Print

ကလေးကိုပွေ့ဖက်ခြင်းရဲ့ အရေးပါအရာရောက်ပုံများ

  14-Jul-2020
Preview Image

          စမ်းသပ်မှုတွေအရ မွေးကင်းစကနေ တစ်နှစ်အောက် ကလေးတွေကို တစ်နေ့လျှင် မိနစ် ၂၀ နှုန်းနဲ့ သူတို့ကို ချော့မြှူပွေ့ဖက်တာ၊ အသာအယာတွေ့ထိပွတ်သပ်ပေးတာမျိုး နေ့စဉ်ပြုလုပ်ပေးရင် ရက်သတ္တ၁၀ ပတ်ကြာတဲ့အခါ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရမှတ် (Score) ဟာ သိသာစွာ တိုးတက်လာတာ တွေ့ခဲ့ရတယ်။


          မိဘနဲ့ဖြစ်စေ၊ အုပ်ထိန်းသူနဲ့ဖြစ်စေ၊ ဖက်လှဲတကင်း ရင်းနှီးချစ်ခင်စွာ ပြုစုစောင့်ရှောက်တာ မခံရတဲ့ ကလေးလေးတွေဟာ အာဟာရပြည့်စုံအောင် ပုံမှန်ရနေပေမယ့် ကြီးထွားဖွဲ့ဖြိုးမှုက နောက်ကျကျန်နေခဲ့တာ တွေ့ရပါတယ်။ အဲလို ကလေးတွေကို တယုတယ ပွေ့ချီတာ၊ ဖက်လဲတကင်း တရင်းတနှီး စကားပါပြောဆိုပေးတာနဲ့ အစားအသောက်သေချာ ကျွေးမွေးပေးရင် အသက်အလိုက်ရှိသင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ပြန်လည်ရရှိလာစေပါတယ်။

 

         ကလေးကို ပွေ့ပွေ့ပိုက်ပိုက်နဲ့ တရင်းတနှီး ပြုစုပေးရင် မြင့်တက်လာတဲ့ အောက်ဆီတိုရင် ဟော်မုန်းကြောင့် ကိုယ်ခံစွမ်းအားကို မြင့်တက်လာစေတယ်။ ဒါ့အပြင် သွေးထဲမှာ သိုင်းရွိုက်ဟော်မုန်းပမာဏကို လျော့နည်းလာစေခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်းမှာ အနာရောဂါရှိရင်လည်း အနာအကျက်မြန်လာစေတယ်။ ရောဂါဘယအလွယ်တကူမဝင်နိုင်ဘဲ ကျန်းမာရေး ပိုမိုကောင်းလာစေတယ်။


          အော်ဟစ်ရုန်းကန်ဆူပူနေတဲ့ တတောက်တောက်ပြေးလွှားဆော့ကစားတတ်တဲ့ ကလေးတစ်ယောက်အတွက် သူ့မိခင်ရဲ့ လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်ပေးခြင်းလောက် ဘယ်နည်းကမှ ငြိမ်သက်အေးဆေးသွားအောင် ပြုလုပ်ပေးနိုင်တာ မရှိပါဘူး။ တချို့မိဘတွေက အဲလိုပွေ့ဖက်ပေးစေချင်လို့ အသည်းအသန် ဂရုစိုက်မှုလိုချင်လို့ ကလေးတွေက အော်ဟစ်ငိုယိုပြနေတာလို့ ထင်တတ်ကြပါတယ်။ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဂျီကျသောင်းကျန်းနေတဲ့ကလေးကို၊ အပြိုင်ဆူပူကြိမ်းမောင်းနေမယ့်အစား အမေဖြစ်သူက အသာအယာပွေ့ဖက်စကားပြောဆိုပေးလိုက်တာက အကောင်းဆုံးနည်းလမ်းပါ။


