Print

ကလေးငယ်များနှင့် မတော်တဆဖြစ်ခြင်းအန္တရာယ်

  10-Nov-2020
Preview Image

ကလေးငယ်များနှင့် မတော်တဆဖြစ်ခြင်းအန္တရာယ်

          (အက်စီးဒင့်တ်) ဆိုတဲ့ မတော်တဆ ထိခိုက်၊ သေကြေ၊ အနာတရဖြစ်ရခြင်းဟာ လူကြီးတွေထက် အသက် (၅) နှစ်အောက်ကလေးတွေမှာ ပိုပြီးအဖြစ်များတတ်ကြပါတယ်။ ကလေးငယ်တွေ မတော်တဆ ထိခိုက်ခံရခြင်းရဲ့ အဓိက အခြေခံအချက်ကို ပြောရရင်တော့ . . .

          (၁) ထိခိုက်ဒဏ်ရာရမှု

          (၂) အဆိပ်ဖြစ်စေတဲ့အရာတွေ စားသုံးမခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

          ကလေးငယ်အများစုဟာ မီးလောင်ခြင်း၊ ရေနွေးပူလောင်ခြင်း၊ အပူဟပ်ခြင်း၊ အမြင့်မှ လိမ့်ကျခြင်း၊ လဲကျခြင်း၊ ကားတိုက်ခံရခြင်း၊ စက်ဘီးစီးရာမှ လဲကျခြင်းတို့အပြင် သြဇာစေ့၊ ပဲစေ့အမျိုးမျိုး၊ ပိုက်ဆံအကြွေ၊ ချိတ်၊ သံချောင်း၊ ဂေါ်လီလုံး စတဲ့ အရာတွေဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းနဲ့ နားအတွင်းကို မတော်တဆ ဝင်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒဏ်ရာကြီးရင် ကြီးမားသလို အသက်ပါ ဆုံးရှုံးရတဲ့အထိ ရင်ဆိုင်ကြရပါတယ်။

          အသက် (၅) နှစ်အောက် ကလေးငယ်တွေကို ဆိုင်ကယ်၊ စက်ဘီးတို့အပေါ်မှာ ကလေးထိုင်ခုံ အပိုမပါဘဲ မောင်းနှင်ခြင်း၊ လက်တစ်ဖက်က လူမမယ်ကလေးကိုချီပိုးရင်း တစ်ဖက်က ဆိုင်ကယ်စီးနင်းကြခြင်း၊ ကလေးကို စက်ဘီးအနောက်ခုံမှာ ထိုင်ခိုင်းပြီး စီးနင်းကြခြင်းတို့ကြောင့် ရုတ်တရက် ပြုတ်ကျကာ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ ခြေလက်ကျိုးပဲ့ခြင်းနဲ့ အတူ ဒဏ်ရာကြီးမားပါက အသက်ပါ ဆုံးရှုံးတဲ့အထိ ကြုံတွေ့နိုင်ပါတယ်။

          ကလေးငယ်လေးတွေ ပစ္စည်းတစ်ခုခုကို ပါးစပ်ထဲထည့်ထားမိတဲ့အခါ မိခင်တွေ၊ ကလေးစောင့်ရှောက်သူတွေဟာ အလန့်တကြား မအော်ဟစ်မိဖို့လိုပါတယ်။ အဲဒီအခါမှာ ကလေးက လန့်ဖျပ်ပြီး မျိုချလိုက်တဲ့အခါ လမ်းကြောင်းမှားပြီး အသက်ရှူပြွန်ပေါက်ထဲကို ရောက်ရှိသွားနိုင်ပါတယ်။ အသက်ရှူပြွန်ပေါက်ထဲကို တစ်ခုခုဝင်ရောက်သွားတဲ့အခါ ကလေးဟာ နာရီပိုင်းအတွင်းမှာ အသက်ရှူကျပ်လာပါတယ်။ အချိန်မီ မခွဲထုတ်နိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။

          ကလေးဆော့ကစားတဲ့နေရာမှာ ဖြစ်နိုင်ရင် ဘာပစ္စည်းမှ မထားပါနဲ့။ ကလေးဆော့ကစားနိုင်တဲ့ ပစ္စည်းအနည်းငယ်ကလွဲရင်ပေါ့။ ရေချိုးခန်းတံခါးတွေ၊ အိမ်သာတွေနဲ့ တွဲလျက် ထားပါက တံခါးကိုချက်ထိုးထားပါ။ လှေကား၊ ခုတင်အမြင့်တွေကို ကလေးအလွယ်တကူ မတက်နိုင်အောင် စီမံထားပါ။ ရေရှိတဲ့ အိုး၊ ပုံးတွေကို ဝေးဝေးမှာ ဖုံးအုပ်ထားပါ။ ခြင်ဆေး၊ သစ်ပင်ဖျန်းဆေးနဲ့ ခွေးစာခွက်၊ ကြောင်စာခွက်တွေကို သတိထား သိမ်းဆည်းပါ။

          ရပ်ကွက်မှာကျတော့ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းမိသားစုတွေက ဝိုင်းဝန်းထိန်းပေးကြပါတယ်။ အဲဒီမိသားစုတွေထဲမှာ အသက် (၅) နှစ်ကနေ (၁၀) နှစ်ဝန်းကျင်ကလေးတွေလည်း ရှိနိုင်ပါတယ်။ ဒီအရွယ်ကလေးတွေနဲ့ မိမိတို့ သားသမီးကို ပေးဆော့စေတာမျိုး (ဒါမှမဟုတ်) ခေတ္တခဏ ကြည့်ရှုခိုင်းထားတတ်တာမျိုးတွေ ရှိကြပါတယ်။

