Print

အဖြစ်နှုန်းများလာပြီး ပြန်ဖြစ်တတ်သောရောဂါ

  30-Oct-2016
Preview Image

 

ယခုတလော အမျိုးသမီးရောဂါတစ်ခုအပေါ် စိတ်ဝင်စားစရာနှင့် ဂရုပြုစရာဖြစ်လာသည်။ ရောဂါအသစ်တော့မဟုတ်။ ယခင်ခေတ်များက အနောက်နိုင်ငံများတွင်ပို၍ အဖြစ်များသည်။ နောက် ပိုင်းတွင် ဆီးချိုရောဂါကဲ့သို့ အရှေ့တိုင်းတွင် ပိုမိုတွေ့ရှိလာရ သည်။ မျိုးရိုးဗီဇနှင့်တော့ မပတ်သက်ပါ။ စိတ်ဝင်စားရခြင်းမှာ ကင်ဆာရောဂါမဟုတ်သော်လည်း ယခင်ထက် ပိုမိုအဖြစ်များလာခြင်းနှင့် အဆင်မသင့်ပါကလည်းကောင်း၊ ကုသမှုနှင့် နောက်ဆက်တွဲကုသမှု မပြည့်စုံ၍လည်းကောင်း ထပ်မံဖြစ်ပွားခြင်း(Recurrance) များတွေ့လာရသည်။ ယင်းရောဂါမှာ ဓမ္မတာသွေးပေါ်နေသော အသက် ၁၂ နှစ်မှ သွေးမဆုံးမီ အရွယ်အတွင်တွင်ဖြစ်သည်။ မွေးရာပါ သနေသား ကလာပ်စည်းများကြောင့် လည်းကောင်း၊ မဟော်မုန်းဓာတ်ဖောက်ပြန်မှုကြောင့် လည်းကောင်း၊ အခြားသားအိမ်အလုံးရောဂါနှင့် ယှဉ်တွဲ၍လည်းကောင်း သဘာဝအတိုင်း အိမ်ထောင်သားမွေး မပြုသောကြောင့်လည်းကောင်း ဖြစ်တတ်သည်။ယင်းရောဂါမှာ ” နေရာလွဲမှာသားအိမ်အတွင်းသား” ဟုခေါ်တွင်သော (Endometriosis)ရောဂါဖြစ်သည်။ စာရေးသူ၏ အတွင်းအပြင်လူနာ အမျိုးသမီးများတွင် လွန်ခဲ့သည့်ခုနှစ်နှစ်ကာလ အတွင်း ပိုမိုတွေ့ရှိလာရသည်။ စာရေးသူ၏ လူနာတချို့တွင်လည်းကောင်း၊ အခြားအိုဂျီ (OG) များ ကုသထားသည့် လူနာများတွင်လည်းကောင်းရောဂအကင်းမသေဘဲ ထပ်မံဖြစ်ပွားမှုနှုန်း များလာ ကြောင်းတွေ့ရသည်။

 

ပိုမိုတွေ့ရှိလာရခြင်း၏ အကြောင်းတစ်ခုမှာ အသက် ၃၀ နှစ်နှင့် ၄၀ နှစ်အကြား ကိုယ်ဝန်ရရန်ငေ့်နှေးကြန့်ကြာမှုကြောင့် လာရောက်ပြသရင်း အခြေခံစုံစမ်း စစ်ဆေးမှုပြုရာတွင်တွေ့ရှိခြင်းဖြစ်သည်။ ဤရောဂါ (Endometriosis) သည် သားအိမ်အတွင်း တွင်သာဖြစ်ပွားသော (Internal) အမျိုးအစားနှင့် သားအိမ်အပြန်ဘက်တွင် ဖြစ်ပွားသော (External) အမျိုးအစားဖြစ်သည်။ အတွင်းအမျိုးအစားတွင် သားအိမ်သည် ညီညာချောမွေ့စွာ ပွရောင်းရောင်း ကြီးလာတတ်သည်။ အပြင်ဘက် အမျိုးအစားတွင် သားဥများ၊သားဥပြွန်များ၊ သားအိမ်၏အရွတ်အကြောများ၊ သားအိမ်၏နောက်ဘက် အစာဟောင်းအိမ်နှင့်ကြားတွင်လည်းကောင်း ဖြစ်တတ်သည်။ တင်ပါးဆုံနှင့် ၀မ်းဗိုက်ရှိချုပ်ရိုးများ၊ ချက်နှင့်ပေါင်ခြံအရွတ်လိုဏ်ခေါင်းနှင့် အဆုတ်များတွင် ဖြစ်နိုင်သည်။ သားအိမ်အတွင်းလွှာ၏ ကလာပ်စည်းနှင့် ဂလင်းလေးများ သွေးမတဆင့်လည်းကောင်း၊ တိုက်ရိုက်လည်းကောင်း ပျံ့နှံသွားသော်ကြောင့်အရိုးကွင်း အပြင်ဘက်နေရာများသို့ ရောက်ရှိသွားရသည်။ ဤရောဂါရှိပါက ဓမ္မတာသွေးမမှန်ခြင်း၊ဓမ္မတာသွေးပေါ်နေချိန်တွင်ကိုက်ခဲ့ခြင်း၊ သားအိမ်၊ သားဥပြွန်များတွင် အလုံးဖြစ်ခြင်း၊ အကျိတ်အဖုများဖြစ်ခြင်း၊ ကိုယ်ဝန်ရနိုင်ခဲ ဖြစ်နေခြင်းတို့ဖြစ်သည်။

