Print

သနားစရာ ကလေးနှလုံးရောဂါ

  17-Jun-2020
Preview Image

          မွေးရာပါ နှလုံးရောဂါများမှာ ပြင်ပလက္ခဏာကြည့်ရုံမျှဖြင့် အချို့မသိသာနိုင်ပါ။ ၎င်းတို့အနက် နှလုံးဘယ်နှင့်ညာ သွေးဝင်ခန်း ၂ ခန်းအကြား အပေါက်ပိုပါခြင်း (Atrial septal defect) နှင့် နှလုံးဘယ်နှင့်ညာ သွေးလွှတ်ခန်း ၂ ခန်းအကြား အပေါက်ပိုပါခြင်း (Ventricular septal defect) တို့အကြောင်း တင်ပြလိုပါသည်။


နှလုံး ဘယ်နှင့်ညာ သွေးဝင်ခန်း ၂ ခန်းအကြား အပေါက်ပါခြင်း

          ဘယ်နှင့်ညာ သွေးဝင်ခန်း ၂ ခန်းအကြား တည်ရှိသော အကန့်နံရံသည် ပုံမှန်ဆိုပါက အပေါက်မပါရပေ။ ၎င်းတွင် နှစ်မျိုးခွဲခြားထားသည်။


သွေးဝင်ခန်း ၂ ခုအကြားရှိ အကန့်နံရံ၏ အလယ်ခေါင်တွင်ရှိသောအပေါက်

          ယင်းသည် အဖြစ်အများဆုံး အမျိုးအစားဖြစ်ကာ ၈၀ % အထိ တွေ့ရ၏။


သွေးဝင်ခန်းများနှင့် သွေးလွှတ်ခန်းများကြား တည်ရှိသည့် အကန့်နံရံအနီး၌ ဖြစ်ပေါ်နေသောအပေါက်

          အထက်ပါကဲ့သို့ တည်နေရာလိုက်၍ နှစ်မျိုးကွဲပြားနေသော်လည်း ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဆင်တူစွာ တွေ့ရှိရသည်။

          တချို့မှာ အသက်ကြီးလာသည်အထိ လက္ခဏာတစ်စုံတစ်ရာ မပြဘဲ ဆေးစစ်မှသာ စမ်းသပ်တွေ့ရှိရတတ်သည်။ အချို့တွင် ငယ်စဉ်မှာပင် ခဏခဏရင်ကျပ်ချောင်းဆိုးခြင်း၊ အသက်ရှူမဝ မောခြင်း၊ အသက်ရှူသံ မြည်ခြင်း(wheeze) ဖြစ်တတ်သကဲ့သို့ အချို့တွင် နှလုံးပင်ပန်းခြင်း၊ နှလုံးညှစ်အား မကောင်းခြင်းနှင့် အသက် ၄၀ ကျော်ပါက ပုံမမှန် နှလုံးခုန်ရင်တုန်ခြင်းများ ခံစားရသည်။

          စမ်းသပ်စစ်ဆေးမှုများအနေဖြင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ အီးစီဂျီဆွဲခြင်း၊ နှလုံးတီဗီဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ကာ တိကျသော နှလုံးရောဂါအနေအထားနှင့် ထိခိုက်ပျက်စီးနေသော နှလုံးအနေအထားကို တွေ့ရှိနိုင်ပါသည်။


ကုသခြင်း

          ငယ်စဉ်မှာပင် ကလေးသည် အထက်ပါလက္ခဏာများ ခံစားနေရပါက စောစီးစွာ ပြသကာရောဂါရှာဖွေကုသသင့်သည်။ သို့မှသာ စောစောကုသခြင်းဖြင့် နှလုံးညာဘက်ခြမ်းကြီးခြင်း နှလုံးပင်ပန်းကာ ညှစ်အားကျဆင်းခြင်း ပုံမမှန်နှလုံးခုန်ရင်တုန်ခြင်းကို ကာကွယ်နိုင်ပါသည်။ အဖြစ်အများဆုံး အမျိုးအစားဖြစ်သည့် အလယ်ခေါင်အပေါက်ပါခြင်းအတွက် နှလုံးထဲအထိ Catheter ပြမှန်ချောင်းထည့်ကာ အပေါက်နေရာတွင် အဆို့တစ်ခု တပ်ဆင်ပေးခြင်း (occlusive device) ပြုလုပ်နိုင်ပါသည်။ ဒုတိယအမျိုးအစား (primum ASD) ကိုမူ နှလုံးခွဲစိတ်ဆရာဝန်ကြီးများကို ပြသကာ ခွဲစိတ်ကုသနိုင်ပါသည်။


