ်ခံစားရသည်။ ရောဂါကူးစက်ခံရသူ ၂၅၀ လျှင်တစ်ယောက်ခန့်သည်သာ ဦးနှောက်ရောင်ရမ်းသည့်အဆင့်အထိ ဖြစ်တတ်သည်။ အထူးသဖြင့် ကလေးများတွင် ရောဂါပိုမိုဆိုးရွားလေ့ ရှိသည်။ ရောဂါလက္ခဏာများအဖြစ် ချမ်းတုန်ခြင်း၊ ကိုယ်ပူကြီးခြင်း၊ ခေါင်းကို်က်ခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊ ပျို့အန်ခြင်း စသည်တို့ကို ဖြစ်ပေါ်ခံစားရနိုင်သည်။ အဆိုပါ လက္ခဏာများသည် ၁ရက်မှ ၆ရက်အထိဖြစ်နေတတ်ပြီး တချို့တွင် ပိုမိုဆိုးရွားလာကာ ဦးနှောက်ရောင်ရမ်းသည့် အဆင့်အထိဖြစ်လာနိုင်သည်။


ထိုအခါတွင် ဇက်ခိုု်င်သွားခြင်း၊ ခေါင်းငုံ့စောင်းလိုက်တိုင်း နာကျင်ခြင်း၊ တက်ခြင်း၊ နွမ်းနယ်နုံးချည့်ခြင်း၊ ခြေလက်များ အကြောသေအားနည်းခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ စကားပြောသည့်အခါ အာလေးလျှာလေးဖြစ်နေခြင်း၊ ကြွက်သားများ တောင့်တင့်ခို်င်နေခြင်း၊ ကယောင်ကတမ်းများပြောခြင်း၊ သတိလစ်ခြင်းများ အထိဖြစ်ကာ အသက််သေသည်အထိဖြစ်သွားနိုင်သည်။ ရောဂါပျောက်ကင်းသက်သာလာသူ များထဲမှ ၃၀ရာခိုင်နှုန်းအထိသည် နောက်ဆက်တွဲပြဿနာများအဖြစ် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဝေဒနာများခံစားရခြင်း၊ နားအကြားအာရုံ ချို့ယွင်းသွားခြင်း၊ မကြာခဏတက်ခြင်း၊ ခြေလက်များ အားနည်းချည့်နဲ့ခြင်းများဖြစ်စေနိုင်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ရာသီမရွေး ဖြစ်နိုင်သော်လည်း ကျူးလက်ခြင်များ ပေါက်ပွားမှု များပြားသည့် မိုးတွင်းကာလတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ရောဂါဖြစ်ပွားတတ်သည့် ဒေသများတွင် ၂နှစ်မှ ၁၅နှစ်ကြာတိုင်း တစ်ကြိမ်ခန့် သိသိသာသာဖြစ်ပွားမှု များလာတတ်သည်။ ထို့ကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါကို လျှော့မတွက်ကြဖို့ လိုသည်။


ကုသနည်း

     ဂျပန်ဦးနှောက်ရောင်ရောဂါလက္ခဏာများမှာ အခြားသော ရောဂါလက္ခဏာများနှင့် ဆင်ဆင်တူသည့်အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါဟု သံသယရှိပါက ဆေးရုံ၊ ဆေးခန်းများတွင် ပြသကာ သွေးစစ်ဆေးခြင်း၊ ခါးဆစ်ရိုးရည် ရယူစစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ ခါးဆစ်ရိုးရည်ရယူ စစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ ရောဂါသေချာပါက ခံစားနေရသော ဝေဒနာကို လိုက်ပြီး သက်သာအောင်သာကုသပေးရနိုင်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် သီးသန့်ကုသပေးနိုင်သည့်ဆေး မရှိသေးပါ။ ထို့ကြောင့်ကာကွယ်ရေးလုပ်ငန်းများသည် ပိုအရေးပါလာသည်။ 