 

သိသာသောခံစားမှုတစ်ခုမှာ ဓမ္မတာသွေးပေါ်နေစဉ်တွင် အလွန်အမင်း ကိုက်ခဲခြင်းဖြစ်သည်။ ဆေးထိုးရခြင်း၊ ကျောင်းနှင့် ရုံးတို့မှခွင့်ယူရခြင်းအထိ ဆိုးရွားလေ့ရှိသည်။ ချက်၊ ခွဲကြောင်းများနှင့်ပေါင်ခြံတွင်ဖြစ်ပါကအဖုအကျိတ်အသွင်ဖြစ်တတ်ပြီး ဓမ္မတာသွေး ပေါ်ချိန်တွင် သပြေသီးမှည့်ရောင်ဖြစ်လပြီးနာကျင်မှုခံစားရသည်။ ဓမ္မတာသွေးပေါ်ပြီးလျှင် နာကျင်မှုမရှိတော့ပေ။ အဆုတ်နှင့် အဆုတ်အမြှေးပါးတွင်ဖြစ်ပါက ဓမ္မတာသွေးပေါ်ချိန်တွင် ချောင်းဆိုးပြီးသွေးပါတတ်ပါတယ်။ ဤရောဂါ (Endometriosis) ဖြစ်လာပါက ဆေးပေး၍ဖြစ်စေ၊ ခွဲစိပ်ခြင်းဖြင့်ဖြစ်စေ၊ နှစ်မျိုးစလုံးဖြင့်ဖြစ်စေ ကုသရလေ့ရှိသည်။ကိုယ်ဝန်ရနိုင်ခဲ့သောလူနာများတွင် ၂၀ ရာခိုင်နှုန်း ယှဉ်တွဲဖြစ်လေ့ရှိသောကြောင့် အသေအချာ ရှာဖွေစုံစမ်းသင့်ပါပေသည်။ ဤရောဂါအတွက် သမရိုးကျ ကုနည်းကုထုံးရှိပြီး သိပြီးဖြစ်သည်။ သို့ရာတွင် လူနာတစ်ဦးနှင့် တစ်ဦး ရောဂါဆိုးရွားမှု၊ ရောဂါဖြစ်သောနေရာ စသည်များမတူဘဲ ကွာခြားတတ်သောကြောင့် တစ်ဦးချင်းလိုက်၍ကုသသော အထူးကုများမှ အသေအချာရှာဖွေကုသရန် လိုအပ်သည်။ ဆေးစား၊ ဆေးထိုး၍ဖြစ်စေ၊ လျှပ်စစ်၊ လေဆာတို့ဖြင့်ဖြစ်စေ ကုသပေးလေ့ရှိသည်။ ထူးခြားသည့်အချက်တစ်ခုမှာ ခွဲစိပ်ရာတွင် ခက်ခဲတတ် ခွဲစိတ်နည်းမှန်ကန်ရန်လိုအပ်သည်။

 

မမှန်ကန်ပါကပြန်ဖြစ်တတ်၊ အလုံးတည်တတ်သည်။ သားဥတွင်ဖြစ်သော (Chocolate Cyst) အလုံးတွင် ဘေးဘက်ရှိကလီစာများနှင့် ကပ်တွယ်နေတတ်ပြီး ကိုယ်ဝန်ရရှိရန် ဆက်လက်ကုသဖို့ လိုအပ်သော လူနာများအတွက် အထူးအလေးထားပြီး ခွဲစိပ်ရန်လိုသည်။ ပြန်လည်အလုံးတည်ခြင်း မဖြစ်ရန်နောက်ဆက်တွဲ ကုသမှုများလိုအပ်သည်။ ကုသမှုများတွင် စားဆေး၊ ထိုးဆေးများရှိသည်။ မကြာမီက ပေါ်ပေါက်လာသော ဆေးအသစ်များလည်းရှိသည်။ ယင်းစားဆေး၊ထိုးဆေးများ သင့်လျော်သလို ရွေးချယ်ပြီး နောက်ဆက်တွဲ ကုသရန်လိုသည်။ တချို့လူနာများ ဤရောဂါ သားဥများတွင် ဖြစ်ခါစအလုံးမကြီးသေးပါက၊ စားဆေး၊ ထိုးဆေး မှန်ကန်စွာပေးပါက ခွဲစိတ်ရန်မလိုဘဲ ကုသနိုင်သည်။ အစဦးရောဂါတွေ့ကတည်းက သားဥအလုံးများ သတ်မှတ်ထားသည့် အရွယ်ထက်ကြီးနေခြင်းဖြစ်ပါက နည်းလမ်းမှန်နှင့် ခွဲစိတ်ကုသရန်လိုအပ်သည်။ ဤအရေးကြီးသော (Endometriosis)ရောဂါ အထူးသဖြင့် ကိုယ်ဝန်ရနိုင်ခဲ့သော ပြဿနာနှင့် ယှဉ်တွဲနေသော လူနာများအတွက်များစွာ အောင်မြင်မှုရလာဒ်များရကာ မိသားစုပျော်ရွင်နိုင်ကြမည် ဖြစ်ကြောင်းစေတနာကောင်းဖြင့် တင်ပြလိုက်ပါသည်။

 

Ref:

ဒေါက်တာမြင့်မောင်မောင်

(သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး)

Health For All magazin No.98, Pg.22-23, March.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18