Print

ငယ်စဉ်အရွယ် မှတ်တိုင်များ

  15-Sep-2020
Preview Image

ကလေးတစ်ဦး၏ ဖွံ့ဖြိုးမှု

          လူသားတစ်ဦး ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဘာသာစကားပိုင်းဆိုင်ရာ၊ လူမှုပြောဆိုဆက်ဆံရေးဆိုင်ရာတွေမှာ ဖွံ့ဖြိုးမှုတွေဖြစ်လာပါတယ်။ လမ်းလျှောက်မယ်၊ စားမယ်၊ စကားပြောမယ်၊ ရယ်မောမယ်စတာတွေ အကုန်လုံး သင်ယူဖို့အတွက် ဦးနှောက်က လုပ်ဆောင်ပေးရပါတယ်။

          ကလေးငယ်တွေဟာ အပြင်လောကထဲရောက်လာတဲ့အခါ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ ဒီအာရုံခံအင်္ဂါတွေအခြေခံပြီး လေ့လာသင်ယူခွင့်ရမယ်ဆိုရင် ဦးနှောက်တွင်း ကွန်ရက်ဆက်သွယ်မှုပိုတိုးလာပြီး သင်ယူမှု အမြန်ဆုံး ဖြစ်စေပါတယ်။ သင်ယူမှုဟာ ဘဝတစ်လျှောက်လုံးဖြစ်တယ်ဆိုပေမယ့် လူသားတစ်ဦးအတွက် သင်ယူနိုင်မှုအကောင်းဆုံးအချိန်ကာလလေးကတော့ ဦးနှောက်ဖွံ့ဖြိုးမှုအမြင့်မားဆုံးအချိန် မွေးစကနေ ငါးနှစ်အရွယ်မှာ ဦးနှောက်က ဖော့တုံးကြီးလို ဖြစ်နေပြီး ဘာပဲသင်သင် အလွယ်တကူ၊ အလျင်အမြန်စုပ်ယူနိုင်ပါတယ်။ ဒီငါးနှစ်အတောအတွင်းအချိန်မှာ ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်၊ သင်ယူရတဲ့ အတွေ့အကြုံတွေ အကုန်လုံးဟာ ဘဝတစ်လျှောက်လုံးအပေါ် သက်ရောက်မှု ပေးနိုင်ပါတယ်။ အရေးကြီးတဲ့ ဒီကာလမှာ ကလေးငယ်ဟာ မလုံခြုံတဲ့ ပတ်ဝန်းကျင်၊ ဆိုးရွားတဲ့အဖြစ်အပျက်တွေ၊ အာဟာရမပြည့်ဝတာ၊ သန့်ရှင်းမှုမရှိတာ၊ စိတ်ဖိစီးမှု ကြုံတွေ့ရတာတွေဖြစ်ရင် ကလေးရဲ့ ဖွံ့ဖြိုးမှုအပေါ် ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။


မှတ်တိုင်များ    

          ကလေးတစ်ဦးရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်ဆိုတာ ယေဘုယျအားဖြင့် သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုစီမှာ သိသာတဲ့ ဖွံ့ဖြိုးမှုအခြေအနေလေးတွေကို ဆိုလိုပါတယ်။ ကလေးရဲ့ဖွံ့ဖြိုးမှုမှတ်တိုင်တွေကို ကလေးပြုစုပျိုးထောင်သူတွေ သိရှိထားမယ်ဆိုရင် သတ်မှတ်ထားတဲ့ ပုံမှန်အချိန်ကာလအတွင်း ဖွံ့ဖြိုးမှု ဖြစ်မဖြစ်ကို သိရှိနိုင်မှာဖြစ်ပါတယ်။

          သင်ယူဖို့ အခွင့်အလမ်း၊ မိရိုးဖလာရိုးရာဓလေ့ထုံးစံ စတာတွေကလည်း သက်ရောက်နိုင်ပါတယ်။


အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုမှတ်တိုင်များ

၁ - ၄ လ - ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို လက်မောင်းအားပြုပြီး မနိုင်ခြင်း