ကြိုတင်ကာကွယ်ပါ

     ဂျပန်ဦးနှောက်ရောင်ရောဂါကို အောက်ပါနည်းများဖြင့် ကြိုတင်ကာကွယ်နိုုင်ပါသည်။


(၁) ခြင်အကို်က်မခံရအောင်နေထိုင်ခြင်း

     ဂျပန်ဦးနှောက်ရောင်ရောဂါသည် ရောဂါပိုးသယ်ဆောင်ထားသည့် ကျူးလက်ခြင်ကြောင့် ဖြစ်ပွားရသည့်အတွက် ခြင်အကိုက်မခံရအောင်နေနိုင်ပါက ဂျပန်ဦးနှောက်ရောင်ရောဂါကို တားဆီးကာကွယ်ရာရောက်သည်။ သို့သော် ခြင်အကိုက်မခံရအောင် ကာကွယ်ဖို့ရာမှာ ထင်သလောက်မလွယ်ပါ။ သို့သော် အတတ်နိုင်ဆုံး ခြင်အကိုက်ခံရမှုနည်းအောင် ခြင်ပေါက်ပွားနိုင်သော နေရာများကို ရှင်းလင်းခြင်း၊ ဆေးစိမ်ခြင်ထောင်သုံးခြင်း၊ ခြင်ပြေးလိမ်းဆေးလိမ်းခြင်း၊ အဝတ်ထူထူဝတ်ခြင်းများ ပြုလုပ်သင့်သည်။ 


(၂) ကာကွယ်ဆေးသုံးခြင်း

     ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် အထိရောက်ဆုံး ကာကွယ်နည်းမှာ ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို ၁၉၃၀ ပြည့်လွန်နှစ်များ ကတည်းက စတင်သုံးစွဲခဲ့ကြသည်။ ကြွက်ဦးနှောက်မှ ထုတ်လုပ်ထားသော ကာကွယ်ဆေး၊ ဖော်မလင်ဖြင့် ဗိုင်းရပ်စ်ပိုး ဖျက်ဆီးပြုပြင်ထုတ်လုပ်ထားသော ကာကွယ်ဆေး၊ ဆဲလ်မွေးခြင်းနည်းဖြင့် ထုတ်လုပ်ထားသော ကာကွယ်ဆေးနှင့် မျိုးဗီဇနည်းဖြင့် ထုတ်လုပ်ထားသော ကာကွယ်ဆေးများကို လက်ရှိရနိုင်ပြီး ကာကွယ်ဆေးများသည် ဂျပန်ဦးနှောက်ရောင်ရောဂါကို ၉၀ ရာခိုင်နှုန်းကျော်အထိ ထိရောက်စွာ ကာကွယ်ပေးနိုင်သည်။ 


ကာကွယ်ဆေးထိုးကြပါစို့

     ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဖြစ်ပွားပါက အသက်သေဆုံးစေနိုင်သလို ပြန်နေကောင်းလာသည့်တိုင် နောက်ဆက်တွဲဆိုးကျိုးများသည့်အတွက် ရောဂါမဖြစ်မီကတည်းက ကြိုတင်ကာကွယ်ရန်လိုအပ်သည်။ ထိရောက်သည့် ကာကွယ်ဆေးရှိသည့်အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်သင့်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင်ရောဂါအဖြစ်များပြီး အန္တရာယ်မြင့်မားသည့် အသက်အုပ်စုဖြစ်သည့်  အသက်၉လမှ ၁၅နှစ်အတွင်းရှိ ကလေးသူငယ် ၁၄သန်းကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ကျောင်းအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်းကို ၂၀၁၇ခုနှစ် နို၀င်ဘာလ ၁၅ရက်မှ ၂၃ရက်အတွင်း ပြည်သူလူထုအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်းကို ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၁ရက်မှ ၂၀ရက်အတွင်း အစီအစဉ်နှစ်ရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကလေး အသက်၉လ အရွယ် ကလေးတိုင်းကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ထည့်သွင်းထိုးနှံပေးမည်ဖြစ််သည်။ ထိုအသက်အရွယ်အပို်င်းအခြားရှိ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်ရစ်ခဲ့ခြင်း မရှိစေရန် ပူးပေါင်းပါ၀င်ကူညီဖို့လိုအပ်သည်။ 


     ထို့ကြောင့် ကာကွယ်ဆေးကို ပြည့်ပြည့်ဝဝထိုးနှံထားခြင်းဖြင့် ကြောက်စရာ ရောဂါဆိုးတစ်မျိုးဖြစ်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။   

 

Dr. Oliver

Credit: ဒေါက်တာ မြတ်ထွဋ္ဋ်ညွန့် ( မြန်မာ့အလင်း သတင်းစာ )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18