Print

ရာသီပန်းမပွင့်ခင် အကြိုနာကျင်မှုများ

  21-Apr-2020
Preview Image

PMS ဆိုတာ ဘာလဲ

          PMS ဆိုတာ ရာသီအကြိုဖြစ်ပေါ်တတ်တဲ့ လက္ခဏာများ (Premenstrual Syndrome – PMS) ကို ဆိုလိုပါတယ်။


PMS ရဲ့ လက္ခဏာတွေက ဘာတွေလဲ

          ဒီလိုမျိုး အမျိုးသမီးတွေ ခံစားနေရတဲ့ PMS ရဲ့ လက္ခဏာတွေကို လေ့လာကြည့်ရင် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေဆိုပြီး ၂ ခု ခွဲထုတ်လို့ရပါတယ်။


ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

·         လေပွခြင်း

·         ဆီးစပ်နှင့် အမျိုးသမီး အင်္ဂါတစ်ဝိုက်နာကျင်ခြင်း

·         ကိုယ်အလေးချိန်တိုးလာသယောင် ခံစားရခြင်း

·         ရင်သားနာကျင်ခြင်း

·         ဝက်ခြံထွက်ခြင်း

·         အသားပူနွေးခြင်း

·         ခေါင်းကိုက်ခြင်း

·         ခါးနာခြင်း

·         တင်ပဆုံရိုးကွင်းနာခြင်း

·         ဝမ်းလျှောခြင်း

·         အစားတစ်မျိုးကို တောင့်တလာခြင်း

·         မူးဝေခြင်း

·         အားအင်ကုန်ခမ်းကာ နုံးလာခြင်း

·         ရင်တုန်ခြင်း

စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

·         စိတ်တိုစိတ်ဆတ်ခြင်း

·         အက်ဆီးဒင့်ဖြစ်လွယ်ခြင်း

·         အိပ်မပျော်ခြင်း

·         စိုးရိမ်ပူပန်မှုမြင့်တက်လာခြင်း

·         စိတ်ဓာတ်ကျခြင်း

·         စိတ်ကြွခြင်း

·         အစားစားချင်စိတ်မရှိခြင်း

·         ဝမ်းနည်းလွယ်ခြင်း

·         အာရုံစူးစိုက်မှုမရှိခြင်း

·         ပူးတွဲဆောင်ရွက်နိုင်စွမ်းကျဆင်းလာခြင်း


PMS ကို ဘယ်လိုသက်သာစေမလဲ

          ကြွက်တက်တာ၊ ခေါင်းကိုက်တာ၊ ခါးနာ ခါးကိုက်တာတို့လိုမျိုး လက္ခဏာတွေကို သက်သာဖို့အတွက်တော့ Ibuprofen, Mefenamic Acid တို့လို အကိုက်အခဲပျောက်ဆေးတွေကို အသုံးပြုကြတာများပါတယ်။ တချို့အမျိုးသမီးတွေကတော့ ကိုယ်ဝန်တားဆေးသောက်ပေးရင် သက်သာတာကြောင့် ဒါမျိုးတွေကို သုံးစွဲပါတယ်။ အခုလိုမျိုးဆေးတွေနဲ့ သုံးနေတာတောင်မှ မသက်သာတော့ဘူးဆိုရင်တော့ သားဥကြွေတာကို ဟန့်တားပေးတဲ့ Danocrine လိုဆေးတွေ၊ GnRH တွေကို အသုံးပြုပေးရပါတော့မယ်။

          ဒါပေမယ့် ဒီဆေးတွေဟာ ကြာရှည်သုံးစွဲရင် ဘေးထွက်ဆိုးကျိုးတွေကို ဆိုးဆိုးရွားရွားခံစားရစေသလို အသွင်သဏ္ဍာန်ပြောင်းလဲလာတာတွေပါ ဖြစ်လာနိုင်တာကြောင့် ခဏတဖြုတ်သာ သုံးသင့်ပါတယ်။ စိုးရိမ်ပူပန်မှုမြင့်တာတွေ၊ ဝမ်းနည်းလွယ်တာတွေအတွက်တော့ စိတ်ကျရောဂါကို ကုသတဲ့ဆေးတွေ (Antidepressants) ကို သုံးစွဲနိုင်ပါတယ်။

          PMS ကို ကျော်လွှားနိုင်ဖို့ဆိုရင် အစားအစာနဲ့ ဆေးဝါးသုံးစွဲမှုတို့ကို ဟန်ချက်ညီညီ ထိန်းထားဖို့လိုပါတယ်။ သူတို့ လက်ရှိပြုမူနေထိုင်တဲ့၊ ကျန်းမာရေးနဲ့လိုက်လျောညီထွေမှုမရှိတဲ့ပုံစံတွေကို ပြောင်းလဲပေးတာကလည်း နာကျင်မှုတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ -

·         အသီးအရွက်၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်တွေကို ဦးစားပေးပြီးစားပါ။

·         ဆားကိုလျှော့စားပါ။ ဆားကြောင့် လေပွတာကို ခံစားရစေသလို ရင်သားနာကျင်မှုတွေကိုလည်း ခံစားရစေပါတယ်။

·         ကဖင်းဟာ စိတ်တိုလွယ်စေသလို ရင်သားနာကျင်မှုကို အားပေးတာကြောင့် ကဖင်းပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာတို့ကို အတတ်နိုင်ဆုံးလျှော့ချပါ။

·        စိတ်ဖိစီးမှုကို လျှော့ချပါ။ ဆေးလိပ်နဲ့ အရက်သောက်တာကို လျှော့ချပါ။

·         ကြွက်သားတွေကို တောင့်တင်းပြီး ကြွက်တက်တာကိုကာကွယ်ဖို့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်ပါတဲ့ အားဆေးတွေ ဖြည့်သောက်ပါ။ ဗီတာမင် ဘီ၆၊ ဗီတာမင် အီး တို့ကို သောက်သုံးနေတယ်ဆိုရင်တော့ ဆရာဝန်ကို အကျိုးအကြောင်းပြောပြပါ။

·        မိသားစုဝင်တွေ၊ ရင်းနှီးကျွမ်းဝင်တဲ့သူတွေနဲ့ စကားပြောဆိုခြင်းဟာ စိတ်ကိုသက်သောင့်သက်သာဖြစ်စေပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိနေတာဟာ PMS ကို သက်သာစေဖို့ အများကြီးအထောက်အကူပြုနိုင်ပါတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိနေတဲ့အခါမှာ ကျန်းမာရေးကောင်းမွန်လာသလို စိုးရိမ်ပူပန်မှုတွေလည်း လျော့ကျသွားသလို ခန္ဓာကိုယ်ထဲကနေ Endrophins တွေလည်း ထွက်လာလို့ စိတ်ကို သက်သောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

အေရိုးဗစ်ကစားတာဟာ လိုအပ်တဲ့ အောက်ဆီဂျင်ကို အလုံအလောက်ပေးနိုင်တာကြောင့် နှလုံးကို အထောက်အကူပြုသလို ခန္ဓာကိုယ်အတွက် တခြားလုပ်ဆောင်မှုတွေပါ ကောင်းစေပါတယ်။

Credit : နှင်းနုလွင်(ဆေးဝါး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18