Print

ရိုးရိုးမွေးမလား၊ ခွဲမွေးမလား

  17-Mar-2020
Preview Image

          အမေရိကန် မီးယပ်သားဖွားကောလိပ်က ဆရာဝန်ပညာရှင်တွေက ဗိုက်ခွဲမွေးဖွားခြင်းရဲ့ အကျိုးအနည်းငယ်နဲ့ ဆိုးကျိုးများစွာကို မိခင်လောင်းတွေ မိခင်တွေနဲ့ ပြည်သူလူထုကို မလိုအပ်ဘဲ ခွဲစိတ်မမွေးဖို့ အသိပညာပေးပွဲတွေကို ၂၀၀၉ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ကြတယ်။


          လုံးဝကို ရိုးရိုးမမွေးနိုင်တဲ့လူနာတွေမှသာ ကလေးနဲ့လူကြီးအသက်ကို အန္တရာယ်တွေကြားက risk ယူပြီး ဗိုက်ခွဲမွေးသင့်တာပါ။ ခွဲစိတ်မွေးဖွားသင့်တဲ့ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းတွေ့ရတယ်။           သဘာဝအတိုင်းမွေးဖွားရင် မိခင်ရော ကလေးပါ အသက်အန္တရာယ်ရှိစေတဲ့အခါ ဥပမာ မိခင်မှာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိနေခဲ့ရင် သို့မဟုတ် တင်ပါးဆုံအရိုးကွင်းကျဉ်းမြောင်းနေခဲ့ရင်၊ ကလေးက သိပ်ကြီးထွားနေရင်၊ အမြွှာပူးနဲ့အထက် ၃ - ၄ မြွှာပူးတွေဖြစ်နေခဲ့ရင်၊ မိခင်မှာ ဆိုးရွားတဲ့ ကူးစက်ရောဂါ ရေယုန် (သို့) ခုခံအားကျဆင်းရောဂါတစ်ခုခုရှိနေခဲ့ရင်၊ အချင်းက သားအိမ်ဝကို ပိတ်ဆို့နေရာယူနေခဲ့ရင်နဲ့ မိခင်ရောကလေးပါ ညှစ်အား၊ တိုးထွက်အားကုန်ခန်းကာ ဆက်လက်ပြီး သဘာဝအတိုင်းမွေးဖွားဖို့ မဖြစ်နိုင်လောက်အောင် ခြေကုန်လက်ပန်းကျနေကြရင် အရေးပေါ်ဖြစ်စေ၊ ရက်သတ်မှတ်ပြီးဖြစ်စေ ဗိုက်ခွဲမွေးမှသာ မိခင်ရောကလေးပါ အသက်ချမ်းသာရာရမှာဖြစ်ပါတယ်။


နာလန်ထကာလ ကြာရှည်တယ်

          ရိုးရိုးမွေးရင် တစ်ပတ်နှစ်ပတ်ကြာရင်ပဲ သားမွေးလမ်းကြောင်းနဲ့ အနီးပတ်ဝန်းကျင်အစိတ်အပိုင်းတွေက ပုံမှန်အနေအထားအတိုင်း ပြန်ဖြစ်လာကြတယ်။ ဗိုက်ခွဲမွေးရင်တော့ အဲဒီဒဏ်ရာနဲ့ အနီးပတ်ဝန်းကျင် အင်္ဂါအစိတ်အပိုင်းတွေဟာ မူလအတိုင်း ပြန်ဖြစ်လာဖို့ လေးပတ်မှ ခြောက်ပတ်အထိ ကြာမြင့်ပါတယ်။ ဆေးရုံပေါ်မှာလည်း ရိုးရိုးမွေးသူတွေထက် ၃ - ၄ ရက်ပိုကြာကြာတက်ရောက်နေရတတ်တယ်။ လှုပ်ရှားသွားလာမှုနည်းပါးရင်လည်း သွေးလည်ပတ်မှု မကောင်းတော့ ချုပ်ရိုးကျက်တာ နှေးကွေးပြီး အစားအသောက်ပါနည်းပါးရင် အာဟာရနည်းကာ ကိုယ်ခံအားပါနည်းလို့ ရောဂါပိုးဝင်ရောက်လွယ်တော့ အဖျားအနာပိုထူပြောလာစေတယ်။


