Print

Ectopic Pregnancy နေရာလွဲနေသူလေးများ

  30-Oct-2016
Preview Image

 

လူ့ဘဝဆိုတာအလွန်ရခဲပါတယ်။ ခက်ခဲလှတဲ့လူ့ဘဝထဲကိုရောက်ဖို့ မိခင်ဝမ်းထဲမှာ ကိုးလလွယ် ဆယ်လဖွားမြင်ကာလူရယ်လို့ဖြစ်လာကြ ပါတယ်။ တစ်ချို့ကလောကကြီးထဲကိုအဆင်ပြေပြေနဲ့ရောက်လာကြသလို၊အချို့ကလည်းအဆင် မပြေမှုပေါင်းများစွာနဲ့ရောက်လာကြပါတယ်။ ဒီလိုလွဲမှားမှုတွေထဲမှာသူတို့လေးတွေဟာလည်းလွဲမှားခြင်းများစွာနဲ့လူ့ဘဝထဲကိုဝင်ရောက်ဖို့အကြောင်းဖန်လာကြပါတယ်။ ဒါပေမယ့်အကြောင်းမလှခဲ့ကြလို့လူသားတစ်ယောက်ဖြစ်ခွင့်မရခဲ့ကြပါဘူး။သူတို့လေး တွေရဲ့လွဲမှားမှုတွေကိုပိုက်ထွေးခဲ့ရသူ မိခင်တွေမှာလဲအခက်အခဲပေါင်းများစွာနဲ့ကြံုတွေ့ခဲ့ရသလို၊မိမိတို့အသက်ကိုပါရင်းနှီးခဲ့ရသူတွေရှိပါတယ်။ဒါဆိုရင်သူတို့လေးတွေ၊တနည်းအားဖြင့်လူသားအလောင်အာလျှာလေးတွေမှာဘာတွေလွဲမှားနေကြတာလဲ။သူတို့လေးတွေလွဲနေတာကတော့နေရာလွဲမှားမှုပဲဖြစ်ပါတယ်။ လူရယ်လို့မဖြစ်ခင်ကတည်းက လွဲမှားမှုတွေနဲ့ သူတို့အကြောင်း ၊ သို့မဟုတ် နေရာလွဲသန္ဓေတည်ခြင်းအကြောင်း (Ectopic Pregnancy ) ကို တင်ပြပေးလိုက်ပါတယ်။

 

နေရာလွဲသန္ဓေ ( Ectopic Pregnancy ) ဆိုတာဘာလဲ

နေရာလွဲသန္ဓေဆိုတာကတော့သန္ဓေသားလောင်းဟာမိခင်ရဲ့သားအိမ်အတွင်းမှာစွဲတည်ကြီးပြင်းရမယ့်အစား၊သားအိမ်ရဲ့အပြင်ဘက်အခြားသောနေရာတွေမှာစွဲတည်နေခြင်းကိုခေါ်တာပါ။မိခင်ရဲ့သားအိမ်သည်သာ သန္စေသားအတွက် ကြီးထွားရှင်သန်ဖို့ အကောင်းဆုံး နေရာဖြစ်တဲ့အတွက် ၊ ဒီလိုသားအိမ်ရဲ့ပြင်ပမှာနေရာလွဲမှားစွာ စွဲတည်ခဲ့ကြတဲ့သန္ဓေသားလောင်းတွေဟာ လူသားတစ်ယောက်အဖြစ် ကြီးထွားရှင်သန်ခွင့်မရကြပါဘူး ။ မိခင်တွေမှာလဲ အသက်ဘေးနဲ့ရင်ဆိုင်ကြပါတယ်။

 

မမျိုးပွားအင်္ဂ ါ နှင့် သန္ဓေစွဲတည်ခြင်း

နေရာလွဲသန္ဓေအကြောင်းကို သိရှိဖို့အတွက် မမျိုးပွားအင်္ဂ ါအကြောင်းကို ရှေးဦးစွာသိရှိဖို့လိုအပ်ပါတယ်။ မမျိုးပွားအင်္ဂ ါမှာ အဓိက ပါ၀င်တဲ့

အစိတ်အပိုင်းတွေကတော့ -

၁။ သားအိမ် ( Uterus )

၂။ သားဥနှစ်လုံး ( Ovaries , left and right )

၃။ သားဥပြွန်နှစ်ခု ( Fallopian Tube or Ovidut )

၄။ သားအိမ်ခေါင်းအပိုင်း ( Cervix )

၅။ ယောနိလမ်းကြောင်း ( Vagina ) တို့ပဲဖြစ်ပါတယ်။

 

