Print

ကလေးများတွင်ဖြစ်တတ်သော အဆုတ်ရောင်ရောဂါ(နမိုးနီးယား)

  02-Jun-2020
Preview Image

ဘာကြောင့်ဖြစ်ရပါသလဲ

          နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါက အဓိကအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်လည်း ဖြစ်တတ်တယ်။ ဗက်တီးရီးယားပိုးကြောင့်လည်း ဖြစ်တတ်တယ်။ မှိုပိုးကြောင့်လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးနဲ့ ဗက်တီးရီးယားပိုးကြောင့် ပိုအဖြစ်များတာ တွေ့ရပါတယ်။

          နမိုးနီးယားရောဂါကတော့ ကလေးတင်မကလူကြီးပါ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသက်ငါးနှစ်အောက်ကလေးတွေမှာ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်နှုန်းများပြီး သေဆုံးနှုန်းလည်း များပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်းကိန်းတွေအရ တစ်ကမ္ဘာလုံး ငါးနှစ်အောက်ကလေးသေဆုံးနှုန်းစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းက အဆုတ်ရောင်ရောဂါကြောင့် သေဆုံးတယ်လို့ တွေ့ရပါတယ်။ ၂၀၁၅ တစ်နှစ်တည်းမှာတင် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်တဲ့ ကလေးကိုးသိန်းကျော်လောက် အသက်ဆုံးရှုံးခဲ့တာကို တွေ့ရပါတယ်။


လက္ခဏာများ

          စွတ်စိုတဲ့ရာသီဥတုမှာ အဆုတ်ရောင်ရောဂါဖြစ်နိုင်ခြေ များပါတယ်။ ကလေးတွေ အဆုတ်ရောင်ရောဂါဖြစ်ရင် အဓိကပြတတ်တဲ့ လက္ခဏာတွေအနေနဲ့ ဖျားတယ်၊ ချောင်းဆိုးတယ်၊ ချောင်းဆိုးတာမှာ တချို့က ချောင်းခြောက်ဆိုးတယ်။ တချို့က သလိပ်ပါတဲ့ချောင်းဆိုးတယ်။ ပြီးရင် ရင်ဘတ်အောင့်တယ်။ အသက်ရှုမြန်လာတယ်။ အသက်ရှုမြန်လာတာကို ကလေးကတော့ ပြောတတ်မှာမဟုတ်ပါဘူး။ မိဘတွေကတော့ ကြည့်လိုက်ရင် သိပါတယ်။ ကလေးရဲ့ အသက်ရှုအရမ်းမြန်ပြီး အသက်ရှုကျပ်တဲ့ပုံစံမျိုး တွေ့ရတတ်ပါတယ်။

          အဆုတ်ရောင်ရောဂါမှန်းသိအောင် ကလေးကို စမ်းသပ်ကြည့်တဲ့အပြင် ရောဂါရာဇဝင်ကိုလည်း မေးမြန်းရပါတယ်။ ဖျားတာ ဘယ်နှရက်ရှိပြီလဲ။ ချောင်းဆိုးတာ ဘယ်လောက်ရှိပြီလဲဆိုတာ မေးရပါတယ်။

          ပိုသေချာအောင် ဓာတ်မှန်ရိုက်ရပါတယ်။ သလိပ်စစ်ရပါတယ်။


ကူးစက်နိုင်ပါသလား

          ကူးစက်တတ်ပါတယ်။ အဆုတ်ရောင်ရောဂါပိုးကလည်း နှာခေါင်းနဲ့ ပါးစပ်တို့မှာ ရှိတဲ့အတွက် အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်ပါတယ်။ အဲဒီအတွက် အဆုတ်ရောင်ရောဂါဖြစ်နေတဲ့ ကလေးတွေနဲ့ တခြားကလေးတွေကို တတ်နိုင်သမျှ ခွဲခြားထားဖို့ လိုပါတယ်။ ကိုယ့်ကလေးက ကျောင်းတက်တဲ့အရွယ်ရောက်ရင်လည်း ကျောင်းမပို့ဘဲ နားခိုင်းဖို့ လိုပါတယ်။


