Print

Rich Kid ပြုစုပျိုးထောင်နည်း

  25-Aug-2020
Preview Image

          Rich Kid ဆိုတဲ့ ဝေါဟာရက လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဘဝမှာ အကောင်းတကာ့အကောင်းဆုံးတွေ လိုလေသေးမရှိ ဖြည့်ဆည်းပေးနိုင်တဲ့ မိသားစုမှာ မွေးဖွားလာတဲ့ သားသား၊ မီးမီးတို့ပဲ ဖြစ်ပါတယ်။ ပြည့်စုံချမ်းသာတဲ့ မိဘတွေအနေနဲ့ သားသမီးကို ပြုစုပျိုးထောင်တဲ့အခါ အခက်အခဲမရှိ ချောမွေ့မယ်လို့ ယူဆလို့မရပါဘူး။ ကလေးပြုစုပျိုးထောင်ခြင်း အနုပညာဆိုတာ ပိုက်ဆံနဲ့ပေးဝယ်လို့မရပါဘူး။ ဒီဆောင်းပါးမှာ Rich Kid လေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာ ရေးပေးလိုက်ပါတယ်။


ဖေဖေ၊ မေမေတို့ရဲ့ သဘောထားအမြင် အရေးကြီးပါတယ်။

          ပြည့်စုံချမ်းသာတဲ့ မိဘတွေအနေနဲ့လည်း သားသမီးတွေပြုစုပျိုးထောင်တဲ့အခါ မိဘက လိုလေသေးမရှိထားလို့ ကလေးက ဘဝကို ပေါ့ပေါ့လေးဖြတ်သန်းမှာလား၊ မကြိုးစားဘဲနေမှာလား၊ ဘဝမှာ ရည်မှန်းချက်ပန်းတိုင်တွေမရှိဘဲနဲ့ ဦးတည်ချက်ပျောက်တော့မှာလားဆိုတဲ့ စိုးရိမ်စိတ်တော့ ရှိကြစမြဲပါပဲ။

          Rich Kid တွေကို လူအများက ပျက်စီးနေတဲ့ကလေးတွေလို့ မြင်ကြတာများပါတယ်။ အလုပ်ဆိုရင် ဘာအလုပ်မှ မလုပ်ဖူးတာ၊ စီးပွားရေးအကျပ်အတည်းတွေဖြစ်လို့ လူအများကြိုးစားရုန်းကန်နေရတဲ့အချိန်တွေမှာ ကိုယ်ပိုင်လေယာဉ်နဲ့ အပန်းဖြေခရီးထွက်နေတတ်တာဟာ Rich Kid တွေပဲလို့ လူအများက သတ်မှတ်ထားလေ့ရှိပါတယ်။ ဒါပေမယ့် Parenting Skill နဲ့ စည်းစနစ်ကျတဲ့ မိဘတွေကတော့ ဒီလိုမျိုးမဖြစ်အောင် ကြိုးစားပြီးပြုစုပျိုးထောင်ကြပါတယ်။

          ကလေးတွေကို ကျန်းမာစေချင်တယ်၊ ပျော်ရွှင်စေချင်တယ်၊ ဘဝကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်သန်းစေချင်တယ်ဆိုရင် ချမ်းသာပြည့်စုံမှုအပေါ် မြင်တဲ့အမြင်၊ ကလေးကို ပြုစုပျိုးထောင်နေတဲ့ ဖေဖေ၊ မေမေတို့ရဲ့ ရည်ရွယ်ချက် မှန်ကန်ဖို့လည်း လိုပါတယ်။ ငွေကြေးပြည့်စုံတာဟာ ကလေးတို့ဘဝမှာ ကြိုးစားနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်တယ်ဆိုတဲ့ အမြင်မျိုးဖြစ်စေဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ငွေကြေးပြည့်စုံတာဟာ ဝန်ထုပ်ဝန်ပိုးလိုသဘောထားပြီး ဘဝကို အောင်မြင်မှုပန်းတိုင်မရှိဘဲ လျှောက်လှမ်းစေဖို့ မဖြစ်သင့်ပါဘူး။


လိုက်နာရမယ့် သုံးချက်ရှိပါတယ်

          Rich Kid တွေကို ပြုစုပျိုးထောင်တဲ့အခါ အရေးကြီးဆုံး အချက်သုံးချက်ရှိပါတယ်။

(၁) ကလေးတွေ လိုချင်တာမှန်သမျှ အကုန်လုံးကိုမပေးဖို့

(၂) ကလေးတွေကို အလုပ်လုပ်ခွင့်ပေးဖို့

(၃) ကျရှုံးတယ်ဆိုတာကို ကလေးတွေ ကိုယ်တိုင်သိမြင်ခံစားခွင့်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။