၃ - ၅ လ - အထောက်အပံ့အကူအညီဖြင့် ဦးခေါင်းငြိမ်အောင်ထားပြီး ထိုင်နိုင်ခြင်း

၄ - ၆ လ - ဝမ်းလျားမှောက်ပြီး လှိမ့်နိုင်ခြင်း

၅ - ၈ လ - အထောက်အပံ့အကူအညီမပါဘဲ ထိုင်နိုင်ခြင်း

၅ - ၁၂ လ - ကလေးပြုစုစောင့်ရှောက်သူက မတ်တတ်ရပ်နိုင်စေဖို့ ထူမပေးနိုင်ခြင်း

၉ - ၁၁ လ - လေးဖက်ထောက်သွားခြင်း

၉ - ၁၆ လ - အကူအညီမလိုဘဲ မတ်တတ်ရပ်ခြင်း

၈ - ၁၃ လ - ကိုင်ဆွဲစရာအထောက်အပံ့အကူအညီဖြင့် လမ်းလျှောက်ခြင်း

၉ - ၁၇ လ - အကူအညီမလိုဘဲ လမ်းလျှောက်ခြင်း


တစ်လသားအရွယ် ဖွံ့ဖြိုးမှုမှတ်တိုင်

·         မိခင်နို့ကို စို့တတ်ခြင်း

·         ပါး၊ နှုတ်ခမ်းလာထိတဲ့လက်နောက်ကို ဦးခေါင်းလိုက်လှည့်တတ်ခြင်း

·         ခံစားချက်ကို ငိုခြင်း၊ နှာခေါင်းရှုံ့ခြင်း၊ မျက်မှောင်ကြုတ်ခြင်း၊ ဦးခေါင်းလှည့်ခြင်းအားဖြင့် ထုတ်ဖော်ခြင်း

·         အသံတွေကို ကြားနိုင်ခြင်း၊ အထူးသဖြင့် မိခင်၏အသံကို မှတ်မိခြင်း

·         အနီးနားမှ အရာဝတ္ထုများကို မြင်နိုင်ခြင်း

·         မိမိလက်များကို ပါးစပ်နားသို့ ရောက်အောင်ထိခြင်း


တစ်လသားအရွယ်တွင် ဒါတွေလုပ်ဆောင်ပေးပါ

          တစ်လသားအရွယ်ကလေးငယ်ဆိုရင် ခြောက်လအရွယ်ထိ မိခင်နို့တိုက်ကျွေးပေးပါ။ တခြားဘာအစားအစာမှ မကျွေးပါနဲ့။ များများထိတွေ့ယုယထွေးပွေ့ပေးပါ။ ကလေးအိပ်ရာပေါ်ကနေ ကလေးမြင်နိုင်အောင် အရုပ်လေးတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ အရာလေးတွေ ချိတ်ဆွဲပေးပါ။ ကလေးငယ်ရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပြီး စကားပြောတာ၊ သီချင်းဆိုတာ၊ စာဖတ်ပြတာတွေ လုပ်ပေးပါ။ အသာအယာနှိပ်နယ်ပေးပါ။


ခြောက်လသားအရွယ် ဖွံ့ဖြိုးမှုမှတ်တိုင်

·         ဝမ်းလျားမှောက်နေစဉ် ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ထူမနိုင်ခြင်း

