Print

အဖြူဆင်းခြင်း (White discharge)

  30-Oct-2016
Preview Image

 

လူ့လောက လူ့သဘာဝမှာ အမျိုးသမီးလေးတွေကို ပန်းကလေးတွေအဖြစ် တင်စားပြောဆိုကြပါ တယ် ။ပန်း ကလေးတွေ ဆိုတာ ငယ်ရွယ်နုပျိုစဉ်မှာ အစွမ်းကုန် ပွင့်ဖူးလှပလေ့ရှိပြီး ကြီးရင့်လာတဲ့အခါမှာတော့ ညှိုးနွမ်း ခြောက်သွေ့ သွားလေ့ရှိတယ် ။ ဒီလိုအချိန်လေးအတွင်း အမျိုးသမီးတွေအနေနဲ့ မီးယပ်နဲ့ပတ်သတ်တဲ့ ပြဿနာ မျိုးစုံ ကြံုတွေ့ရလေ့ရှိပါတယ် ။ အခုတင်ဆက်ပေးမှာကတော့ မီးယပ်ပြဿနာမျိုးစုံထဲကမှ White discharge လို့ခေါ်တဲ့ အဖြူဆင်းခြင်း ပြဿနာပဲဖြစ်ပါတယ်။

 

အဖြူဆင်းခြင်း ဘယ်နှစ်မျိုးရှိသလဲ

******************************

အဖြူဆင်းခြင်းကို ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ် ။ မူမှန်အဖြူဆင်းခြင်း ( normal white discharge ) နဲ့ မူမ မှန် အဖြူဆင်းခြင်း ( abnormal white discharge) စသည်တို့ပဲဖြစ်ပါတယ် ။ သာမန်အပျိုဖော်ဝင် (puberty) တဲ့အမျိုးသမီးတွေမှာ တစ်လမှာ ပုံမှန် နှစ်ကြိမ်ခန့် အဖြူဆင်းလေ့ရှိကြပါတယ် ။ အဲဒါကို မူမှန် အဖြူဆင်းခြင်းလို့ ခေါ်ပါ တယ်။ ပထမအကြိမ်ဟာ ပထမလနဲ့ ဒုတယလရဲ့ ထက်ဝက်ဝက်လိုက်ရင် အလယ် ရက်တွေမှာ အဖြူဆင်းပါတယ် ။ ဒုတိယအကြိမ်ကတော့ သွေးမပေါ်ခင် တစ်ရက်ရက်မှာ ဆင်းလေ့ရှိကြပါတယ် ။ အဲဒီလိုဆင်းတာဟာ အမျိုးသမီးတွေအနေနဲ့ သတိထား မိလောက်တဲ့ ပမာဏမဟုတ်ပဲ အနည်းငယ် (သို့မဟုတ်) ခြောက်မနေပဲ စိုစိစိ ဖြစ်နေယုံလောက်ပဲ ဖြစ်တတ်ပါတယ် ။ ဒါကြောင့်ယေဘူယျကြည့်မယ်ဆိုရင်

 

- ဆီးစပ် နှင့်ပေါင်ရင်း ၊ အောက်ခံဘောင်းဘီ စိုတဲ့အထိလောက်တော့ပမာဏမများပါဘူး ။

- ဆိုးရွားတဲ့ အနံ့အသက်နဲ့ ယားယံမှုတွေမရှိပါဘူး ။

- အချိန်ကာလအနေဖြင့်လည်း အထက်ပါပြောခဲ့တဲ့ အချိန်တွေမှာ ဆင်းလေ့ရှိကြပါတယ် ။

 

အဲဒါကပို မူမှန်သော ဇီဝကမ္မပြောင်းလဲမှု ( Normal Physiological Change) လို့ ခေါ်တွင်ပါတယ် ။ အမျိုး သမီးလေးတွေ အနေနဲ့ ဒီသဘောတရားကို နားလည်ဖို့လို ပါတယ် ။ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက်လည်း အိမ်မှ ရေသန့်သန့်နဲ့ ဆပ်ပြာနုနု လေးတွေ သုံးလို့ရပါတယ် ။ ကာဘော်လစ်လို ဆပ်ပြာမျိုးသုံးဖို့ မသင့်တော်ပါဘူး ။ အပေါ်ယံပဲ ဆေးကြောဖို့လိုပြီး အတွင်းအထိဆေးကြောဖို့ မလိုအပ်ပါဘူး ။ အန္တရာယ် မရှိတဲ့ မူမှန်အဖြူ ဆင်းခြင်းဖြစ် တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ မလိုအပ်ပါဘူး ။ Personal hygiene ကောင်းဖို့လိုပါတယ် ။တစ်ချို့အမျိုးသမီးတွေအနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဒတ်တော ၊ အဆက်ပ်တော စတဲ့ ပိုး သတ်ဆေးတွေနဲ့ အတွင်း ဖက်ကို ဆေးကြောခြင်းများ ပြုလုပ်တတ်ကြပါတယ် ။ ဒါဟာ လုံးဝမကောင်းပါဘူး ။ ပိုးသတ်ဆေးတွေဟာ မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြု ဘတ်တီးရီးယား ( helpful bacteria) တွေကို သတ် ပစ်လေ့ ရှိပြီး အက်ဆစ်ဓါတ်ကို လျော့စေပါတယ် ။ Acid ဓါတ်ကျသွားရင် ပြင်ပ ဘတ်တီးရီးယား ပိုးတွေဝင် လာစေပြီး မူမမှန် အဖြူဆင်းခြင်း ( Abnormal white discharge) ကို ဖြစ်ပေါ်စေပါတယ် ။ မူမမှန် အဖြူဆင်းခြင်းရဲ့ လက္ခဏာတွေကတော့ မူမှန်အဖြူဆင်းခြင်းရဲ့ ဆန့်ကျင်ဖက်တွေပါပဲ ။