          ပွေ့ဖက်လိုက်ခြင်းက လူအချင်းချင်းအကြား ယုံကြည်မှုတည်ဆောက်ပေးသလို စိတ်ဖိအားတွေ ကျဆင်းစေတယ်။ စိတ်ပူပင်သောကတွေကိုလည်း လျော့နည်းစေတယ်။ သက်သောင့်သက်သာဖြစ်စေတဲ့ ဟော်မုန်းအောက်ဆီတိုဆင်တွေ ပိုထွက်လာစေပြီး စိတ်ဆိုးစိတ်တိုမှုတွေကို အချိန်မီထိန်းနိုင်စေတယ်။


          စိတ်ဖိအားတင်းကျပ်လာပြီဆိုရင် ဦးနှောက်အတွင်းနဲ့ သွေးအတွင်းမှာ ကော်တီဇောဟော်မုန်းတွေ အများကြီးထွက်လာတယ်။ ကလေးက ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာမသိသေးလို့ အဲဒီလို စိတ်ပူပင်သောကဖြစ်စေတဲ့ဟော်မုန်း ပမာဏအများကြီးက အချိန်အတော်ကြာကြာ သွေးထဲမှာ မြင့်တက်နေတယ်ဆိုရင် အဲဒီဟော်မုန်းကပဲ ကလေးရဲ့ စိတ်ရောကိုယ်ပါကျန်းမာရေးကို ထိခိုက်စေပါတယ်။


          အဲလိုကလေးမျိုးကို မကြာခဏ ပွေ့ဖက်ရင်းနှီးစွာ နွေးထွေးစွာ ဆက်ဆံပြောဆိုပေးရင် ခုနပြောတဲ့ ကော်တီဇောဟော်မုန်းပမာဏကို လျော့နည်းလာစေတယ်။ နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုတွေကိုလည်း ကာကွယ်ပေးပါတယ်။ ပွေ့ဖက်ခံရတာက ကလေးရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းနဲ့ စိတ်ဖိအားတွေကို ခံနိုင်ရည်ရှိလာစေပါတယ်။

 

         ကလေးကို ပွေ့ဖက်ထားတာက ကလေးကို အကောင်းမြင်စိတ်များလာစေတယ်။ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်လာစေတယ်။ မိမိကိုယ်ကိုယ်ယုံကြည်တတ်တဲ့ တန်ဖိုးထားတတ်တဲ့ လူရည်မွန်လေးတွေလည်း ဖြစ်လာစေတယ်။ အစွမ်းထက်တဲ့ အောက်ဆီတိုဆင်ပမာဏ မြင့်တက်လာခြင်းက ကလေးလေးကိုယ်တိုင်က အချစ်ခံရတာ၊ ဂရုအစိုက်ခံရတာ နှစ်သက်လာစေသလို သူတစ်ပါးကိုလည်း ချစ်ခင်တွယ်တာလာစေတယ်။


          ပွေ့ဖက်ပေးခြင်း၊ ဖက်လဲတကင်းနေပေးခြင်းက ယုံကြည်မှုခိုင်မာစေတယ်။ ကြောက်ရွံ့ထိတ်လန့်မှု ပြေပျောက်စေတယ်။ အချင်းအချင်းအကြား သံယောဇဉ်နဲ့ ချစ်ခင်တွယ်တာမှု ခိုင်မြဲစေတယ်။ ပိုမိုလည်း ခိုင်မာမှု တည်တံ့လာစေတယ်။ မိဘနဲ့ သားသမီးအကြား စိမ်းမနေတော့ဘဲ တရင်းတနီး နွေးထွေးမှု ဖြစ်ပေါ်စေတယ်။


          ကလေးတွေကို ပွေ့ဖက်ပေးခြင်းဟာ၊ အဖိုးမဖြတ်နိုင်တဲ့ အထက်ပါအကျိုးကျေးဇူးတွေ ရရှိစေတာမို့ အခုကိုပဲ မိမိရဲ့ရင်သွေးလေးတွေကို နေ့စဉ် အချိန်များများပေးပြီး အသာအယာ ချော့မြှူပွေ့ဖက်ပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Credit : ဒေါက်တာမြမြချယ် (ကလေးအထူးကု ဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18