·         အနီးနားကလူတွေကို လိုက်ကြည့်တတ်ခြင်း

·         တွဲလောင်းချိတ်ဆွဲထားတဲ့ အရာတွေကို ထိကိုင်ဖို့ ကြိုးစားခြင်း

·         အရာဝတ္ထုတွေကို လှုပ်ရမ်းကြည့်ခြင်း

·         လှိမ့်တက်လာခြင်း

·         အထောက်အပံ့နှင့်ထိုင်တတ်ခြင်း

·         လက်နဲ့ ထိတွေ့ခြင်း၊ ပါးစပ်ထဲထည့်ခြင်းများ ပြုလုပ်လာခြင်း

·         အသံတုလိုက်လုပ်ခြင်း၊ မျက်နှာအမူအရာလိုက်လုပ်ခြင်း

·         အသံအမျိုးမျိုးတီတီတာတာ လုပ်တတ်လာခြင်း၊ ရယ်ခြင်း

·         သူ့ရဲ့နာမည်ကို ကြားလျှင်မှတ်မိခြင်း

·         သူ့ကိုယ်သူမှန်ထဲတွင် ပြန်ပြုံးပြခြင်း


ခြောက်လသားအရွယ်တွင် ဒါတွေလုပ်ဆောင်ပေးပါ။

          ကလေးနဲ့အတူ တူတူရေဝါး ကစားပေးပါ။ အလွန်နှစ်သက်ပါတယ်။ ကလေးကို သန့်ရှင်းတဲ့ အရုပ်ပျော့ပျော့လေးတွေပေးပါ။ ကလေးငယ်ကိုင်တွယ်ပြီး ပါးစပ်ထဲ ထည့်တတ်တာကြောင့် ပြုတ်ထွက်လွယ်တဲ့အရာတွေပါတဲ့အရုပ်မျိုး မပေးပါနဲ့ ။ ကလေးငယ်ကို သန့်ရှင်းတဲ့ ကြမ်းပြင်ပေါ်ဝမ်းလျားမှောက်ချပေးပြီး အနီးနားမှာ အရုပ်လေးတွေထားပေးပါ။ ကလေးကို လှမ်းဆွဲထိတွေ့ကိုင်တွယ်ပါစေ။ ကလေးငယ်ကို ချီမတဲ့အခါ အသေအချာချီမပေးပါ။ ကလေးငယ်က အနီးနားတစ်ဝိုက်ကို ကြည့်နိုင်စေပါတယ်။


ဆယ့်နှစ်လအရွယ် ဖွံ့ဖြိုးမှုမှတ်တိုင်

·         အထောက်အပံ့မလိုဘဲ ထိုင်နိုင်ခြင်း

·         လေးဖက်ထောက်သွားနိုင်ခြင်း

·         တစ်စုံတစ်ယောက်အကူအညီဖြင့် ခြေလှမ်းအနည်းငယ်လှမ်းနိုင်ခြင်း

·         စကားလုံးများ၊ အသံများကို တုပလိုက်ပြောခြင်း

·         အနည်းငယ်ဆော့ကစားခြင်း၊ လက်ခုပ်တီးခြင်း

·         ရိုးရှင်းသောတောင်းဆိုမှုများကို လိုက်နာလုပ်ဆောင်တတ်ခြင်း

·         အသံများ၊ ကိုယ်ဟန်အမူအရာများကို တုပလိုက်လုပ်ခြင်း (ကလေးငယ်များဟာ ဒီအရွယ်မှာ အာရုံစိုက်ခံရတာကို အရမ်းနှစ်သက်ပါတယ်။)

