Print

သက်ငယ်ကိုယ်ဝန်ပြဿနာ

  10-Mar-2020
Preview Image

သက်ငယ်ကိုယ်ဝန်ဆောင်ကလေးများ

          ကျောင်းတွေမှာ၊ အိမ်တွေမှာ လိင်ပညာပေးတာ အရင်တုန်းက တော်တော်အားနည်းခဲ့ကြပါတယ်။ အခုတော့ စာသင်ကျောင်းတွေမှာ အသင့်အတင့်တော့ ထည့်သွင်းသင်ကြားပေးနေပါတယ်။ လိင်ပညာပေးသင်ခန်းစာတွေ သင်ပေးမထားရင် ဆောင်ရန်ရှောင်ရန်လည်း မသိတော့ အရွယ်မရောက်သေးသူ၊ အရွယ်မရောက်တရောက်သူ၊ အရွယ်ရောက်ပြီးသူ မိန်းကလေးတိုင်း အစော်ကားခံကြရရင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်ခံကြရတယ်။ တစ်ဘဝလုံး ယူကျုံးမရဖြစ်စေတဲ့ သက်ငယ်ကိုယ်ဝန်ဆောင်လေးတွေ ဖြစ်လာကြတယ်။


သက်ငယ်ကိုယ်ဝန်ရဲ့ လက္ခဏာများ

          ကလေးမလေးတွေမှာ ရာသီမပေါ်သေးဘဲ ကိုယ်ဝန်ရှိနိုင်သလို အပျိုဖော်ဝင်စမှာ ရာသီသွေးနည်းနည်းလေး အဆင်းပြပြီး နောက်လတွေမှာ လုံးဝမလာတော့တာနဲ့လည်း ကိုယ်ဝန်ရှိတာကို ပြတတ်ပါတယ်။

          များသောအားဖြင့် အပျိုဖော်ဝင်ခါစ ရာသီစက်ဝန်းမမှန်တတ်သေးတာကို အပျိုစမ်းကာလအဖြစ် သတ်မှတ်နေကြတာဆိုတော့ တော်ရုံတန်ရုံမိဘတွေက အမှတ်တမဲ့နေတတ်ကြပါတယ်။

          ကိုယ်ဝန်ရှိနေတဲ့ကလေးမက ရင်သားလေးတွေ ပိုတင်းလာပြီး နာကျင်တယ်လို့ ပြောတတ်ပါတယ်။ လူကြီးကိုယ်ဝန်တွေလိုပဲ မနက်အစောပိုင်းလေပျို့လေအန်ဖြစ်တတ်တယ်။ တချို့မှာတော့ မကြာခဏအန်နေတယ်။ ခေါင်းမူးလာတယ်။ ခန္ဓာကိုယ်ဝဖြိုးကာ ကိုယ်အလေးချိန်တက်လာတယ်။ အစားအသောက်ပိုစားလာပြီး ဝမ်းဗိုက်လေးက စူထွက်လာတယ်။ အဲဒီလို လက္ခဏာလေးတွေ တွေ့လာရရင် မိဘတွေအနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ စစ်ဆေးမှုတွေကို စိတ်ရှည်လက်ရှည် ပြုလုပ်သင့်ပါတယ်။

          ကလေးကို ပြစ်တင်ရန်ရှာတာ၊ ကြိမ်းမောင်းရိုက်နှက်တာ၊ ဂရုမစိုက်ဘဲ ပစ်ထားတာ၊ ကိုယ်ဝန်ဖျက်ချတာတွေ မပြုလုပ်သင့်ပါဘူး။ ကလေးရော သန္ဓေသားပါ အသက်အန္တရာယ်ကျရောက်စေသလို ကလေးမမှာ စိတ်ဒဏ်ရာရစေမှာဖြစ်တဲ့အတွက် အဲဒီလိုမျိုး သက်ငယ်ကိုယ်ဝန်မဖြစ်အောင် ကြိုတင်ကာကွယ်ပေးခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။


သက်ငယ်ကိုယ်ဝန်တွေရဲ့ နောက်ဆက်တွဲပြဿနာများ

          သက်ငယ်ကိုယ်ဝန်ဆောင်သူတွေမှာ ကိုယ်ဝန်ဆောင် အဆိပ်တက်ရောဂါ(Preeclampsia) နဲ့ သွေးတိုးတာကြောင့် အသက်အန္တရာယ်အလွန်နီးကပ်ပါတယ်။ ဒါ့အပြင် လမစေ့၊ ပေါင်မပြည့်ဘဲ ကလေးပေါက်စနလေးတွေ မွေးတတ်လို့ ကလေးအသေအပျောက်လည်း ပိုမိုများစေတယ်။ သားပျက်သားလျှောကလည်း ပိုမိုဖြစ်လွယ်ပါသေးတယ်။

          အများစု သက်ငယ်ကိုယ်ဝန်တွေက ကျောင်းထွက်စောစေပြီး ပညာရေးဆုံးခန်းမတိုင်ကြတော့ဘဲ ဖြစ်လာရတယ်။ အလုပ်အကိုင်ကောင်းကောင်းလည်း နောင်မှ ရဖို့မလွယ်ကူတော့ဘဲ ဆင်းရဲဖို့ပဲ များလာစေတယ်။