အသက်အန္တရာယ် နီးကပ်မှုများ

          ဗိုက်ခွဲမွေးတာက ရိုးရိုးမွေးတာထက် သုံးဆတောင် သေနှုန်းများတာ စစ်တမ်းတွေမှာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ မေ့ဆေး၊ ထုံဆေးအန္တရာယ်၊ ရောဂါပိုးဝင်ရောက်လွယ်မှု၊ သွေးခဲဖတ်ဖြစ်ပေါ်ကာ တစ်နေရာရာမှာ ပိတ်ဆို့သေဆုံးစေမှုစတာတွေကြောင့် သေနှုန်းမြင့်မားစေတာကို ပြင်သစ်သုတေသနတစ်ခုမှာ တွေ့ရတယ်။

          နောက်ထပ် ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်ခွဲမွေးဖူးသူတွေမှာ အချင်းရှေ့ရောက်တဲ့ ပြဿနာ၊ သားအိမ်ကွဲထွက်တတ်ခြင်း၊ ဆီးအိမ်နဲ့ အစာဟောင်းအိမ် ထိခိုက်ဒဏ်ရာရခြင်း ပြဿနာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ရိုးရိုးမွေးမရဘဲ ချုပ်ရိုးပြဲမယ့်အန္တရာယ်ကြောင့် နောက်ကိုယ်ဝန်တွေပါ ဗိုက်ခွဲမွေးရခြင်း၊ အဆင်မသင့်ရင် သားအိမ်ပါ ထုတ်ပစ်ဖယ်ရှားရတတ်ခြင်း စတဲ့နောက်ဆက်တွဲအန္တရာယ်တွေ တွေ့ရတတ်သေးတယ်။


သာမန်အတိုင်းရိုးရိုးမွေးဖွားခြင်း

          တချို့မိဘတွေကတော့ သာမန်မွေးရိုးမွေးစဉ် ဗိုက်နာပြီးမှ မွေးရတာကို ပိုသဘောကျပါတယ်။ အမေရိကန်မှာဆိုရင် မိခင်သုံးယောက်မှာ ၂ ယောက်က ရိုးရိုးနည်းနဲ့ မွေးဖွားကြသူတွေဖြစ်ကြပါတယ်။ သူတို့ဆီမှာတော့ ရိုးရိုးမွေးတာနဲ့ ဗိုက်ခွဲမွေးတာရဲ့ အကျိုးအပြစ်တွေကို သေချာရှင်းပြပြီးမှသာ အရေးပေါ်မဟုတ်ရင် မိခင်နဲ့ သူ့မိသားစုကိုပဲ သူတို့ကြိုက်ရာ ရွေးချယ်ခိုင်းလေ့ရှိတယ် ဆိုပါတယ်။


ရိုးရိုးဓမ္မတာအတိုင်း မွေးဖွားခြင်းရဲ့ ကောင်းကျိုးများ

          ရိုးရိုးမွေးတာက အချိန်ပိုကြာသလို ဗိုက်နာရ၊ ညှစ်ရစတဲ့ ကာယိကဒုက္ခကိုလည်း မိခင်က ပင်ပန်းကြီးစွာခံစားရတယ်။ ဒါပေမယ့် မွေးပြီးရင်တော့ ဗိုက်ခွဲမွေးရတာလို ဆေးရုံပေါ် ရက်အကြာကြီး နေစရာမလိုပါဘူး။ ၂၄ နာရီမှ ၄၈ နာရီအတွင်းမှာ မိခင်ရော၊ ကလေးပါ နေကောင်းရင် ဆေးရုံမှ ဆင်းလို့ရပါတယ်။ မွေးအပြီး နာလန်ထကာလလည်း ပိုမြန်ဆန်ကာ အချိန်တိုတောင်းပါတယ်။ အကြီးစား ခွဲစိတ်တာမျိုးဖြစ်တဲ့ ဗိုက်ခွဲမွေးတာမျိုးမဟုတ်လို့ ခွဲစိတ်တာရဲ့ အန္တရာယ်တွေ အားလုံးကင်းဝေးစေတယ်။ မေ့ဆေး၊ ထုံဆေးအန္တရာယ်တွေ ၊ သွေးထွက်ဆုံးရှုံးတာတွေ၊ မခံစားရတော့ဘဲ ကလေးကို မွေးပြီးပြီးချင်း နို့ချိုတိုက်ကျွေးနိုင်တယ်။ ထို့အတူ စောစောနို့တိုက်ဖြစ်တော့ လှုံ့ဆော်မှုတွေရရှိပြီး နို့ပိုထွက်စေသလို သားအိမ်ပိုအဝပ်မြန်စေပါတယ်။ သွေးသွန်တာလည်း အဖြစ်နည်းစေပါတယ်။


