Print

ဇီကာဗိုင်းရပ်

  23-Nov-2017
Preview Image


 ဇီကာဗိုင်းရပ်စ်ရောဂါသည် အေးဒီစ်ခြင်ကျားကိုက်ခံရခြင်းမှ တစ်ဆင့်ကူးစက်ပါသည်။ ဇီကာဗိုင်းရပ်စ်ကို ၁၉၄၇ ခုနှစ်တွင် ယူဂန်ဒါနိုင်ငံတွင်ရှိသော ဇီကာတောနက်ထဲ၌ရှိသော RHESUS မျောက်များတွင် စတင်တွေ့ရှိခဲ့ပါသည်။ ဇီကာတောနက်ထဲ၌ တွေ့ခြင်းကို အကြောင်းပြု၍ ဇီကာဗိုင်းရပ်စ် ရောဂါဟုအမည်တပ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံတွင် ဇီကာရောဂါကူးစက်ခံရသူ လူနာပေါင်း (၄၄၀၀၀၀) မှ (၁၃၀၀၀၀၀) ထိရှိခဲ့ပြီး ဦးနှောက်သေးသော ကလေးများ (MICROCEPHALY) ၃၅၀၀ ကျော် မွေးဖွားခဲ့ပါသည်။


 ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကျန်းမာရေးဆိုင်ရာအရေးပေါ် ပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ရန် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ ကမ္ဘာပေါ်တွင် ရ၂ နိုင်ငံဖြစ်ပွားပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် မြန်မာနိုင်ငံတွင် စတင်တွေ့ရှိသောကြောင့် စုစုပေါင်း ရ၃ နိုင်ငံရှိပါသည်။ 


 ဗိုင်းရပ်စ်ပိုးရှိသောခြင်သည် မိသားစုဝင်များနှင့် အိမ်နီးချင်းများကို ကိုက်ခြင်းဖြင့် ကူးစက်စေပါသည်။ ထို့နောက် အခြားသူများကို ကူးစက်ပြီး လူထုအတွင်းရောဂါ ပျံ့နှံ့လာတတ်ပါသည်။ အခြားကူးစက်နိုင်သော နည်းလမ်းများရှိပါသည်။ ကိုယ်ဝန်ဆောင်မှ သန္ဓေသားသို့ ရောဂါကူးစက်နိုင်ပြီး ဦးနှောက်အပြည့်အဝ မဖွံ့ဖြိုးသော ဦးခေါင်းသေးကလေးငယ်များကို မွေးဖွားနိုင်ပါသည်။ ဇီကာဗိုင်းရပ်စ်သည် လိင်မှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ရောဂါပိုးရှိသော အမျိုးသား၏ သုက်ပိုးထဲတွင် ခြောက်လခန့်ထိနေနိုင်၍ လိင်ဆက်ဆံရာတွင် ဂရုစိုက်ရပါမည်။ သွေးသွင်းခြင်းမှလည်း ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ များပါသည်။ 


 အများဆုံးတွေ့ရှိရသော ရောဂါအများစုမှာ ရုတ်တရက် အနည်းငယ်ဖျားခြင်း အရေပြားတွင် အနီရောင်အကွက်နှင့် အစက်များထွက်ခြင်း၊ မျက်သားနီ၍ ရောင်ရမ်းခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းတို့ ဖြစ်ပါသည်။ ရောဂါလက္ခဏာများသည် ၂ ရက်မှ ရ ရက်ထိ ခံစားရနိုင်ပါသည်။   ဇီကာရောဂါဗိုင်းရပ်စ်ရောဂါအတွက် ကာကွယ်ဆေးမရှိပါ။ ရောဂါလက္ခဏာသက်သာစေရန်အတွက်သာ ကုသပေးနိုင်ပါသည်။ ရောဂါရှိသူအနေဖြင့် ကောင်းစွာအနားယူရပါမည်။ လတ်ဆတ်သော သစ်သီးဖျော်ရည်နှင့် ရေများလုံလောက်စွာ သောက်သုံးရပါမည်။ ပါရာစီတမောကို အညွှန်းအတိုင်းသာ သောက်သုံးရပါမည်။ အခြားအကိုက်အခဲ ပျောက်ဆေးများနှင့် ဆေးမြီးတိုများကို ရှောင်ကြဉ်ရပါမည်။


 ဇီကာဗိုင်းရပ်စ်ရောဂါတွင် ပြင်းထန်သော ရောဂါလက္ခဏာများမရှိသော်လည်း သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများနှင့် တူသောကြောင့် နီးစပ်ရာကျန်းမာရးဌာနသို့ ပြသပြီး ကုသမှုခံယူရပါမည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ဖြစ်ပွားပါက သွေးစစ်ကြည့်ရပါမည်။ ဇီကာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိပါက ကလေးနှင့်ဦးနှောက်ဖွံ့ဖြိုးမှုကို သိရှိရန်မမွေးခင် အချိန်ထိ ULTRASOUND ဖြင့် စစ်ဆေးရပါမည်။


Credit: ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18