          နောက်ဆက်တွဲပြဿနာကတော့ ကလေးချင်းထားခဲ့ရာကနေ ချစ်လို့ဖြစ်စေ ပခုံးပေါ်ချီပိုးခြင်း၊ ကလေးတစ်ယောက်တည်း ဒန်းပေါ်တင်လွှဲခြင်းတွေဟာ သိပ်ကို အန္တရာယ်များပါတယ်။

          ဒါကြောင့် သိပ်အသက်အရွယ်ကြီးလွန်းတဲ့ ကလေးထိန်းမျိုး အရမ်းငယ်ရွယ်လွန်းတဲ့ အိမ်အကူမျိုးတွေ ကျန်းမာရေးချို့တဲ့နေတဲ့ မိသားစုဝင်တွေနဲ့ ကိုယ့်ရင်သွေးကို ပစ်မထားပါနဲ့။

          အသီးအနှံတွေ လှိုင်လှိုင်ပေးတဲ့ ရာသီဆိုရင်တော့ မိဘတွေပိုပြီးသတိထားရပါမယ်။ အဲဒါတွေကတော့ ဇီးသီး၊ သြဇာသီး၊ ပျားလိမ္မော်သီး စတဲ့ အသီးအနှံတွေဟာ အစေ့ပါပြီး အလုံးကလည်း အင်မတန်သေးငယ်တဲ့အတွက် ပါးစပ်အတွင်းကို အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ နောက်ထပ် သတိထားရမှာက ကလေးကို ပဲလှော်အမျိုးမျိုး စားသုံးစေခြင်း၊ ပစ်မြှောက်ဆော့ကစားပြီး ပါးစပ်နဲ့ဖမ်းခွင့်ပြုခြင်းတွေကို အသက်ငါးနှစ်အောက် ကလေးတွေမှာ အထူးသတိထားရှောင်ကြဉ်ရပါမယ်။

          ဓာတ်ဆီ၊ ရေနံဆီ၊ အရက်ပြန်တွေကို အလွယ်တကူ မထားဖို့၊ မှားယွင်းနိုင်တဲ့ ပုံစံအနေအထားတွေနဲ့ မထိန်းသိမ်းကြဖို့၊ ကလေးမိဘတွေအနေနဲ့ ကလေးကို ပြုစုစောင့်ရှောက်သူတွေ ဆင်ခြင်ဖို့ အများကြီးလိုအပ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အဆိပ်ဖြစ်စေနိုင်တဲ့ အရာတွေကို ပုလင်းခွံတွေနဲ့ အစားအသောက်ဘူးခွံလွတ်တွေထဲ မထည့်ပါနဲ့။ ထည့်မိရင်လည်း စာသေချာကပ်ထားပါ။ ကလေးငယ်လေးတွေနဲ့ လက်လှမ်းမမီနိုင်တဲ့ နေရာတွေမှာ သေချာသိမ်းဆည်းထားဖို့ မမေ့ပါနဲ့နော်။


ဘယ်လိုကာကွယ်မလဲ

          မီးလောင်ခြင်း၊ အပူလောင်ခြင်းတို့ကနေ ကင်းဝေးစေဖို့ မီးနဲ့ အပူလောင်စေနိုင်တဲ့ အရာတွေကို ကလေးနဲ့ လက်လှမ်းမမီနိုင်တဲ့ နေရာတွေမှာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ အဆိပ်ဖြစ်စေနိုင်တဲ့ ဆေးဝါးတွေနဲ့အတူ အရက်ပြန်၊ ဓာတ်ဆီ၊ ရေနံဆီ၊ မီးခြစ်၊ မီးဖိုစတဲ့ အရာတွေကို ကလေးနဲ့ ဝေးရာမှာ သတိထားသိမ်းဆည်းထားရှိဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေးအမျိုးမျိုးကိုလည်း ကလေးနဲ့ဝေးရာမှာ သိမ်းဆည်းပေးပါ။ ကလေးငယ်တွေကို ယာဉ်စီးရာမှာ အကာအကွယ်မပါဘဲ မစီးနင်းပါနှင့်။ အဖော်မပါဘဲ ဈေးဝယ်ခိုင်းခြင်း၊ လမ်းဖြတ်ကူးခြင်း၊ အမြင့်ပေါ်တက်စေခြင်း၊ လှေကားအထပ်မြင့်မှ တစ်ယောက်တည်း အတက်၊ အဆင်းလုပ်ခြင်းကို ထိရောက်စွာ တားမြစ်ရပါမယ်။

          ကလေးကိုကိုင်မြှောက်ဆော့ကစားခြင်း မလုပ်ပါနှင့်။

          ဆေးဝါးနှင့် အခြားအဆိပ်ဖြစ်စေနိုင်သော ပိုးသတ်ဆေးများကို အဆိပ်သောက်သုံးရန်မဟုတ် ဟု စာသေချာကပ်ထားပါ။ အထူးဂရုပြုသိမ်းဆည်းပါ။ ဓား၊ ကတ်ကြေး၊ စက်ကိရိယာများ၊ ပေါက်ပြဲနေသော ဝါယာကြိုးများ၊ လမ်းဘေးဓာတ်ကြိုးများ အထူးသတိထား ရှောင်ကြဉ်ဖယ်ရှားကာ သိမ်းဆည်းဖို့ လိုအပ်ပါတယ်။


Credit : ဒေါက်တာတင်ဦး

         

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18