ဘယ်လိုကာကွယ်သင့်ပါသလဲ

          မြန်မာနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေးကို အမျိုးသားကာကွယ်ဆေးထိုး စီမံချက်အရ စထိုးပေးနေပါပြီ။ အသက်နှစ်လသားကစပြီး ပြည့်ပြည့်ဝဝ ထိုးဖို့ကိုလည်း ပညာပေးနေပါတယ်။ ဒီကာကွယ်ဆေးတွေကိုလည်း မပျက်မကွက်ထိုးကြဖို့လည်း လိုပါတယ်။


မိဘတွေက ဘယ်လိုပြုစုပေးဖို့ လိုပါသလဲ

          နမိုးနီးယားအဆုတ်ရောင်ရောဂါကြောင့် ကလေးတွေဖျားနေချိန်မှာ အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေးတွေကို ကလေးရဲ့ အသက်အရွယ်အလိုက်ဆေးပမာဏကို တိုက်ကျွေးပေးရပါမယ်။ အဖျားကြီးရင် ရေဖတ်တိုက်ပေးရပါမယ်။ အိမ်မှာ အနားယူခိုင်းရပါမယ်။ အာဟာရပြည့်ပြည့်ဝဝရအောင် ကျွေးရပါမယ်။ ကလေးက တကယ်တမ်း အသက်ရှုမြန်ပြီး အသက်ရှုကျပ်လာပြီဆိုရင် ဆေးရုံ၊ ဆေးခန်းနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနကို မဖြစ်မနေ သွားကိုသွားပြရမှာ ဖြစ်ပါတယ်။


ကျန်းမာဖို့အတွက် လက်ဆေးပါ

          လူတစ်ယောက်ရဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အခြေခံဂရုစိုက်သင့်တဲ့အချက်များထဲမှာ လက်သန့်ရှင်းရေးဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

          လက်မသန့်ရှင်းခြင်းကြောင့် ကူးစက်ရောဂါတချို့ကူးစက်ခြင်း ခံရနိုင်ပါတယ်။ ဥပမာအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ မျက်စိနာရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါစတဲ့ ကူးစက်ရောဂါတချို့ ကူးစက်ခံရနိုင်ပါတယ်။

          လက်သန့်ရှင်းရေး အရေးကြီးပုံကို အရွယ်ရောက်ပြီးသူတွေအတွက် သိထားသင့်သလို အရွယ်မရောက်သေးသူ (ကလေး) တွေကိုလည်း ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်။


ဘယ်အချိန်ဆေးရမလဲ

          အရွယ်ရောက်ပြီးသူတွေအနေနဲ့လည်း လက်ဆေးခြင်းကို ဂရုတစိုက်အလေးထားသင့်ပါတယ်။ လက်ဆေးခြင်းဆိုရာဝယ် ဆပ်ပြာဖြင့် လက်ကို စင်ကြယ်အောင်၊ နှံ့စပ်အောင် ဆေးခြင်းဖြစ်ပါတယ်။

(၁) အစားအစာမကိုင်တွယ်မီ

(၂) အစာမစားမီ

(၃) အစာစားပြီး

(၄) အိမ်သာအသုံးပြုပြီးတိုင်း

(၅) အလုပ်က ပြန်လာပြီးတိုင်း

(၆) ဈေးက ပြန်လာပြီးတိုင်း

(၇) အပြင်ကနေ ပြန်လာပြီးတိုင်း

(၈) အမှိုက်တွေ ကိုင်တွယ်ပြီးတိုင်း

(၉) အိမ်မွေးတိရစ္ဆာန်များ ကိုင်တွယ်ပြီးတိုင်း

(၁၀) လူနာသတင်းမေးပြီး ပြန်လာတိုင်း

(၁၁) လူနာကို မကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးချိန်

(၁၂) ကလေး Diaper လဲပြီးချိန်နှင့် ကလေးကို သန့်ရှင်းပေးပြီးချိန်၊

(၁၃) အနာကို မကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးချိန် လက်ကိုဆပ်ပြာဖြင့် ဆေးကြောသင့်ပါတယ်။

Credit : ဒေါက်တာ ကျော်စွာဦး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18