 

- အဖြူဆင်းသော ပမာဏများခြင်း

- ဆိုးရွားသော အနံ့အသက်များရှိခြင်း

- ယားယံခြင်းစသည်တို့ပဲဖြစ်ပါတယ် ။

မူမမှန် အဖြူဆင်းခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေအများကြီးရှိပါတယ် ။

 

ယေဘူယျအားဖြင့် ပိုးဝင်ခြင်းကြောင့် ဖြစ်တာ ၃ မျိုးရှိပါတယ် ။ အဲဒီလိုမဟုတ်ပဲ သားအိမ်ခေါင်း (cervix) က အလုပ်လုပ်တာ များလွန်းတဲ့အ တွက်ကြောင့် (လိင်ဆက်ဆံမှုများခြင်း) အဖြူဆင်းတာလည်းရှိပါ တယ် ။သားအိမ်ထဲထည့်တဲ့ သန္ဓေတားပစ္စည်း (IUCD) ကြောင့် လည်းဆင်း တာရှိပြီး တစ်ကိုယ်ရေ သန့်ရှင်း မှု မမှန်လို့ stress ( စိတ်ဖိစီးသောက) များမှုကြောင့် လည်း အဖြူဆင်းရ တာတွေရှိပါတယ်။

 

Post menopausal white discharge

အသက်ကြီးမှ abnormal white discharge ဆင်းတာတွေလည်းရှိပါတယ် ။ ဒါကြောင့် အသက်ကြီးသွေးဆုံးပြီးမှ အဖြူဆင်း မယ်ဆိုရင်တော့ သားအိမ်လည်တံ ကင်ဆာနဲ့ သားအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်တာကြောင့် တတ်ကျွမ်း တဲ့ သားဖွားမီးယပ် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

ပိုးဝင်ခြင်း (၃)မျိုး

***************

မူမမှန်အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ပိုးဝင်ခြင်း ၃ မျိုးရှိပါတယ် ။ ပထမတစ်ခုက တော့ (Trichomonas vaginitis) လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းယားယံခြင်း ၊ အဖြူဆင်းခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ မှိုစွဲကပ် တဲ့ရော ဂါတစ်မျိုးဖြစ်တဲ့ (Fungal vaginitis or monelial vaginitis) ဖြစ်ပါတယ်။ တတိယ တစ်မျိုးကတော့ ၂ မျိုးစလုံးပေါင်းပြီးဖြစ်တဲ့ ပိုးဝင်ခြင်းပဲဖြစ်ပါတယ်။ အဖြူဆင်းများပြီး အနံ့ဆိုးရွားမယ် ဆင်းနေတဲ့ အဖြူရဲ့ သဘောသဘာဝ ကို ကြည့်ပြီး ဘာပိုးဝင်လဲဆိုတာ ခန့်မှန်းနိုင်ပါ တယ်။ ဥပမာအနေနဲ့ မိန်းမကိုယ်မှာ မှိုစွဲပြီးရောင် ရမ်းခြင်းဖြစ်တာဟာ အများအားဖြင့် Pregnancy တွေနဲ့ ဆီးချိုသွေးချို ရှိတဲ့အမျိုးသမီးတွေမှာ မကြာခဏ အ ဖြူဆင်းလေ့ ရှိကြပါတယ် ။ ပမာဏလည်းများပြီး ယားယံခြင်းနဲ့ အနံအသက် ကလည်းမကောင်းပါဘူး။ ဒီလိုမျိုးပဲ မှိုစွဲပြီး အဖြူလည်းခဏခဏဆင်းပြီး ပမာဏများပြီးု ယားမယ် အနံ့အသက် လည်းမကောင်း ဘူးဆိုရင် အဆိုပါအမျိုးသမီးမှာ ဆီးချိုသွေးချို ရှိနိုင်ပါတယ် ။ မဟုတ်ရင် လည်း အမျိုးထဲမှာ ဆီးချိုမျိုးရိုး ရှိနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်တွေမှာ ဒီလိုမကြာခဏ ဖြစ်တယ်ဆိုရင် မှိုစွဲတာကြောင့်ဖြစ်တာလို့ ခန့်မှန်းရင် ၉၀% မှန်လေ့ရှိပါတယ် ။