ချမ်းသာပြည့်စုံတဲ့မိဘတွေ လုပ်လေ့ရှိတဲ့ အကြီးမားဆုံးအမှားဟာ ဒီသုံးချက်ကို ပေးမလုပ်တာပဲ ဖြစ်ပါတယ်။


(၁) ကလေးတွေ လိုချင်တာမှန်သမျှ အကုန်လုံးကို မပေးပါနဲ့

          ကလေးလိုချင်တာမှန်သမျှ မိဘက အလွယ်တကူပေးနေမယ်ဆိုရင် ကလေးဟာ မိဘအပေါ် မှီခိုအားထားစိတ်ကြီးလာပြီး ကိုယ့်ကိုယ်ကိုယ်အားကိုးလိုစိတ်မရှိတာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာတွေ ဖြစ်လာစေပါတယ်။ အရာတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာရယ်၊ ဘယ်အရာမှ လောကမှာ အလကားရတယ်ဆိုတာ မရှိဘူးဆိုတာ ကလေးတွေ နားလည်ဖို့ ဖြည်းဖြည်းချင်းသင်ပေးပါ။ ဒီအတွက် ကလေးကို သူလိုချင်တာဝယ်ဖို့ သူ့ကိုယ်တိုင်မုန့်ဖိုးကနေ စုစေတာမျိုး၊ ကြိုးစားလို့ ဆုချတာမျိုးလုပ်ပေးပါ။ လိုချင်တာတစ်ခုခုအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်ရမယ်ဆိုတဲ့ အသိရစေဖို့ အရေးကြီးပါတယ်။

(၂) ကလေးတွေကို အလုပ်လုပ်ခွင့်ပေးပါ

          ကလေးတွေကို အလုပ်လုပ်ခိုင်းတယ်ဆိုတဲ့နေရာမှာ ကလေးတစ်ဦးအတွက် သူရဲ့လုပ်နိုင်စွမ်းနဲ့ ကြိုးစားပြီးလုပ်ရင် အောင်မြင်နိုင်တဲ့အလုပ်မျိုးဖြစ်ဖို့လိုပါတယ်။ ကလေးရဲ့ လုပ်နိုင်စွမ်းထက် ကျော်လွန်တဲ့ အလုပ်မျိုး မလုပ်ခိုင်းသင့်ပါဘူး။ မလုပ်နိုင်တဲ့အလုပ်ကို အတင်းလုပ်ခိုင်းမယ်ဆိုရင် စိတ်ဓာတ်ကျသွားစေနိုင်ပါတယ်။ ကလေးတွေကို သူတို့ ကိုယ်တိုင်လုပ်နိုင်တဲ့အလုပ်၊ ကြိုးစားရင် အောင်မြင်မှုရနိုင်တဲ့ အလုပ်မျိုးပေးလုပ်တာဟာ ကလေးတွေ သူတို့ကိုယ်သူတို့ ယုံကြည်မှုတိုးလာစေပါတယ်။ သူတို့ရဲ့လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုရှိမှ ဘဝမှာ အခက်အခဲတွေ ဘယ်လိုပဲရှိလာစေ အကောင်းဆုံးစဉ်းစားတွေးခေါ်ပြီး ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

(၃) ကျရှုံးတယ်ဆိုတာကို ကလေးတွေကိုယ်တိုင် သိမြင်ခံစားခွင့်ပေးပါ

          ပျံသန်းဖို့သင်ယူနေတဲ့ငှက်ကလေးဟာ အစပိုင်းမှာတော့ ပြုတ်ကျတာ၊ အမြင့်မပျံနိုင်တာတွေ ရှိမှာပါ။ ဒါကို ပြုတ်ကျမှာစိုးလို့ဆိုပြီး ပျံသန်းခွင့်မပေးရင် ဘဝမှာပိုပြီး ကျရှုံးဖို့ပဲ ရှိပါတယ်။ ဥပမာ ကလေးက စာမေးပွဲကျတာ၊ အိမ်စာလုပ်ဖို့မေ့တာ၊ ပြိုင်ပွဲမှာ အနိုင်မရတာ စတာတွေဖြစ်လာရင် မိဘတွေက ငွေကြေးနဲ့ လိုက်လံဖာထေးတာတွေ၊ လာဘ်ထိုးတာတွေမလုပ်ဖို့ အရေးကြီးပါတယ်။ ရှုံးနိမ့်တယ်ဆိုရင် နောက်တစ်ခါ ကြိုးစားနိုင်တဲ့ အခွင့်အလမ်းရှိတယ်ဆိုတာ ရှင်းပြပေးပါ။ ပထမရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကြိုးစားမှုအတွက် အသိအမှတ်ပြုပေးပါ။ ထပ်ပြီး ကြိုးစားဖို့ အားပေးတာမျိုးလုပ်ပေးပါ။ ငွေရှိနေရင် အရာရာပြီးတယ်ဆိုတဲ့စိတ်မျိုး မဝင်သွားစေဖို့ အရေးကြီးပါတယ်။