·         အရာဝတ္ထုတွေကို ကိုင်တွယ်မယူပြီး ပစ်ချတတ်ခြင်း

·         ကိုယ့်ဘာသာကိုယ် အစာစားဖို့ ကြိုးစားကြည့်ခြင်း

·         ပါးစပ်ထဲသို့ အရာဝတ္ထုများထည့်ပြီး စူးစမ်းခြင်း


ဆယ့်နှစ်လအရွယ်တွင် ဒါတွေလုပ်ဆောင်ပေးပါ

          ကလေးတွန်းဆော့လို့ရမယ့် အရာတွေပေးပါ (ဥပမာ - သံဘူးခွံ)၊ တစ်နေ့ကို ၃ - ၄ ကြိမ် အာဟာရပြည့်ဝစွာ ကျွေးပေးပါ။ ကလေးမစားချင်ရင် အတင်းမကျွေးပါနဲ့။ ကလေးနဲ့အတူကစားပေးပါ။ ကလေးက ကစားနည်းတစ်ခု စတင်လိုက်ပြီဆိုရင် ကလေးရဲ့ နောက်လိုက်အနေနဲ့ လိုက်ကစားပေးပါ။ အရာဝတ္ထုတွေရဲ့ နာမည်တွေကို လက်ညှိုးထိုးပြီး ပြောပြပေးပါ။ ကလေးက ဒီအရွယ်မှာ ရေ၊ သဲ၊ ကစားစရာတွေနဲ့ ဆော့ပါပြီ။ ခွက်တစ်ခုထဲကနေ ရေ ဒါမှမဟုတ် သဲကို နောက်ခွက်တစ်ခုထဲ ထည့်တာမျိုးလုပ်တတ်ပြီး ဒီလိုကစားရတာကို နှစ်သက်ပါတယ်။ ကလေးငယ်ကို တစ်ကိုယ်ရေသန့်ရှင်းရေး သေချာလုပ်ပေးပါ။ ကာကွယ်ဆေးတွေ အပြည့်အဝထိုးနှံပေးပါ။ မိသားစုဝင်တွေနဲ့ ကလေးငယ်ကို ရင်းနှီးစွာ ထိတွေ့ခွင့်ပေးပါ။


နှစ်နှစ်အရွယ် ဖွံ့ဖြိုးမှုမှတ်တိုင်

·         အကူအညီမပါဘဲ လမ်းလျှောက်ခြင်း၊ ဖက်တွယ်တက်ခြင်း၊ ပြေးခြင်း

·         ဒါဘာလဲလို့မေးရင် သူသိတာကို လက်ညှိုးထိုးပြီး အမည်ရွတ်ဆိုတတ်ခြင်း

·         စကား နှစ်လုံး ဒါမှမဟုတ် နှစ်လုံးထက်ပိုတဲ့စကားတွေ ပြောတတ်ခြင်း

·         ခဲတံ၊ ရောင်စုံခဲတံပေးလျှင် လျှောက်ရေးခြစ်တတ်ခြင်း

·         ပုံတိုပတ်စလေးတွေ၊ သီချင်းသံတွေ နားထောင်ရတာ နှစ်သက်ခြင်း

·         တခြားလူရဲ့ အပြုအမူတွေကို တုပလုပ်ဆောင်လာခြင်း

·         ကိုယ့်ဘာကိုယ် အစာစားခြင်း၊ အဝတ်ဝတ်ခြင်း စတင်လုပ်ဆောင်လာခြင်း

·         အိမ်အလုပ်ကူညီတဲ့ပုံစံလုပ်ခြင်း၊ Pretend Play ကစားတတ်လာခြင်း

·         စိတ်ရှုပ်ထွေးတတ်လာခြင်း၊ ငြင်းဆန်တာပြုလုပ်လာခြင်း


နှစ်နှစ်အရွယ်တွင် ဒါတွေလုပ်ဆောင်ပေးပါ

          အန္တရာယ်ရှိတဲ့အရာတွေမလုပ်ဖို့၊ အန္တရာယ်ရှိတဲ့နေရာမသွားဖို့ သင်ပေးပါ၊ ရိုးရှင်းပြီး လိုက်နာရလွယ်ကူတဲ့ စည်းကမ်းလေးတွေပြောပြပါ။ ကလေးလုပ်ဆောင်တာမှန်ကန်ရင် ချီးမြှောက်စကားပြောပေးပါ။ စာအုပ်တွေကို ကလေးနဲ့အတူ လှန်ကြည့်ရင်း ရုပ်ပုံလေးတွေအကြောင်း ပြောပြပါ။ ပုံဆွဲဖို့၊ ရေးခြစ်ဖို့အတွက် လိုအပ်တာလေးတွေပေးပေးပါ။ သွန်ထည့်တာ၊ လောင်းဖြည့်တာမျိုး ကစားလို့ရအောင် ရေပုံး၊ သဲပုံးလေးတွေ ပေးပါ။


သုံးနှစ်အရွယ်ဖွံ့ဖြိုးမှုမှတ်တိုင်

·         လမ်းလျှောက်တာ၊ ပြေးတာ၊ ကန်တာ၊ ခုန်တာတွေ အလွယ်တကူ လုပ်နိုင်ခြင်း

·         နာမည်နဲ့ အသက်ကို ပြောတတ်ခြင်း

·         အရောင်တချို့ရဲ့ နာမည်နဲ့ အရာဝတ္ထုကို တွဲသိခြင်း

·         ကိန်းဂဏန်းတွေရွတ်ဆိုခြင်း (ကိန်းကဏန်းတွေရဲ့ အဓိပ္ပာယ်ကိုတော့ မသိသေးပါဘူး)