 

ကိုယ်ဝန်ဆောင်နဲ့ သွေးချိုဆီးချို သမားတွေမှာ မှိုစွဲပြီးမှုမမှန် အဖြူဆင်းတဲ့ အကြောင်းကတော့ Monellia ဆိုတဲ့ မှိုက အချို ကို နှစ်သက်ပြီး အက်ဆစ်ကို ကြိုက်ပါတယ် ။ Pregnancy အချိန်မှာ လိုင်နင်ဆဲလ်တွေက Glycogen အချိုဓါတ်ပိုများ လာသလို အချဉ်ဓါတ်လည်းပိုများလာပါတယ် ။ အဲဒီလိုအခြေအနေမျိုးဟာ Fungus တွေ အကြိုက် ဖြစ်တာောကာင့် အဖြူဆင်းတာလည်းမကြာခဏဖြစ်လာပြီး ဆီးချိုသွေးချိုသမားမှာလည်း ဒီသဘော အတိုင်းပဲဖြစ်ပါတယ် ။

Trichomonas vaginitis ကြောင့် အဖြူဆင်းရတဲံအဓိက အကြောင်း အရင်းကတော့ လိင်ဆက်ဆံ မှုကြောင့်ဖြစ်ပါတယ် ။ ဒါပေမယ့် တပ်အပ်ကြီးတော့ ပြောလို့မရပါဘူး ။ ဥပမာ ဒီပိုးရှိနေတဲ့ မိန်းမတစ်ယောက်က အိမ်သာက မုတ်ပေါ်သွားတယ် နောက်တစ်ယောက်အပျိုစင်လေးကလည်း သွားမိရင်သူ့မှာ

ကူးစက်သွားပြီး အဲဒီအပျို စင်လေးကို လိင်ဆက်ဆံမှုကြောင့်ဖြစ်တာပါလို့တော့ စွပ်စွဲလို့မရဘူးပေါ့ ။ ဒီလိုအခြေအနေ မျိုးတွေလည်းရှိ တတ်ပါတယ် ။ နောက်ပြီး အမေတွေ အစ်မတွေဆီကလည်း တဆင့်ကူးတတ်ပါတယ် ။ အမျိုးသမီးတွေ အတူနေတဲ့အခန်းတွေ ဘော်ဒါဆောင်တွေမှာလည်း ထဘီငှားဝတ်တာတွေ အတွင်းခံတွေ ငှားဝတ်တာတွေက တဆင့်လည်းကူးနိုင်ပါသေးတယ် ။

 

ကုသမှု အပိုင်း

*************

ကုသမှုအပိုင်းမှာတော့ ခေါ်မှီတိုးတက်လာတဲ့နည်းပညာအရ ဆေးဝါးတွေကလည်း အရမ်းကို ခေတ်မှီလာပါတယ် ။ ရောဂါရာဇဝင် history ကို မေးကြည့်လိုက်လို့ Trichomonas vaginitis လို့ သေချာရင် တော့ အမျိုးသမီးရော သူ့ရဲ့ partner ယောင်္ကျားပါ တစ်ပြိုင်တည်းကုသမှုခံယူရမှာဖြစ်ပါတယ် ။ အများအားဖြင့် ယောင်္ကျားဖြစ်သူဟာ ပိုးသယ်ဆောင်သူ ( carrier) ဖြစ်လေ့ရှိပါတယ် ။ ယောင်္ကျားမှာတော့ လက္ခာပြလေ့မရှိပဲ မိန်းမဖြစ်သူမှာသာ လက္ခဏာ ပြလေ့ရှိပါတယ် ။ ဒါကြောင့် ပြန်ပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ပြိုင်တူကုသဖို့လိုပါတယ် ။ ဆေးကတော့ ရိုးရိုးလေးပါပဲ ။ Metronidazole ဆေးကို မနက် ၊ နေ့လည် ၊ ည တစ်ပြားဆီ ၂ ယောက်စလုံး တစ်နေ့ ၃ ကြိမ် ရ ရက်သောက်ပေးရမှာဖြစ်ပါတယ် ။

 