ငွေကြေးကို တန်ဖိုးထားတတ်အောင် သင်ပေးပါ

          မိဘမှာ ဘယ်လောက်ပဲပိုက်ဆံရှိရှိ ကလေးတွေကို ငွေကြေးတန်ဖိုးထားတတ်အောင် ငယ်စဉ်ကတည်းကသင်ပေးဖို့ လိုပါတယ်။ သိတတ်နားလည်နိုင်ပြီဆိုတဲ့အရွယ်ကတည်းက ငွေကြေးတန်ဖိုးကို သိအောင်သင်ပေးနိုင်ရင် အကောင်းဆုံးပါ။

          ကလေးကို သူ့အရွယ်နဲ့သူ သင့်တော်မယ့်မုန့်ဖိုးပေးပါ။ သူ့ပိုက်ဆံနဲ့သူ လိုချင်တာကိုစုဝယ်ပြီး ဝယ်ခိုင်းပါ။ အရွယ်ရောက်လာရင် ဘဏ်မှာ အကောင့်ဖွင့်ပြီး ငွေစုဖို့အားပေးပါ။ အသုံးငွေစာရင်း၊ ဝင်ငွေစာရင်းသေချာမှတ်တဲ့ အလေ့အကျင့်ရအောင် သင်ပေးပါ။ ခေတ်စနစ်ရဲ့ စီးပွားရေးအခြေအနေကို အကဲခတ်တတ်အောင် သင်ပေးပါ။ ကလေးတွေကို ငွေကြေးတန်ဖိုးထားတတ်ဖို့ သင်ပေးသလို ဖေဖေမေမေတို့ကိုယ်တိုင်ကလည်း ငွေကြေးကို စည်းကမ်းတကျ၊ စနစ်တကျ အသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။


စိတ်ဖိစီးမှုကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းတတ်အောင် သင်ပေးပါ

          ချမ်းသာပြည့်စုံတဲ့ မိဘတွေအနေနဲ့ ကလေးကို လိုလေသေးမရှိ၊ ပြီးပြည့်စုံအောင် ထားပေးရင် ပြီးရောမဟုတ်ပါဘူး။ ကလေးတွေမှာလည်း စိတ်ဖိစီးမှုဆိုတာ ရှိပါတယ်။ ဘယ်လောက်ပဲ ပြည့်စုံအောင်နေရနေရ သူတို့မှာလည်း စိတ်ဖိစီးမှုဆိုတာ ရှိပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အရာတွေကို တုံ့ပြန်ပုံချင်း လူတစ်ဦးနဲ့တစ်ဦးမှာ မတူညီကြပါဘူး။

          ငယ်စဉ်ဘဝမှာ ပုံမှန်ကျော်လွှားရမယ့် စိတ်ဖိစီးမှုမျိုးကို လက်ခံပေးပြီး ကလေးကိုယ်တိုင်က စိတ်ဖိစီးမှုကို ကောင်းကောင်းမွန်မွန် တုံ့ပြန်နိုင်အောင် လေ့ကျင့်ပေးပါ။ ငယ်စဉ်အရွယ်မှာကတည်းက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင်လေ့ကျင့်ပေးမယ်ဆိုရင် Mental Resilience ကောင်းလာပြီး အရွယ်ရောက်တဲ့အခါမှာ ကလေးက ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံရကြုံရ အလွယ်တကူ လက်မလျှော့ဘဲ အကောင်ဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။ ကလေးကိုစိတ်ဖိစီးမှု လုံးဝမရှိစေရဘူးလို့ ဆုံးဖြတ်ပြီး ဖြည့်ဆည်းပေးတာက ချစ်ရာမရောက်ဘဲ နှစ်ရာရောက်စေတတ်တာကိုတော့ သတိပြုစေချင်ပါတယ်။

Credit : ထူးဒါလီကိုကို(MPharm)

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18