Print

ကျောင်းနေအရွယ်ကလေးတွေကို ဖုန်းပေးကိုင်သင့်လား

  04-Aug-2020
Preview Image

          ကျောင်းနေအရွယ်ကလေးဆိုတဲ့နေရာမှာ အဓိကအားဖြင့် မူလတန်းကနေ အထက်တန်း အသက်ဆယ့်ခြောက်နှစ်အောက်ကလေးများကို ရည်ညွန်းလိုပါတယ်။ အခုခေတ်လို ကျောင်းသင်ခန်းစာတစ်မျိုးတည်းနဲ့ မလုံလောက်ဘဲ ကျောင်းချိန်ပြင်ပတွေမှာလည်း လက်ဆယ်ချောင်းပြည့်လုမတတ် ကျူရှင်သင်တန်းတွေ အပြေးအလွှားတက်နေကြရတဲ့ ကလေးတွေကို ဖုန်းပေးကိုင်တာ ဖြစ်သင့်ပါတယ်။ ကလေးတွေရဲ့ ကျောင်းသွားကျောင်းပြန်ချိန်နဲ့ အခြားကိစ္စအဝဝတို့အတွက် မိဘတွေနဲ့ အမြဲအပြတ် အဆက်အသွယ်ရှိနေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆက်သွယ်ရုံ အသုံးပြုနိုင်တဲ့ ဖုန်းများကိုသာ ပေးကိုင်သင့်ပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေ သစ်ဆန်းထားတဲ့ ဖုန်းများကိုတော့ ကျောင်းနေအရွယ်ကလေးတွေအတွက် မသင့်တော်ပါလို့ ယတိပြတ်ပြောလိုပါတယ်။


ဘာကြောင့်ပါလဲ

          ကလေးသူငယ်လေးတွေဆိုတာ အရမ်းနုနယ်တဲ့ စိတ်ထားပိုင်ရှင်လေးတွေပါ။ ပုံသွင်းရင် ပုံသွင်းသလို၊ ဘောင်ခတ်ရင် ဘောင်ခတ်သလို၊ အရောင်ဆိုးရင် ဆိုးသလို၊ နူးညံ့တဲ့ စိတ်ထားလေးတွေကနေ ခက်ထန်တဲ့ စိတ်ဓာတ်တွေဝင်အောင် အတင်းအကြမ်းလုပ်ယူလို့ရပါတယ်။ အဖြူရောင်ကို အရောင်ဆိုးရလွယ်သလိုပေါ့။

          လက်ကိုင်ဖုန်းတွေနဲ့ ဖွားဖက်တော်အလား မွေးဖွားလာတဲ့ ဒီကလေးတွေဟာ ဖုန်းကို တလွဲဆံပင်ကောင်း အသုံးပြုလာမယ်ဆိုရင်ဖြင့် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို ကျွန်မ မတွေးဝံ့ပါ။ စားဝတ်နေရေးအတွက် လုံးပန်းနေတဲ့ မိဘတွေအနေနဲ့ မိမိတို့ကလေးကို မျက်စိဒေါက်ထောက်မကြည့်နိုင်တဲ့အခါမှာ ကလေးတွေမှာ ဖုန်းနဲ့ပတ်သက်ပြီး မမျှော်လင့်တဲ့ ဆိုးကျိုးတွေ ရရှိလာနိုင်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဟန်းဆက်တွေဟာ ဈေးနှုန်းလည်းအင်မတန်ကြီးသလို တခြားလုပ်ဆောင်နိုင်စွမ်းတွေလည်း မြင့်တာကြောင့် ကျောင်းနေအရွယ်ကလေးတွေနဲ့ ဘယ်လိုနည်းနဲ့မှ မသင့်တော်မအပ်စပ်ပါလို့ ထပ်လောင်းပြောပါရစေ။


သတိထားရင်အမှားမရှိ

          မိဘတွေအနေနဲ့ မိမိတို့ကလေးတွေ ဖုန်းသုံးတယ်ဆိုတဲ့ ကိစ္စရပ်လေးကို ပေါ့ပေါ့တန်တန်တွေးရင်လည်းရသလို ကြောက်စရာကိစ္စရပ်ဆိုပြီး ဆင်ခြင်ထားနိုင်ရင်လည်း မမှားတန်ပါ။ အပျိုဖော်၊ လူပျိုဖော်ဝင်ခါစ ကလေးတွေဟာ တယ်လီဖုန်းကနေတစ်ဆင့် ဖေ့စ်ဘုတ်ခ်သုံးတတ်ကြတယ်။ အင်တာနက်စာမျက်နှာတွေပေါ်က ဆယ့်ရှစ်နှစ်အောက်ကလေးတွေ မကြည့်သင့် မမြင်အပ်၊ မဖတ်သင့်တဲ့ ဗီဒီယိုဖိုင်တွေ၊ စာတွေကိုလည်း အလွယ်တကူ ရယူနေနိုင်ကြပါတယ်။ ဒါတွေဟာ ကျွန်မတို့ရဲ့ အရွယ်မရောက်သေးတဲ့ ရတနာလေးတွေအတွက် ရင်လေးစရာကိစ္စရပ်တွေမို့လို့ သတိကြီးကြီးထားပေးရင်တော့ အမှားမရှိလောက်ပါဘူးလို့ မိဘတို့ကို တိုက်တွန်းချင်ပါတယ်။

          သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးဆိုသလို လက်ကိုင်ဖုန်းကို မိမိတို့ကလေးတွေ အကျိုးရှိရှိအသုံးပြုတတ်အောင် မိဘတို့ကလည်း လမ်းညွှန်တတ်ကြပါစေ။ သားသမီးတို့ကလည်း အပြုသဘောဆောင်တဲ့ ဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာခြင်းကို နည်းမှန်လမ်းမှန်အသုံးချတတ်ပြီး မိသားစုအတွက်တန်ဖိုးရှိတဲ့ ရတနာမောင်မောင်နဲ့ ရတနာခင်ခင်တို့ပဲ ဖြစ်လာကြပါစေလို့ ဆန္ဒပြုရင်း စာစုလေးကို နိဂုံးချုပ်လိုက်ပါတယ်။

Credit : ဒေါက်တာ သီရိ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18