Print

တစ်ဦးတည်းသော သားသမီးတွေကို အထီးကျန်ခြင်းမဖြစ်စေဖို့

  11-Aug-2020
Preview Image

ကလေးတွေနဲ့ စကားပြောပေးပါ။

          တစ်ဦးတည်းသော သားသမီးတွေဟာ အထီးကျန်မှုက ကြီးစိုးတတ်တယ်ဆိုတာ သတိထားမိဖို့ အရေးကြီးပါတယ်။ သူတို့ကို အထီးကျန်စိတ် မဖြစ်အောင် မိဘတွေကိုယ်တိုင်က သူတို့လေးတွေနဲ့ စကားပြောပေးပါ။ ပျော်ရွှင်စရာကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးမျိုး၊ မောင်နှမဆက်ဆံရေးမျိုး ဖန်တီးပေးပါ။ အဲဒီလိုဆို ဘာတွေအကျိုးရှိလာမလဲဆိုတော့ သူတို့လုပ်သမျှ၊ သူတို့ပြောသမျှ၊ သူတို့တွေးသမျှ၊ သူတို့ကြံသမျှကိုယ်အကုန်သိရမှာ ဖြစ်သလို သူတို့ကို တားချင်ရင်တောင် ကိုယ်က အာဏာသုံးစရာမလိုတော့ပါဘူး။ အချင်းချင်း Care လုပ်ရင်း Share လုပ်ရင်း ဒါမကောင်းဘူး၊ ဒါမသင့်တော်ဘူးဆိုတာ ချပြလိုက်ရုံပါပဲ။


သူတို့နဲ့ မကြာခဏ ခရီးထွက်ပေးပါ။

          ခရီးထွက်တာ၊ ပျော်ပွဲစားထွက်တာ၊ Shopping ထွက်တာတွေ လုပ်ပေးတာမျိုးက သူတို့ရဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးရာလည်း ရောက်ပါတယ်။


သူငယ်ချင်းအသစ်တွေ ဖန်တီးပေးပါ။

          ကိုယ့်ကိုယ်ကိုယ်နဲ့ နှိုင်းစာပြီး ငါသာ တစ်ယောက်တည်း ကြီးပြင်းရရင်ဆိုတဲ့ စိတ်နဲ့ သူတို့အတွက် သူငယ်ချင်းရှာပေးပါ။ သူတို့ပေါင်းတဲ့ သူငယ်ချင်းကိုလည်း ကိုယ့်သူငယ်ချင်းလိုပဲ ပေါင်းပြီး သူတို့အကြောင်းကို မျက်ခြည်ပြတ်မခံပါနဲ့။


သူတို့ရဲ့ ကျောင်းတွင်းဘဝကိုလည်း လေ့လာပါ။

          သူတို့ကျောင်းခန်းထဲမှာ သူငယ်ချင်းတွေနဲ့ ပေါင်းရဲ့လား၊ တစ်ယောက်တည်းနေလား၊ စာရောလုပ်လား၊ တစ်ယောက်တည်း လုပ်တာလား၊ အပေါင်းအသင်းတွေရှိရဲ့လားဆိုတာ Check In လိုက်ရမှာပါ။ ဆရာမတွေ၊ ဆရာတွေကိုလည်း အကျိုးအကြောင်းပြောပြီး တစ်ယောက်တည်း ဖြစ်မနေစေဖို့ အကူအညီတောင်းသင့်ရင် တောင်းထားရမှာပါ။


အထီးကျန်ခြင်းရှိမရှိကို အမြဲသတိထားပေးပါ။

          သူတို့တစ်ယောက်တည်း ငေးငိုင်နေပြီလား၊ ချောင်ကပ်ပြီး တစ်ခုခုတွေးနေပြီလား၊ မှိုင်တွေငေးမောနေတာလား၊ တစ်ယောက်တည်း အချိန်ဖြုန်းနေတာလားဆိုတာ အမြဲတမ်း သတိတရကြည့်နေပေးပါ။ အဲဒီလိုအခြေအနေမျိုးဆို သူ့ကိုခေါ်ပြီး အပြင်သွားတာမျိုး၊ ဈေးဝယ်ထွက်တာမျိုး လုပ်သင့်ပါတယ်။ ကလေးတွေရဲ့ အထီးကျန်မှုကို လုံးဝ မမွေးမြူစေသင့်ပါဘူး။


လေ့ကျင့်ခန်းတစ်ခုခု လုပ်နေပါစေ။

          အားကစားလေ့ကျင့်ခန်းတစ်ခုခုလုပ်ဖို့ သင်တန်းပို့တာ၊ သူငယ်ချင်းတွေနဲ့အတူ ကြက်တောင်ရိုက်ကစားခိုင်းတာ၊ ဘောလုံးသွားကန်ခိုင်းတာမျိုး၊ နောက်အင်္ဂလိပ်စာလုံးဆက်တဲ့ကစားနည်း၊ ကျားထိုးတဲ့ကစားနည်းမျိုး ကစားခိုင်းပါ။ သူခမျာ ကစားရင်လည်း ကစားလို့ဆိုပြီး ခဏခဏဆူနေတဲ့မေမေတွေရှိရင်လည်း မဆူပါနဲ့၊ ကစားပါစေ။ သူ့ရဲ့အပျော်တွေကို မပျက်စီးပါစေနဲ့။

          ကလေးကို အထီးကျန်စိတ်မဖြစ်အောင် ပြုစုစောင့်ရှောက်လို့ပြီးရင်တော့ ကလေးရဲ့ တစ်ကိုယ်ကောင်းစိတ်အတွက် ပြုပြင်ဖို့ လွယ်ကူသွားပါပြီ။ သူ့ဘာသာသူ သူငယ်ချင်းတွေနဲ့အတူတူ ဝေမျှတတ်လာပါလိမ့်မယ်။ တစ်ဦးတည်းသောကလေးများ အပြည့်အဝပျော်ရွှင်အောင် တူတူစောင့်ရှောက်ကြပါစို့လားဗျာ။ အဓိကက မိဘတွေက မငြိုငြင်ဖို့ အရေးကြီးတယ်နော်။

Credit : ပြည့်နိုင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18