သားအိမ်ဟာ ၀မ်းဗိုက်အောက်ဘက်ပိုင်း ၊ ဆီးအိမ် ( Urinary Bladder ) ရဲ့အနောက်ဘက်မှာတည်ရှိပြီး ၊ သားအိမ်ရဲ့ဘေး ဘယ်၊ ညာတစ်ဘက်တစ်ချက်မှာတော့ သားဥ ( Ovary ) တစ်လုံးစီတည်ရှိပါတယ်။ သားအိမ်နဲ့ သားဥတွေကို ဆက်သွယ်ပေးထားတာကတော့ သားဥပြွန် ( Fallopian Tube or Ovidut ) တွေပဲဖြစ်ပါတယ်။ သားဥပြွန်တွေရဲ့ အဖျားပိုင်းမှာတော့ သားဥမှ ခြွေချပေးလိုက်တဲ့ မျိုးဥတွေကို ဖမ်းယူဖို့ လက်ချောင်းပုံစံ အမြှင်လေးများ ( Fimbriae ) လေးများပါရှိပါတယ်။

 

မမျိုးပွားအင်္ဂ ါ

အမျိုးသမီးတစ်ယောက် အပျိုဖော်ဝင်သည့်အချိန်မှစတင်ပြီး သားဥတွေက မျိုးဥများကို စတင်ခြွေချပေးပါတယ်။ဓမ္မတာသွေးစတင်လည်ပတ်ပြီး မိခင်လောင်း ဘဝကို ခံယူဖို့အသင့်ပြင်ဆင်ထားကြပါတယ်။ထိုကဲ့သို့ သားဥမှ မျိုးဥများကို ခြွေချပေးခြင်းကို သားဥကြွေခြင်း ( Ovulation ) လို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့် သားဥမှခြွေချပေးလိုက်သေ မျိုးဥများကိုသားဥပြွန်ကဖမ်းယူပါတယ်။ ထိုသို့ ဖမ်းယူထားသောမျိုး ဥများသည် အမျိုးသား၏သုတ်သွေး ( Sperm ) နှင့် တွေ့ဆုံမိကာ မျိုးပွားမှုဖြစ်စဉ်များဖြစ်ပေါ်လာပါတယ်။ သုတ်သွေးသည် မမျိုးပွားလမ်းကြောင်း အတွင်းတွင် ၂၄ နာရီ အသက်ရှင်နိုင်ပြီး ၊ မမျိုးဥသည် ကြွေကျသည့်အချိန်မှ ၁၂ မှ ၂၄ နာရီအထိရှင်သန်ပါတယ်။ ပုံမှန်အားဖြင့် မမျိုးဥနှင့် သုတ်သွေးတို့တွေ့ဆုံပြီး မျိုးပွားမှုဖြစ်စဉ်များ ( Fertilization ) စတင်ဖြစ်ပွားသော နေရာမှာ သားဥပြွန်၏ အကျယ်ဆုံးအပိုင်းဖြစ်သည့် ထိပ်ဖျားပိုင်း ( Ampullary region ) ဖြစ်ပါတယ်။ မျိုးအောင်သောမျိုးဥများ ( Fertilized egg ) ကို သားဥပြွန်တစ်လျှောက် သယ်ဆောင်သွားပြီး သားအိမ်ဆီသို့ပို့ဆောင်ပေးပါတယ်။ ထို့နောက် သန္ဓေသားလောင်းသည် သားအိမ်ရဲ့ နံရံမှာ စွဲတည်ပြီး ကြီးထွားလာပါတယ်။ နေရာလွဲသန္ဓေတွင် သန္ဓေသားလောင်းသည် သားအိမ်ဆီသို့ မရောက်ရှိဘဲ သားအိမ်၏ ပြင်ပနေရာများတွင် စွဲတည်နေခြင်းဖြစ်သည်။

 

သန္ဓေအောင်သော မျိုးဥအား သားအိမ်ဆီသို့ သယ်ဆောင်ပုံအဆင့်ဆင့်

နေရာလွဲသန္ဓေစွဲတည်တတ်သောနေရာများ နေရာလွဲသန္ဓေစွဲတည်တတ်သောနေရာတွေကတော့ -

၁။ သားဥပြွန် ( Fallopian Tube )

နေရာလွဲသန္ဓေဖြစ်ပွားမှု၏ ၉၅ ရာခိုင်နှုန်းသည် သားဥပြွန်တွင်ဖြစ်ပွားပြီး ၊ ပြွန်သန္ဓေ ( Tubal Pregnancy ) လို့ခေါ်ပါတယ်။ များသောအားဖြင့် သားဥပြွန်၏ အကျယ်ဆုံးအဖျားပိုင်း ( Ampullary Region ) မှာဖြစ်ပွားပါတယ်။