သက်ငယ်ကိုယ်ဝန်သည်တွေအတွက် အကြံပေးချက်

          အလိုမတူဘဲဖြစ်စေ၊ အိမ်ထောင်စောပြုလို့ဖြစ်စေ အသက်ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ဆောင်ရရင် မိဘတွေရော မိခင်လောင်းလေးကပါ ဆေးရုံဆေးခန်းပြဖို့ ဝန်လေးကြပါတယ်။ ဝန်မလေးသင့်၊ မနှောင့်နှေးသင့်ပါဘူး။ စောစောကိုယ်ဝန်ပြထားတာက မိခင်ရော ကလေးလေးအတွက်ပါ ကျန်းမာရေးပိုစိတ်ချရပါတယ်။

          သက်ငယ်ကိုယ်ဝန်လေးတွေ တွေ့ရလေ့ရှိတဲ့ ပြဿနာတွေက သားပျက်သားလျှောဖြစ်လွယ်တယ်။ မထင်မရှားနဲ့ တစ်နေရာရာကို သွားပြီး တရားမဝင်နည်းနဲ့ မိခင်ရောကလေးပါ အန္တရာယ်ဖြစ်စေတဲ့နည်းတွေနဲ့ သားဖျက်ချတာ၊ မီးဖွားတာဖြစ်နိုင်တယ်။ ကလေးပါမက မိခင်မှာပါ ကိုယ်တွင်းသွေးလွန်တာ၊ ရောဂါပိုးမျိုးစုံဝင်ရောက်တာ၊ အဖျားကြီးပြီး သွေးအဆိပ်တက်တာ၊ သွေးပေါင်ကျ သတိလစ်မေ့မြောကာ မိခင်ရော ကလေးပါ သေဆုံးနိုင်ပါတယ်။ သားအိမ်ပေါက်ပြဲစုတ်ပြတ်နေလို့ သားအိမ်ခွဲထုတ်ပစ်ရပြီဆိုရင် နောက်တစ်သက်လုံး မိခင်ဘဝမခံယူနိုင်တော့တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။


သက်ငယ်မိခင်က ကျန်းမာတဲ့ နေ့စေ့လစေ့ကလေးမွေးဖွားလာနိုင်ပါ့မလား။

          သက်ငယ်ကိုယ်ဝန်ဆိုပေမယ့် ကိုယ်ဝန်ရှိမှန်း သိကတည်းက ကျန်းမာရေးဌာနတွေ၊ ဆေးရုံဆေးခန်းတွေဆီကို စောစီးစွာ ပြသပြီး ဆရာဝန် ဆရာမတွေရဲ့ အကြံပေးချက်တွေအတိုင်း လိုက်နာမယ်၊ အချိန်မှန် ပြန်ပြကာ စစ်ဆေးနေမယ်ဆိုရင် ကျန်းမာတဲ့ ပေါင်ပြည့်၊ နေ့စေ့လစေ့ကလေးကို မွေးဖွားပေးနိုင်ပါတယ်။

          အသား၊ အသီးအရွက်၊ ပဲ၊ ဥနဲ့ အသီးအနှံအမျိုးမျိုးရနိုင်သလောက် အာဟာရပြည့်အောင် ကောင်းစွာ စားသောက်ကြဖို့ လိုအပ်သလို ပေါ့ပါးတဲ့လေ့ကျင့်ခန်းနဲ့ လမ်းလျှောက်တာ၊ နေ့စဉ်ပြုလုပ်ဖို့အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်အားတိုးဆေးနဲ့ ဖောလစ်အက်ဆစ် ဝ. ၄ မီလီဂရမ်ကို ကိုယ်ဝန်အစောပိုင်းကတည်းက နေ့စဉ်သောက်ပေးရမယ်။ မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ကူညီစောင့်ရှောက်မှု စိတ်ဓာတ်လုံခြုံအောင် နားလည်မှုအပြည့်နဲ့ ဖေးမမှုတွေကလည်း သက်ငယ်ကိုယ်ဝန်ဆောင်အတွက် စိတ်ဓာတ်ခွန်အားတွေ ရရှိစေပါတယ်။

          တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် သက်ငယ်ကိုယ်ဝန်ဖြစ်လာပြီဆိုရင် ပစ်ပယ်တာ၊ ကြိမ်းမောင်းတာ၊ ကိုယ်ဝန်ဖျက်ချတာ လုံးဝမပြုလုပ်သင့်ဘဲ ပြဿနာအားလုံးကို ခေါင်းအေးအေးထား ဖြေရှင်းဖို့၊ ရခဲလှတဲ့လူ့အသက် နှစ်ချောင်းကို အချည်းနှီးမဖြစ်စေဘဲ ပြုစုစောင့်ရှောက်ပေးဖို့သာ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Credit : ဒေါက်တာ မြမြချယ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18