·         မေးခွန်းမေးတာ၊ ဖြေတာတွေ လုပ်လာခြင်း (မေးခွန်းတွေ အများကြီးမေးလာတဲ့အရွယ်ပါ)

·         သံစဉ်တွေကို လိုက်ညည်းဆိုခြင်း၊ ရိုးရှင်းလွယ်ကူတဲ့သီချင်းတွေလိုက်ဆိုခြင်း

·         Pretend Play ကစားခြင်း (ဥပမာ - ငှက်ပျောသီးကို ဖုန်းအဖြစ်အသုံးပြုခြင်း)

·         ကိုယ့်ဘာသာကိုယ်အစာစားခြင်း

·         စိတ်ခံစားမှုကို ပြသတတ်ခြင်း

·         ကိုယ့်ဘာသာကိုယ်လက်ဆေးတတ်ခြင်း

·         အကူအညီဖြင့် ကိုယ့်ဘာသာကိုယ် သွားတိုက်ဖို့ ကြိုးစားခြင်း

·         ဆီးအိမ်ကို ထိန်းနိုင်လာခြင်း၊ အရင်ကလို ပေါက်မချတော့ခြင်း

·         ပုံပြင်ပြောပြလျှင် သေချာနားထောင်ခြင်း၊ ပြန်လည်တုံ့ပြန်ပြောဆိုခြင်း


သုံးနှစ်အရွယ်တွင် ဒါတွေလုပ်ဆောင်ပေးပါ

          ရွယ်တူ ဒါမှမဟုတ် တခြားကလေးတွေနဲ့အတူ ကစားခွင့်ပေးပါ။ နေ့စဉ် ကစားချိန်ပေးပါ။ ပုံဖော်ကစားလို့ရမယ့် ကစားစရာတွေ တီထွင်ဖန်တီးလို့ရမယ့်ကစားစရာတွေ ပေးပါ။ ပုံပြင်တွေ၊ သံစဉ်တွေ၊ သီချင်းတွေ ပြောပြပါ။ အပြုအမူပိုင်းဆိုင်ရာမှာ လိုက်နာရမယ့်အချက်တွေ ပြောပြပါ။ ကလေးအမှားလုပ်မိရင်တောင် အားပေးပြီး ချစ်ပေးပါ။ ကလေးအပေါ်စိတ်ရှည်ပါ။ ကလေးပြောတာ၊ မေးတာကို သေချာနားထောင်ပေးပြီး ကလေးနားလည်နိုင်အောင် ရိုးရိုးရှင်းရှင်း ဖြေပေးပါ။


ငါးနှစ်အရွယ်ဖွံ့ဖြိုးမှုမှတ်တိုင်

·         ဟန်ချက်ညီအောင်လုပ်ဆောင်တတ်ခြင်း

·         စာကြောင်းလိုက်စကားတွေပြောတတ်ခြင်း၊ သူနားလည်ထားတဲ့စကားလုံးတွေနဲ့ စကားပြောလာခြင်း

·         စကားကို ပီပီသသ ပြောတတ်လာခြင်း

·         ဆန့်ကျင်ဘက်တွေကိုသိခြင်း (ဥပမာ - ဝတာနဲ့ပိန်တာ၊ ရှည်တာနဲ့တိုတာ)

·         ခဲတံ ဒါမှမဟုတ် ရောင်စုံခဲတံကို လက်မ၊ လက်ညှိုး၊ လက်ခလယ်သုံးပြီး ကိုင်နိုင်ခြင်း

·         ညာဘက်လက် ဒါမှမဟုတ် ဘယ်ဖက်လက်ကို အသုံးများလာခြင်း

·         တခြားကလေးတွေနှင့်အတူ ကစားတတ်လာခြင်း၊ မိတ်ဆွေဖွဲ့ခြင်း (ကလေးအချင်းချင်း စကားများတာ ဖြစ်တတ်ပါတယ်)