နှလုံးဘယ်နှင့်ညာ သွေးလွှတ်ခန်း ၂ ခန်းအကြား အပေါက်ပါခြင်း VSD

          ကလေးမွေးရာပါ နှလုံးရောဂါအားလုံး၏ ၃၀% ခန့်တွင်အဆိုပါရောဂါကို အတွေ့များရသည်။ အရွယ်အစားမှာ အငယ်ဆုံး 3mm (12လက်မ) အရွယ်မှ ၎င်းထက်ကြီးသော အရွယ်အမျိုးမျိုး ရှိနိုင်သည်။ အပေါက်ပမာဏကြီးလေ အမြှေးပါးအမျိုးအစားဖြစ်လေ အလိုအလျောက် ပြန်ပိတ်သွားရန် ခဲယဉ်းလေဖြစ်ပါသည်။


တွေ့ရှိရသော လက္ခဏာများ

          သွေးလွတ်ခန်း ၂ ခန်းအကြားရှိ အပေါက်သည် သေးငယ်ပါက နှလုံးဘယ်ဘက် သွေးလွှတ်ခန်းမှ ညာဘက်သို့ ဖြတ်စီးသော သွေးပမာဏလည်း နည်းပါးကာ ရောဂါလက္ခဏာ မပြတတ်သေးပါ။ အပေါက်က သေးငယ်ပြီး အလိုအလျောက် ပိတ်နိုင်သော အမျိုးအစားဖြစ်ပါက အသက် လအနည်းငယ်အတွင်းမှာကို အပေါက်ပြန်ပိတ်သွား၍ ပုံမှန်နှလုံးဖွဲ့စည်းပုံဖြစ်သွားနိုင်ပါသည်။

          အထက်ပါအတိုင်း အလိုအလျောက် ပြန်မပိတ်နိုင်ပါက အောက်ပါလက္ခဏာများ ခံစားလာရပါသည်။ မောပန်းခြင်း၊ အစာကောင်းကောင်းမစားနိုင်၊ နို့မစို့နိုင်ခြင်း၊ ကြီးထွားမှုနှေးကွေးခြင်း၊ ခဏခဏ ချောင်းဆိုးရင်ကျပ်ခြင်း၊ ဖျားခြင်း၊ နှလုံးပင်ပန်း၍ နှလုံးစွမ်းအားကျခြင်းတို့ကို ကလေးအသက် ၁ နှစ်အတွင်းမှာကို ခံစားလာရသည်။


စမ်းသပ်စစ်ဆေးခြင်း

          ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးအီးစီဂျီရိုက်ခြင်း၊ နှလုံးတီဗီ ဓာတ်မှန်ရိုက်ခြင်းအားဖြင့် နှလုံးအခြေအနေနှင့် အပေါက်အကျယ်အဝန်း နောက်ဆက်တွဲ ဖြစ်ပျက်နေသော အခြေအနေများကို သိရှိနိုင်ပါသည်။


ကုသခြင်း

          သွေးလွှတ်ခန်း ၂ ခန်းကြားရှိ သေးငယ်သော အပေါက်သည် များသောအားဖြင့် အသက်နှစ်နှစ်အတွင်း ၃၀ - ၅၀ % အထိ အလိုအလျောက် ပိတ်သွားနိုင်ပါသည်။ အချိန်မှန်မှန်စစ်ဆေးခြင်း၊ ဖျားပြီးချောင်းဆိုးရင်ကျပ်ပါက ချက်ချင်းပြသဆေးကုသခြင်း ရောဂါဘယ မဝင်လွယ်အောင် ဂရုစိုက်နေထိုင်ခြင်းပြုရပါသည်။

          သွားနှုတ်ပါက သို့မဟုတ် ခွဲစိတ်မှု ပြုလုပ်မည်ဆိုပါက နှလုံးအတွင်းမြှေးရောင်ခြင်း မဖြစ်စေရန် ပဋိဇီဝဆေးကြိုတင်သောက်သုံးခြင်း ပြုလုပ်ကာကွယ်ရန် ဆေးရုံဆေးခန်း ကြိုတင်ပြသရပါမည်။

          အလိုအလျောက် မပိတ်နိုင်သော အပေါက်အမျိုးအစားနှင့် အပေါက်ကြီးများကို ခွဲစိတ်သောနည်းအားဖြင့် အသက် ၃-၆ လအရွယ်မှာပင် ကြိုတင်ခွဲစိတ်ကုသနိုင်သည်။ သို့မှသာ အပေါက်ကိုဖြတ်၍ သွေးများ ဘယ်-ညာ ဖျက်ဆီးခြင်းကြောင့် နှလုံးအခန်းများကြီးလာခြင်း၊ နှလုံးပင်ပန်း၍ ညှစ်အားကျဆင်းခြင်း၊ အဆုတ်ပွခြင်း၊ အဆုတ်သွေးကြောအဖွဲ့ပျက်စီးခြင်း၊ နှလုံးရောင်ခြင်း၊ နောက်ဆုံး၌ သွေးလှည့်အဖွဲ့က ပြောင်းကပြန်ဖြစ်ကာ ပြာနှမ်းမောပန်းကာ အသက်သေဆုံးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။


Credit : ဒေါက်တာ မြမြချယ်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18