၂။ သားဥ ( Ovary ) တွင် စွဲတည်ခြင်း ။

၃။ ၀မ်းဗိုက်ခေါင်း ( Abdominal cavity ) အတွင်းတွင် စွဲတည်ခြင်း ။

၄။ သားအိမ်ခေါင်း ( Cervix ) အပိုင်းတွင် စွဲတည်ခြင်း ။

 

နေရာလွဲသန္ဓေလောင်းများသည် ပုံမှန်ကလေးတစ်ယောက်အဖြစ်သို့ မည်သည့်အခါမျှ မရောက်ရှိဘဲ ပျက်စီးသွားတတ်ကြသည်။ နေရာလွဲသန္ဓေစွဲတည်တတ်သောနေရာများသည် ညာဘက် သားဥပြွန်အတွင်းမှ နေရာလွဲသန္ဓေသားဖြစ်သည်သားဥပြွန်အတွင်းမှ နေရာလွဲ သန္ဓေသားများ

 

နေရာလွဲသန္ဓေဖြစ်စေတတ်သောအကြောင်းအရင်းများ

နေရာလွဲသန္ဓေဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိရှိပါဘူး ။ များသောအားဖြင့် သားဥပြွန်လမ်းကြောင်းပိတ်ဆို့မှုကြောင့်ဖြစ်ပါတယ်။

အောက်ပါအခြေအနေတွေနဲ့ ဆက်စပ်တွေ့ရှိရတတ်ပါတယ်။ -

၁။ မမျိုးပွားအင်္ဂ ါများ ရောင်ရမ်းခြင်း ( PID - Pelvic Inflammatory Diseases ) ကြောင့် သားဥပြွန်ပိတ်ဆို့ခြင်း ။

၂။ ယခင်က သားဥပြွန်အား ခွဲစိတ်ဖူးခြင်း ။

၃။ အူအတက်ရောင်ရမ်းခြင်း ( Appendicitis )။

၄။ သားဥပြွန်ရောင်ရမ်းခြင်း ( Salpingitis ) ။

၅။ ၀မ်းဗိုက်အတွင်းပိုင်း အင်္ဂ ါများခွဲစိတ်ဖူးခြင်း ။ ( ဥပမာ - အူလမ်းကြောင်းခွဲစိတ်မှုများ )

၆။ သန္ဓေတားပစ္စည်းများ ( IUCDs - Intra Uterine Contraceptive Devices ) ကြောင့် သားဥပြွန်ရောင်ရမ်းခြင်း ၊ ပိတ်ဆို့ခြင်း ။

၇။ သန္ဓေတားဆေးများ ၊ အထူးသဖြင့် အရေးပေါ်အသုံးပြုသောတားဆေးများ ( Morning-after pill or emergency pill )။

၈။ လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ ( Sexually Transmitted Diseases - STD )။

၉။ ယခင်က နေရာလွဲသန္ဓေတည်ဖူးခြင်း ။

နေရာလွဲသန္ဓေဟာ ကိုယ်ဝန် ၁၀၀ တွင် ၁ ယောက်ဖြစ်တတ်ပါတယ်။

 

လက္ခဏာများ

နေရာလွဲသန္ဓေတွင်သိသာထင်ရှားသော လက္ခဏာများကို ကိုယ်ဝန် ၅ ပါတ်မှ ၈ ပါတ်အတွင်း စတင်ခံစားရတတ်ပါတယ်။ နေရာလွဲသန္ဓေတွင် အဓိကခံစားရသော လက္ခဏာမှာ နာကျင်ခြင်း ( Pain) ဖြစ်ပြီး ၊ နေရာလွဲ သန္ဓေကြောင့် ဖြစ်ပွားသော သွေးယိုစီးမှုကြောင့် ခံစားရခြင်းဖြစ်သည်။ ( ဥပမာ - နေရာလွဲ သန္ဓေသား ကြီးထွား လာမှုကြောင့် သားဥပြွန် ပေါက်ကွဲခြင်း )နေရာလွဲ သန္ဓေတွင်တွေ့ရှိရသော လက္ခဏာတွေကတော့ -

၁။ အစောပိုင်းတွင် သာမန်ကိုယ်ဝန်ကဲ့သို့လက္ခဏာများ ( ဥပမာ - ဓမ္မတာထိန်ခြင်း ၊ ပျို့အန်ခြင်း ၊ ရင်သားများနာကျင်ခြင်း )။