·         ရိုးရှင်းတဲ့လုပ်ငန်းစဉ်လေးတွေကို ဇွဲမလျှော့ဘဲ လုပ်ဆောင်နိုင်ခြင်း

·         မေးခွန်းများစွာမေးခြင်း

·         ငါးခု၊ ဆယ်ခုထိ ရေတွက်နိုင်ခြင်း

·         ကိုယ့်ဘာသာကိုယ်အဝတ်ဝတ်နိုင်ခြင်း

·         အကူအညီမလိုဘဲ အိမ်သာအသုံးပြုနိုင်ခြင်း၊ လက်ဆေးဖို့ မမေ့အောင် သတိပြုနိုင်ခြင်း


ငါးနှစ်အရွယ်တွင် ဒါတွေလုပ်ဆောင်ပေးပါ

          ကလေးပြောတာကို နားထောင်ပြီး မေးတာတွေကို စိတ်ရှည်ရှည်နဲ့ ဖြေပေးပါ။ ကလေးနဲ့အတူ စကားပြောပေးပါ။ နေ့စဉ်ကလေးကို စာဖတ်ပြတာ၊ ပုံပြင်ပြောပြတာ၊ ဂိမ်းအတူကစားတာတွေ လုပ်ဆောင်ပါ။ ကစားစရာတွေ ဝယ်ပေးတဲ့အခါ နံပါတ်တွေ၊ အက္ခရာတွေ၊ ဗဟုသုတတွေရရှိစေဖို့ ဝယ်ပေးပါ။ Block တုံးလေးတွေ မပါမဖြစ်ကစားဖို့ ပေးပါ။ စာရေးတာကို စိတ်ဝင်စားပြီဖြစ်တဲ့အရွယ်ဖြစ်တာကြောင့် ကလေးရေးဖို့၊ ပုံဆွဲဖို့၊ လျှောက်ခြစ်ဖို့ လိုအပ်တာတွေ ဖြည့်ဆည်းပေးပါ။ ရွယ်တူကလေးတွေနဲ့အတူ ကစားဖို့ အခွင့်အလမ်းရှိတဲ့နေရာကို ပို့ပေးပါ။ ရွယ်တူအချင်းချင်းက သင်ယူမှုမြန်စေတဲ့ Peer Learning အတွေ့အကြုံကို ရရှိစေပါတယ်။


ကျောင်းသွားကြမယ်

          ကျောင်းစတက်ပြီဆိုတာကလည်း ကလေးရဲ့ ဖွဲ့ဖြိုးမှုတွေထဲက မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းအပ်နောက်မကျစေဖို့ လိုသလို ကျောင်းပုံမှန်တက်ဖို့၊ ကျောင်းနေပျော်ဖို့ လိုပါတယ်။ မွေးစကနေ ငါးနှစ်အရွယ်ထိ လုံလောက်တဲ့ ယုယကြင်နာနွေးထွေးမှု၊ ဂရုစိုက်မှုတွေရရှိထားရင် ကျောင်းစတက်ဖို့လည်း အသင့်ဖြစ်နေပါပြီ။ ကလေးငယ်တွေအတွက် ကလေးပြုစုစောင့်ရှောက်သူတွေက စံပြနမူနာယူစရာသူတွေအဖြစ် ရှိပေးပါ။ ကလေးရဲ့ ကျောင်းကိစ္စတွေမှာ စိတ်ဝင်တစား ပါဝင်ဆောင်ရွက်ပါ။ ကလေးတွေနဲ့ အချိန်ဖြုန်းပါ။ စကားပြောပေးပါ။ ကလေးတွေပြောတာနားထောင်ပေးပါ။ ကလေးတွေနဲ့ အတူတူဆော့ပါ။ ကလေးငယ်တွေကို သူတို့ရဲ့ ခံစားချက်တွေ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုတတ်လာအောင် အားပေးပါ။ အပြုအမူပိုင်းဆိုင်ရာမှာ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေရရှိလာအောင် ပြုစုပျိုးထောင်ပေးပါ။

Credit : ထူးဒါလီကိုကို

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18