Print

ကလေးကြီးလေးတွေ ညဘက်မအိပ်တဲ့အခါ

  08-Sep-2020
Preview Image

          ကလေးကို တစ်နှစ်လောက်စပြီး အိပ်ချိန် ပုံမှန်ကျင့်ပေးပါ။ လူကြီးတွေ ညဘက် အလုပ်များနေတာကြောင့်ရော လူကြီးတွေ အိပ်ချိန်ပုံမှန်မဟုတ်တာကြောင့်ပါ ကလေးတွေ အိပ်ချိန်မမှန်ဖြစ်ရတာပါ။ ကိုယ့်မိသားစုရဲ့ အိပ်စက်ချိန်ဇယားကို သတိထားကြည့်မိရင် ဒီပြဿနာက ဖြေရှင်းရလွယ်ပါတယ်။

-       မိဘတွေက ည ၁၁၊ ၁၂ နာရီလောက်မှ အိပ်ရင် ကလေးတွေလည်း ထိုနည်းလည်းကောင်း အိပ်မှာပါပဲ။

-       ဆူညံမှုမရှိအောင် ဘယ်လောက်ပဲ အသံတိုးတိုးလုပ်တယ်ဆိုဦးတော့ ညလူခြေတိတ်ချိန်မှာ အပ်ကျသံကအစ ကြားနိုင်တယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ ဒါကြောင့် ကလေးနဲ့အတူတူ သင်ပါအိပ်ရာထဲ ဝင်နိုင်ဖို့ ကြိုးစားပါ။ ကိုယ်က လုပ်စရာရှိသေးတယ်ဆိုရင်တောင် ဖေဖေရောမေမေပါ ကလေးတွေအနားမှာ ငြိမ်သက်စွာ ဝင်ရောက်လဲလျောင်းပြီး မျက်စိလေးတွေ မှိတ်ထားဖို့ လိုပါတယ်။ ဒါမှသာ ကလေးက တစ်အိမ်လုံးမှာ နိုးနေတာ သူတစ်ယောက်တည်းပါလားဆိုတဲ့ စိတ်နဲ့ရော၊ လူကြီးမိဘတွေ တိတ်ဆိတ်ငြိမ်သက်နေတာကြောင့်ပါ သူ့ကိုယ်သူအိပ်ပျော်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ကလေးအိပ်ပျော်သွားပြီး ဆယ့်ငါးမိနစ်လောက်ကြာမှ မိမိတို့လုပ်စရာရှိတာလေးတွေကို လုပ်ကြပါလို့ အကြံပြုလိုက်ပါရစေ။

-       ကလေးက မူကြိုကျောင်းမှာ နေ့လယ်အိပ်ခဲ့ရလို့၊ နေ့လယ်က အိပ်တာ ညနေ ၄ နာရီ၊ ငါးနာရီလောက်မှ နိုးလို့ဆိုတဲ့ ဆင်ခြေမျိုးနဲ့တော့ ကလေးက ညဘက်မအိပ်တာ မဟုတ်ပါဘူး။ မျက်စိမှာ အကျင့်ရှိပါတယ်။ အကျင့်လုပ်ပေးလို့ရပါတယ်။ ပုံမှန်အိပ်ချိန်မှာ အိပ်ဖို့အတွက် မျက်လုံးကို အကျင့်လုပ်ပေးထားရင်ကို အိပ်ချိန်ဆို အိပ်ကိုအိပ်ပါတယ်။ တစ်ခုရှိတာက ပတ်ဝန်းကျင်အနှောင့်အယှက်ပယောဂတွေမပါစေဖို့ပါပဲ။

-       ကစားမက်တဲ့ ကလေးဆိုရင်လည်း အခုမအိပ်ရင် နောက်ရက်တွေလည်း မကစားရတော့ဘူးဆိုတဲ့ အပေးအယူလေးတော့ သုံးပါ။ ဒါမှမဟုတ် သားသားခုအိပ်ရင် မနက်ဖြန် သားစားချင်တာ ချက်ကျွေးမယ်၊ သားလိုချင်တာ ဝယ်ပေးမယ်ဆိုတာမျိုးနဲ့ ဆွဲဆောင်ပြီး အိပ်ရာကိုလည်း ကလေးအိပ်ချင်စဖွယ်ဖြစ်အောင် လုပ်ထားစေချင်ပါတယ်။ အိပ်ရာကို သပ်သပ်ရပ်ရပ်ခင်း၊ ခြင်ထောင်လေးထောင်ပြီးရင် ညအိပ်မီး မှိန်မှိန်လေးတစ်လုံးထွန်းလို့ ကလေးရဲ့အိပ်ချင်စိတ်ကို နှိုးဆွပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ်ကညအိပ်မီး ထွန်းဖို့ မလွယ်ကူတဲ့အိမ်ဆိုရင်လည်း ခြင်ထောင်ပေါ်မှာ တခြားစောင် ဒါမှမဟုတ် တဘက်တစ်ခုခုကို ကာပြီး ခြင်ထောင်ထဲကို အလင်းရောင်စူးစူးတွေ မရောက်အောင် လုပ်လို့ရပါတယ်။

-       ပုံပြင်ကြိုက်တဲ့ကလေးတွေအတွက်တော့ ပုံပြင်ပြောပြခြင်းနဲ့လည်း အိပ်ရာဝင်ဖို့ ဆွဲဆောင်နိုင်ပါတယ်။

-       သိပ်အမေးအမြန်းထူတဲ့ကလေးတွေကို ပုံပြင်ပြောပြတဲ့အခါ သူတို့သိပြီးသားပုံပြင်ကို ထပ်တလဲလဲပြောမပြဘဲ သူတို့စိတ်ဝင်စားမယ့်ပုံပြင်တစ်ခုခုကိုသာ ပြောပြပေးပါ။

ကလေးလေးက ညဘက် အိပ်ချိန်မှန်တယ်တော့၊ ကလေးရှိလို့ ရှိမှန်းတောင်မသိရဘူး၊ ဉာဏ်ကောင်းလိုက်တာဆိုတဲ့ အများတကာရဲ့ချီးမွန်းပြောကြားမှုကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် အခုလို အကြံကောင်းလေးပေးလိုက်ရတာဖြစ်ပါတယ်။

Credit : တနိုင်းခ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18