Trichomonas ကြောင့်ဖြစ်တဲ့ အဖြူဆင်းခြင်းဟာ အရောင်က ဖြူမနေပဲ စိမ်းဝါ၀ါအရောင်ရှိပါတယ် ။ ပမာဏ များပြီး အောက်ခံဘောင်းဘီစိုမယ် ။ ယားယံမယ် နောက်ပြီးအန့ံလည်းရှိပါတယ် ။ မိန်းမကိုယ်တစ်ခုလုံး ရဲနေပြီး အဲဒီ အပေါ်မှာ အမည်းပြောက်အဖြူပြောက်လေးတွေ တွေ့ရလေ့ရှိပါတယ် ။ မှိုစွဲတာကြောင့် မှုမမှန်တဲ့ အဖြူဆင်းခြင်းမှာကျတော့ မိန်းမကိုယ်နံရံမှာ အဖြူဖတ်လေးတွေ ကပ်နေလေ့ရှိတယ် ။ အဲဒါကို milk cast လို့လည်းခေါ်ပါတယ် ။ တစ်ဆို့ဆို့နဲ့နေရခက်တဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ် ။ Trichomonas vaginitis ဆိုတာသေချာရင် အထက်ကပြောသလို ဆေးသောက်လို့ရသလို မိန်းမကိုယ်ထဲ ထည့်တဲ့ဆေးတွေ လည်းသုံး လို့ရပါတယ် ။ မှိုစွဲလို့ အဖြူဆင်းတာကိုလည်း ထည့်ဆေးစားဆေးတွေ သုံးလို့ရပါတယ် ။ တိုးတက်လာတဲ့ဆေး ပညာအရနောက်ပိုင်းမှာ ပိုးစွဲတဲ့ ၃ မျိုးစလုံးအတွက် အဆင်ပြေတဲ့ ထည့်ဆေးတွေရှိလာပါတယ် ။ တစ်ညတစ် လုံးနဲ့ ၆ ည ထည့်ပေးရပါတယ် ။

 

အမျိုးသမီးငယ်လေးတွေ ၊ ကျောင်းသူလေးတွေအနေနဲ့ အဖြူဆင်းတာနဲ့ပတ်သတ်ပြီး ဗဟုသုတတွေပြည့် ၀နေဖို့လို ပါတယ် ။ တချို့ဆို စာမေးပွဲတွေလည်းရှိတယ် ။ အိပ်ရေးတွေပျက်ပြီး သွေးအားနည်း ပြီးတော့ မူမှန်အဖြူ ဆင်း တာတွေဖြစ်တာကို စိတ်ပူစိတ်ညစ်စရာမလိုပါဘူး ။ သွေးအားပြန်ပြည့်အောင် အနားယူပြီး ပုံမှန်စားသောက် လိုက်ရင်ပြန်ကောင်းသွားမှာဖြစ်ပါတယ် ။ IUCD ကြောင့်ဖြစ်တာဆိုရင်လည်း အဲဒါပြန်ထုတ် လိုက်ရင်ကောင်း သွားပါတယ် ။ ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ ဆီးပူညောင်းကျရောဂါ ပိုး Ganorrhoea ကြောင့် ဖြစ်တာဆိုရင်တော့ သင့်တော်တဲ့ ပိုးသတ်ဆေး Antibiotic ကိုသုံးဖို့လိုပါတယ် ။ ဆရာဝန် နဲ့ပြဖို့လိုပါတယ် ။ မူမှန်အဖြူဆင်းတာဟာ သွေးဆုံးချိန်မတိုင်ခင်အထိ ကြံုတွေ့နေရဦးမှာပါပဲ ။ မဆင်းရင် လည်းပိုးဝင်မယ် ။ ယောင်္ကျားနဲ့ အတူနေလို့မရဘူး ။ ဒါကြောင့် မူမှန်အဖြူဆိုတာ စိတ်ပူဖို့မလို ဘူးဆို တာ သိထားစေချင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း အမျိုးသမီးစကားဝိုင်းတွေမှာ အမျိုးသမီးကျန်းမာရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုကြဖို့လိုပ့ါတယ် ။ တချို့က ဘယ်သူ့ကိုမှ လည်း မပြောပဲ ငါတစ်ယောက် တည်းဒီလိုဖြစ်နေတာပါလားဆိုပြီးတော့ အတွေးတွေ ၀င်သွားတတ်ပါတယ် ။ အမျိုးသမီးတွေသာမက အမျိုးသားတွေရော ဒီသဘောသဘာဝ ကိုနားလည်ပြီး မိမိ partner ကိုတန်ဖိုး ထားနိုင် ကြပါစေ ။ အမျိုးသမီးကျန်းမာရေး ဗဟုသုတတွေ ပြည့်ဝနိုင်ကြပါစေ ။

 

Ref :

သက်တန့်ချို

Public health in Myanmar

Wednesday, June 15, 2011



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18