Print

ကလေးနဲ့ ရောဂါကင်းဝေးရန် ကာကွယ်ခြင်း

  24-Jun-2020
Preview Image

ကလေးတွေ ရောဂါကင်းဝေးအောင်

၁။ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ထိုးခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။

၂။ ရောဂါရှိတဲ့သူနဲ့ အတူနေ ကလေးတွေကိုလည်း ဆေးဝါးတိုက်ကျွေးခြင်း၊ ထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

၃။ တစ်ယောက်မှ တစ်ယောက်ရောဂါမကူးစက်ရအောင် လူများများရှိတဲ့ နေရာတွေကို ကလေးတွေကို ခေါ်မသွားသင့်ပါဘူး။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကင်းဝေးနိုင်ပါတယ်။

၄။ ကလေးတွေကို မီးခိုးတွေ၊ ဖုန်တွေနဲ့ ကင်းဝေးအောင် ထားရှိပါက ရင်ကျပ်ပန်းနာ စတဲ့ရောဂါများဖြစ်ခြင်းက ကာကွယ်နိုင်ပါတယ်။

၅။ အစားအစာများကို သေချာစွာ ချက်ပြုတ်စားသုံးသင့်ပါတယ်။

၆။ ယင်နားတဲ့ အစားအစာတွေကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ကာကွယ်နိုင်ပါတယ်။

၇။ လက်ကို စနစ်တကျဆေးကြောခြင်းဖြင့် လက်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သန်ကောင်ရောဂါစသည်တို့ကို ကာကွယ်နိုင်ပါတယ်။

၈။ ကလေးကို ပုံမှန်သန်ကျဆေးသောက်စေခြင်းဖြင့် သန်ကောင်ကြောင့် အူပိတ်ခြင်း၊ သည်းခြေလမ်းကြောင်းပိတ်ခြင်းရောဂါတွေ ကင်းစေနိုင်သည်။

၉။ အတူနေ အိမ်မွေးကြောင်များ၊ ခွေးများကို ပုံမှန်သန်ချပေးခြင်းဖြင့် ၎င်းတို့မှတစ်ဆင့် ကူးစက်နိုင်သော Toxocara သန်ကောင်များ ကင်းဝေးမှာ ဖြစ်ပါတယ်။

၁၀။ ရေကို ကျိုချက်သောက်သုံးခြင်းဖြင့် ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အသည်းရောင်အသားဝါရောဂါများ ကင်းဝေးနိုင်ပါတယ်။

၁၁။ ဆီးချိုရောဂါ ကင်းဝေးရန်အတွက် ကလေးများကို အဝမလွန်စေရန် ကိုယ်လက်လှုပ်ရှားကစားစေခြင်း၊ ချိုလွန်းသော အစားအစာများ ရှောင်ရှားစေခြင်း ပြုလုပ်သင့်ပါတယ်။

၁၂။ ပတ်ဝန်းကျင် သန့်ရှင်းရေးကောင်းမွန်စေခြင်း၊ ရေစီးရေလာ ကောင်းမွန်ခြင်းတို့ကြောင့် ခြင်ပေါက်ပွားမှု လျော့နည်းခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါများ ကင်းဝေးနိုင်ပါတယ်။

၁၃။ အိမ်မွေးခွေးများကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် အတူနေခွေးများမှ တစ်ဆင့် ခြစ်မိ၊ ကိုက်မိခြင်းဖြစ်လျှင် ခွေးရူးပြန်ခြင်း မဖြစ်နိုင်ပါ။

၁၄။ အာဟာရပြည့်အောင် မိခင်ကလေးနဲ့ အသက်ခြောက်လအထိ မိခင်နို့ရည် တစ်မျိုးတည်း တိုက်ကျွေးပြီး အသက်ခြောက်လကျော်လျှင် လိုအပ်သော ဖြည့်စွက်စာ အာဟာရမျှတစွာ ကျွေးလျှင် ပြင်ပ ဗိုင်းရပ်စ်၊ ဗက်တီးရီးယားပိုးများ ဝင်ရောက်လာလျှင်လည်း ခုခံတိုက်ဖျက်နိုင်စွမ်းရှိမယ်ဖြစ်ပါတယ်။

၁၅။ ရောဂါတစ်ခုဖြစ်လျှင် ယင်းရောဂါကို သေသေချာချာ ပျောက်ကင်းအောင် ကုသပေးပါမှ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ရောဂါများကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ခြေ၊ လက်တို့တွင် ပြည်တည်နာရောဂါဖြစ်လျှင် သေသေချာချာ မကုသပါက ကျောက်ကပ်ရောင် ရောဂါဖြစ်လာနိုင်ပါတယ်။


တီဘီရောဂါရှိတဲ့ လူနာနဲ့ အတူနေကလေးတွေကို တီဘီရောဂါ မကူးစက်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ

၁။ တီဘီရောဂါရှိ လူနာတွေထံက ရောဂါမကူးစက်ရအောင် BCG ကာကွယ်ဆေးထိုးပေးရပါမယ်။ BCG ကာကွယ်ဆေးက ပြင်းထန်တဲ့ တီဘီရောဂါတွေဖြစ်တဲ့ တီဘီဦးနှောက် အမြှေးရောင်ရောဂါ၊ Miliary TB ခေါ် အဆုတ်တီဘီရောဂါတွေကိုသာ ကာကွယ်နိုင်ပါတယ်။ ကလေးတီဘီရောဂါ Primary (OMPLE) ကို မကာကွယ်နိုင်ပါ။ ဒါကြောင့်တီဘီရှိလူနာတွေကိုလည်း ထိထိမိမိ ရောဂါကုသခြင်းပြုလုပ်ပြီး ကလေးတွေကိုလည်း လူနာနဲ့ တရင်းတနှီး နေထိုင်ခြင်း မပြုဘဲ အာဟာရပြည့်ဝတဲ့ အစာများ ကျွေးမွေးခြင်းဖြင့် ခုခံကာကွယ်မှု ကိုယ်ခံအားကောင်းဖို့ ပြုလုပ်ရပါမယ်။

၂။ မိခင်နို့ တိုက်ကျွေးနေတဲ့ အမေမှာ တီဘီရောဂါရှိခဲ့လျှင် မိခင်ကို တီဘီရောဂါအတွက် ဆေးတိုက်ရန် လိုသလို မွေးကင်းစ ကလေးကိုလည်း ရောဂါမကူးစက်ရန် TNH ခေါ် တီဘီကုသဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်ကျွေးရန် လိုအပ်ပါတယ်။


အသည်းရောင် အသားဝါရောဂါရှိတဲ့ မိခင်တွေထံမှ ကလေးထံ ရောဂါမရောက်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ

          မိခင်ရဲ့ အသည်းရောင်အသားဝါဘီရောဂါပိုးက မွေးကင်းစ ကလေးထံကို မွေးဖွားစဉ်ကာလနဲ့ နို့တိုက်ခြင်းမှတစ်ဆင့် ရောက်ရှိနိုင်ပါတယ်။ မွေးကင်းစ ကလေးကို မွေးဖွားပြီး ၁၂ နာရီအတွင်း အသည်းရောင်အသားဝါ ကာကွယ်ဆေးနဲ့ IVIG ထိုးပေးခြင်းဖြင့် ကလေးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ HB antigen ရှိတဲ့ မိခင်တွေအနေနဲ့ မိခင်နို့တိုက်ကျွေးခြင်း မပြုသင့်ပါ။


HIV ရှိတဲ့ မိခင်တွေထံမှ ကလေးရောဂါမရအောင် ဘယ်လိုကာကွယ်သင့်ပါသလဲ . . .

          HIV ရှိတဲ့ မိခင်မှ ကလေးမွေးဖွားလာတဲ့ မွေးကင်းစကလေးကို မိခင်ထံမှ ကလေးသို့ ရောဂါမရရှိရန် စီမံချက်ချထားပြီး မွေးဖွားပြီး ၇၂ နာရီအတွင်းမှာ Nevirapine ဆေးကို ကလေးကို တိုက်ကျွေးပြီး ရောဂါမကူးစက်အောင် ကာကွယ်နိုင်ပါတယ်။


အခြား ရောဂါတွေကို ဘယ်လိုဆေးဝါးတွေနဲ့ ကာကွယ်နိုင်ပါသလဲ

၁။ ကြက်ညှာချောင်းဆိုးတဲ့ ကလေးနဲ့ အတူနေ အခြားကလေးတွေကို ရောဂါမကူးစက်ရန်အတွက် Erythnomycin ဆေး တိုက်ကျွေးနိုင်ပါတယ်။

၂။ ငှက်ဖျားရောဂါရှိတဲ့ ဒေသကို သွားရောက်တဲ့ ကလေးတွေ ငှက်ဖျားရောဂါ မရရှိရေးအတွက် Chloroquine, Mefloquine စတဲ့ ဆေးဝါးများ တိုက်ကျွေးနိုင်ပါတယ်။

၃။ နှလုံးရောဂါရှိတဲ့ ကလေးတွေ သွားနုတ်ခဲ့ရင် သွေးအဆိပ်တောက်ခြင်းရောဂါ မဖြစ်ရန်အတွက် Amoxa Cillin စတဲ့ ဆေးဝါးများ တိုက်ကျွေးနိုင်ပါတယ်။

၄။ လေးဖက်နာရောဂါရှိတဲ့ ကလေးတွေ၊ နှလုံးရောင်ခြင်းကြောင့် နှလုံးရောဂါများ မဖြစ်ရလေအောင် Penicillin V ဆေးများ တိုက်ကျွေး နိုင်ပါတယ်။

၅။ ရေကျောက်ရောဂါရှိတဲ့ ကလေးနဲ့ အတူနေကလေးများ ရောဂါမကူးစက်ရအောင် Aciclovir ဆေးများ တိုက်နိုင်ပါတယ်။

၆။ Meningo Coccemia ရောဂါရှိတဲ့ ကလေးနဲ့ အတူနေကလေးများ ရောဂါမကူးစက်ရန် Rifampicin ဆေး၊ Cefria zone ထိုးဆေးများ အသုံးပြု ကာကွယ်နိုင်ပါတယ်။

Credit : ပါမောက္ခ ဒေါက်တာ ဦးအေးသောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18