Print

ကလေးတွေသိသင့်တဲ့ ကလေးရောဂါလက္ခဏာများ

  21-Jul-2020
Preview Image

          ကလေးတွေရဲ့ အဖြစ်များတဲ့ရောဂါတွေနဲ့ ရောဂါလက္ခဏာတွေကို အမေတွေသိသင့်ပါတယ်။ ဒါမှ ဆရာဝန်နဲ့ ပြသရာမှာ ကလေးရဲ့ ရောဂါကို ရှာဖွေတဲ့နေရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။


ကလေးတစ်ယောက်ဖျားရင် အမေတွေအနေနဲ့ . . .

          ကလေးအဖျားရှိတာ ဘယ်နှရက်ရှိပြီလဲဆိုတာကို သေသေချာချာသိထားရပါမယ်။ တစ်ပတ်အောက်ဖျားတဲ့အကြောင်းတွေက တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါစတာတွေဖြစ်တတ်ပြီး တစ်ပတ်ကျော်ဖျားရင် တိုက်ဖွိုက်၊ ငှက်ဖျားတီဘီနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေ စတဲ့ အကြောင်းတွေကို ရှာဖွေကုသရပါတယ်။

          နောက်အရေးကြီးတဲ့ အချက်တစ်ခုက သွေးလွန်တုပ်ကွေးရောဂါဟာ အဖျားရက်သုံးရက်မြောက်၊ လေးရက်မြောက်၊ ငါးရက်မြောက်နေ့တွေမှာ သွေးလန့်ခြင်း Shock ရတတ်ပါတယ်။ ဒါကြောင့် ကလေးတွေဖျားရင် ဒီရက်တွေမှာ ကလေးမှန်းခြင်း၊ ရုတ်တရက် အဖျားကျပြီး ဆေးစက်ခြင်းစတာတွေကို ဂရုစိုက်ရပါတယ်။

          အချို့ကလေးတွေက အသက်ခြောက်လနဲ့ ခြောက်နှစ်ကြားမှာဖျားရင် တက်တတ်ကြပါတယ်။ မိဘတွေအနေနဲ့ အိမ်ရဲ့ကလေးတက်တတ်ရင် ကလေးဖျားတာနဲ့ အဖျားကျဆေး ပါရာစီတမော့နဲ့ မတက်အောင် ကာကွယ်နိုင်တဲ့ အတက်ကျဆေးတွေကို ကြိုတင်တိုက်ကျွေးနိုင်ပါတယ်။


ကလေးဖျားစဉ် အန်ပါသလား . . .

          ကလေးတွေ ဝမ်းပျက်၊ ဝမ်းလျှောကြောင့်ဖျားရင် အန်တတ်ပါတယ်။ အထက်လန်အောက်လျှောဖြစ်ခြင်းကြောင့် အန်လျှင်တော့ ကလေးအတွက် စိုးရိမ်ရန်မလိုသော်လည်း ဦးနှောက်အမြှေးရောင်ရောဂါကြောင့် အန်လျှင်တော့ ကလေးအတွက် စိုးရိမ်ရမှာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါမှာလည်း အစပထမမှာ ခဏခဏ အန်တတ်ပြီး နောက်မှ ကော်ဖီနှစ်ရောင် အန်ခြင်းဖြစ်တတ်ပါတယ်။


ကလေးဖျားရင် ကလေးငယ်ထိပ်ဖောင်းပါသလား . . .

          ကလေးငယ်ထိပ်မပိတ်သေးရင် ကလေးဖျားတဲ့အခါ ငယ်ထိပ်ဖောင်းခြင်းက အရေးကြီးပါတယ်။ ငယ်ထိပ်ဖောင်းပြီး တင်းနေရင် ကလေးမှာ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်နိုင်သောကြောင့် အခြားရောဂါလက္ခဏာများကို ရှာဖွေစစ်ဆေးရပါမယ်။


ကလေးဖျားရင် ဗိုက်အောင့်ပါသလား . . .

          အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါမှာ ကလေးတွေ ဗိုက်အောင့်တတ်ပါတယ်။ အသည်းကြီးခြင်းနဲ့ ဒွန်တွဲလာရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ခြင်းကြောင့်လည်း ဗိုက်အောင့်ခြင်းဖြစ်တတ်ပါတယ်။


ကလေးဖျားရင် အရေပြားပေါ်မှာ အနီစက်တွေ ပေါ်သလား . . .