ရိုးရိုးမွေးတာရဲ့ အားနည်းချက်များ

          ကလေးတိုးထွက်မှုကြောင့် မွေးလမ်းကြောင်းတစ်လျှောက်ရှိ ကြွက်သားတွေ၊ အရေပြားတွေ စုတ်ပြဲဒဏ်ရာရှိစေနိုင်တယ်။ ဒါ့ကြောင့် မိန်းမကိုယ်အဝမှာ မွေးလမ်းကြောင်းချဲ့ပေးပြီး ကလေးမွေးပြီးမှ ပြန်ချုပ်ပေးရင် အနာကျက်လည်းမြန်၊ ပုံမမှန် စုတ်ပြဲလို့ အနာမကျက်နိုင်၊ နေသားတကျမဖြစ်နိုင်တဲ့ ဒုက္ခတွေ ကင်းဝေးစေပါတယ်။ အဲဒီလိုepisiotomy မပြုလုပ်ဘဲ ဒီအတိုင်း မွေးဖွားရင်တော့ အဲဒီနေရာ ပတ်ဝန်းကျင်မှာ ကွဲပြဲချင်သလို စုတ်ပြဲဒဏ်ရာတွေ (wound) ရရှိနိုင်ပြီး အနီးနားက ဆီးအိမ်နဲ့ စအိုဟောင်းအိမ်က ကြွက်သားတွေပါ ဒဏ်ရာရရှိသွားနိုင်တယ်။ အဲဒီအခါ နောက်ပိုင်းကာလတွေမှာ ဆီးနဲ့ဝမ်း မထိန်းနိုင်တဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

          စာရေးသူသဘောအရတော့ တင်ပါးဆုံ (သို့) မျက်နှာစတဲ့ ပုံမမှန် အနေအထားနဲ့ မိခင်အရိုးကွင်းထဲ ဦးတိုက်နေသူတွေ၊ ကလေးသိပ်ထွားလွန်းလို့ အမွေးရ ခက်ခဲနေသူတွေ၊ ရေမြွှာပေါက်ပြီးချိန် ၈ - ၁၀ နာရီအထိ ကြာပြီးတာတောင် ကလေးထွက်မလာနိုင်သေးသူတွေ၊ မိခင်ရော ကလေးပါ ညှစ်အားတိုးဆေးကုန်ခန်းကာ ခြေကုန်လက်ပန်းကျနေသူတွေ၊ ကလေးနှလုံးခုန်သံမြန်လွန်း၊ နှေးလွန်းနေသူတွေဆိုရင် အချိန်မဆိုင်းဘဲ အရေးပေါ်ခွဲစိတ်မွေးဖွားတာက ကလေးရော မိခင်အတွက်ပါ အန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

          မွေးဖွားချိန်မှာ အန္တရာယ်ရှိမရှိ ကြိုတင်စိစစ်နိုင်ဖို့ ကိုယ်ဝန်ဆောင်ပြီး ၁ -၂ လ လောက်ကတည်းက ဆေးရုံ၊ ဆေးခန်းကိုသွားရောက်ပြသကာ ကိုယ်ဝန်အပ်နှံပြီး သတ်မှတ်ထားတဲ့ ရက်အတိုင်း မမွေးမချင်း အချိန်မှန် ပြသသင့်ပါတယ်။

          အထက်ပါအချက်တွေကို ပြည့်စုံအောင် ထည့်သွင်းစဉ်းစားပြီး မိခင်နဲ့ကလေး တစ်ဦးချင်းအလိုက် ကိုက်ညီသင့်လျော်မယ့် မွေးဖွားနည်းကို မိခင်ရော၊ မိသားစုနဲ့ သက်ဆိုင်ရာဆရာဝန်များကို ညှိနှိုင်းတိုင်ပင်ကာ ရွေးချယ်မွေးဖွားသင့်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ မိခင်နဲ့ မွေးကင်းစကလေးတွေ ဖြစ်လာနိုင်ကြပါစေ။

Credit : ဒေါက်တာမြချယ်ရီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18