၂။ အဓိက အရေးကြီးသော ပထမဆုံးလက္ခဏာကတော့ ၀မ်းဗိုက်အတွင်း စူးရှနာကျင်စွာ အောင့်ခြင်း ( Abdominal Pain ) ဖြစ်ပါတယ်။ ဓါးနှင့်ထိုးသကဲ့သို့ စူးရှစွာအောင့်တတ်ပါတယ် ( Sharp and Stabbing Pain ) ။ တစ်ခါတစ်ရံ ပခုန်းထိပ်ဖျားတွင် နာကျင်ခြင်းကို ခံစားရတတ်ပါတယ် ( Shoulder Tip Pain )။

၃။ ယောနိလမ်းကြောင်းမှ သွေးယိုစီးခြင်း ( Vaginal bleeding or spotting )။

၄။ သွေးယိုစီးမှုကြောင့် သွေးဖိအားနည်းခြင်း ( Low Blood Pressure ) ၊ မေ့မြောခြင်း ( Fainting ) ။

၅။ နောက်ကျောအောက်ဘက်ပိုင်းနာကျင်ခြင်း ( Lower back Pain ) ။သွေးထွက်များပါ

က သွေးလန့်ခြင်း ( Shock ) ဖြစ်တတ်ပါတယ်။ အလွန်အရေးကြီးသောအခြေအနေဖြစ်ပြီး အရေးပေါ်ထိရောက်သောကုသမှုများပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ အထက်ပါလက္ခဏာများကို ခံစားရပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန် ၊ ဆေးရုံများ သို့ အမြန်ဆုံးဆက်သွယ်

သွားရောက်ဖို့လိုအပ်ပါတယ်။

 

ဘယ်လိုကုသမလဲ

နေရာလွဲသန္ဓေသားသည် သာမန်သန္ဓေသားများကဲ့သို့ ကြီးထွား ရှင်သန်စေဖို့မဖြစ်နိုင်ပါ။ နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်လာမီ ဖယ်ရှားပြစ်ခြင်းသည် သာ အန္ဒရာယ်အကင်းဆုံးနည်းလမ်းဖြစ်သည်။ နေရာလွဲသန္ဓေအတွက် ကုထုံးတွေ ကတော့ သန္ဓေသားအရွယ်အစား ၊ အခြေအနေတွေပေါ်မှာ မူတည်ပြီးကွဲပြားပါတယ်။

၁။ သန္ဓေသားကြီးထွားလာမှုကြောင့် သားဥပြွန်ပေါက်ကွဲခြင်း ၊ သွေးယိုစီးခြင်း သွေးလန့်ခြင်းကဲ့သို့ ရေးပေါ်အခြေအနေများကြံုတွေ့ပါက အမြန်ဆုံး ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။

၂။ အကယ်၍ သန္ဓေသားအရွယ်အစားသေးငယ်နေပါက ၊ အထက်ဖော်ပြပါ အရေးပေါ်အခြေအနေမျိုးမရှိပါက ဆေးဝါးများ ( ဥပမာ - Methotrexate ) ကို အသုံးပြုပြီး သန္ဓေသားကို ဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်။

 

နေရာလွဲသန္ဓေသားကို ဘယ်လိုသိနိုင်ပါသလဲ

နေရာလွဲ သန္ဓေသား ဟုတ် ၊ မဟုတ်သိရှိနိုင်သော စမ်းသပ်မှုနည်းလမ်းများ များစွာရှိသော်လည်း ( Ultrasound ) ဖြင့် သန္ဓေသားတည်ရှိနေသောနေရာကို ကြည့်ရှုခြင်းဟာ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။

 

နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်ပါသလား

နေရာလွဲသန္ဓေ တစ်ကြိမ်တည်ဖူးပါက နောက်တစ်ကြိမ် ဖြစ်ပွားနိုင်မှုမှာ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့်မို့လို့ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်လိုပါက ကိုယ်ဝန်မဆောင်မီ သက်ဆိုင်ရာ ဆရာဝန်များနှင့် ကြိုတင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် နေရာလွဲသန္ဓေတည်ခြင်းကို ကာကွယ်ဖို့အတွက် တစ်လင် ၊ တစ်မယားစနစ်ကိုကျင့်သုံးပါ ။ လိင်မှကူးစက်တတ်သောရောဂါများမရစေဖို့ အပျော်အပါး လိုက်စားခြင်းကို ရှောင်ကျဉ်ပါ။ ရောဂါရရှိပါက ထိရောက်သောကုသမှုများကို ခံယူပါ။ ကျန်းမာရေးအသိ အစဉ်ရှိစွာဖြင့် လူသားတိုင်းကျန်းမာပျော်ရွှင်ပြီး ၊ လွဲမှားမှုများမှ ကင်းဝေးနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။ လေးစားစွာဖြင့် -

 

Ref:

Public health in myanmar

Sunday, November 4, 2007



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18