          ကလေးတွေဖျားရင် အရေပြားပေါ်မှာ PETICHIAE ခေါ် သွေးယိုတဲ့ အနီစက်ကလေးတွေ ပေါ်လာရင် သွေးလွန်တုပ်ကွေးရောဂါအနေနဲ့ သတိထားရမယ့် လက္ခဏာဖြစ်ပါတယ်။ အချို့ကလေးတွေမှာတော့ ဂျိုက်သိုးရောဂါနဲ့ အခြားဗိုင်းရပ်တွေမှာ အနီပြင် RASH တွေ ထွက်တတ်ပါတယ်။


ကလေးဖျားရင် နှာခေါင်းသွေးယိုသလား . . .

          အချို့ကလေးတွေက အဖျားကြီးလာရင် နှာခေါင်းသွေးယိုတတ်ကြပါတယ်။ အချို့ကတော့ နှာခေါင်းထဲ လက်ထည့်နှိုက်တဲ့အကျင့်ကြောင့် နှာခေါင်းသွေးယိုတတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါမှာတော့ နှာခေါင်းသွေးယိုလျှင် အရေးကြီးတဲ့လက္ခဏာဖြစ်ပါတယ်။


ကလေးဖျားရင် မှန်းသလား . . .

          ကလေးငယ်တစ်ယောက် ဖျားပြီးမှိန်းမယ်၊ နို့မစို့ဘူးဆိုရင် အရေးကြီးပါတယ်။ ကလေးတစ်ယောက် ဖျားစဉ်၊ မှိန်းမယ်၊ ရုတ်တရက်အဖျားကျပြီး ကိုယ်ခန္ဓာအတွင်းပိုင်းပါ အေးစက်လာပြီဆိုရင် သွေးလွန်တုပ်ကွေးရောဂါမှာ သွေးလန့်ခြင်းအဆင့်ဖြစ်ပါတယ်။


ကလေးဖျားရင် လည်ချောင်းနာတတ်သလား . . .

          ကလေးဖျားရင် လည်ချောင်းနာတတ်တာကလည်း အရေးကြီးပါတယ်။ လည်ချောင်းနာခြင်းဖြစ်ရင် စနစ်တကျကုသရန် အရေးကြီးပါတယ်။ သေသေချာချာကုသမှု မခံယူတဲ့အခါမှာ လေးဖက်နာရောဂါဖြစ်တတ်ပါတယ်။


ကလေးဖျားရင် နားပြည်ယိုတတ်ပါသလား . . .

          ကလေးတွေအနေနဲ့ နှာစေးခြင်း ခဏခဏဖြစ်ရင် နားထဲရေဝင်ရင် နားပြည်ယိုတတ်ပါတယ်။ နားပြည်ယိုလျှင်လည်း ကလေးဖျားနိုင်ပါတယ်။ နားပြည်ယိုတာကို သေချာစွာ မကုသရင် နားမှတစ်ဆင့်ဦးနှောက်ထဲရောက်ပြီး ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်အတွင်း ပြည်တည်ခြင်း ဖြစ်တတ်ပါတယ်။


ကလေးဖျားရင် အကျိတ်ရောင်ခြင်းရှိပါသလား . . .

          ကလေးမှာ အချို့ပြည်တည်နာတွေကြောင့် အကျိတ်ရောင်ခြင်းဖြစ်ပြီး ဖျားတတ်ကြပါတယ်။ ခြေထောက်တွေမှာ အနာရှိရင် ပေါင်မှာ အကျိတ်ရောင်ခြင်း၊ လက်မှာ အနာရှိရင် ချိုင်းမှာ အကျိတ်ရောင်ခြင်းဖြစ်လာပါတယ်။

          လည်ပင်းအကျိတ်ရောင်ခြင်းကတော့ ခေါင်းပတ်လည်မှာ ပြည်တည်နာပေါက်ရင် ရောင်တတ်ပါတယ်။ နာကျင်ခြင်းရှိပါတယ်။

          နာကျင်ခြင်းမရှိဘဲ လည်ပင်းအကျိတ်ကြီးကာ ကလေးက မကြာခဏဖျားရင်တော့ တီဘီအကျိတ်ရောဂါဖြစ်တတ်ပါတယ်။

Credit : ပါမောက္ခ ဒေါက်တာဦးအေးသောင်း (ကလေးအထူးကု သမားတော်ကြီး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18