Print

သားသားမီးမီးတွေကို အာဟာရပြည့်ဝစွာ ဘယ်လိုကျွေးမလဲ

  13-May-2020
Preview Image

အာဟာရပြည့်ဝဖို့လိုအပ်တယ်

လူတစ်ယောက်ကအာဟာရ မပြည့်ဝလို့မဖြစ်ပါဘူး။ ကလေးတွေပဲဖြစ်ဖြစ်၊ လူကြီးတွေဘဲဖြစ်ဖြစ် အာဟာရပြည့်ဝနေဖို့လိုပါတယ်။ လူတစ်ယောက်ကနေမကောင်းရင် ဘယ်လိုမှအလုပ်မလုပ်နိုင်ပါဘူး။ အာဟာရမပြည့်ဝရင် မကြာခဏဆိုသလို နေထိုင်မကောင်းဖြစ်မယ်၊ နေမကောင်းဖြစ်ရင် ကုန်ထုတ်စွမ်းအားတွေလည်း ကျဆင်းမယ်။ လူကြီးတွေမှာအာဟာရပြည့်ဝဖို့က အရေးကြီးသလိုကလေးတွေမှာက ပိုပြီးတော့ အရေးကြီးပါတယ်။ ကလေးတစ်ယောက်ကြီးထွားလာတဲ့အခါ အာဟာရမပြည့်ဝဘူးဆိုရင်၊ အာဟာရဓာတ်တွေ မှျှတမှုမရှိဘူးဆိုရင် ဒီကလေးတစ်ယောက်က ဘယ်လိုမှမဖွံ့ဖြိုး၊ မကြီးထွားလာနိုင်ပါဘူး။


ကလေးတစ်ယောက်ဖွံ့ဖြိုးလာစေရန်

ကလေးတစ်ယောက်ရဲ့အပြင်ပန်းကို ကြည့်လိုက်တာနဲ့ကလေးက အရပ်ပုနေလား၊ ကလေးကပိန်နေလား၊ ကလေးကဝနေလားဆိုတာ အရင်ဆုံးမြင်နိုင်ပါတယ်။ ပြီးတော့မှ နောက်တစ်ဆင့်အနေနဲ့ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်းပါ။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်းမလာခင် ကလေးရဲ့ကိုယ်အလေးချိန်နဲ့ အရပ်တွေပုံမှန်ဖွံဖြိုးဖို့ဆိုရင်တောင် အစာအာဟာရတွေက အရေးကြီးပါတယ်။


မျှမျှတတ ကျွေးပါ

ကလေးတွေကို အာဟာရကျွေးတဲ့အခါမှာလည်း မျှမျှတတဖြစ်ဖို့ အရေးကြီးပါတယ်။


ထမင်းမစားလို့ စိတ်ညစ်ဖို့မလိုပါ

ကလေးထမင်းမစားရင် တခြားဟာတွေကျွေးလို့ရပါတယ်။ ခေါက်ဆွဲစားလို့ရတယ်၊ ပေါင်မုန့်စားလို့ရတယ်။ အဓိကက အာဟာရဓာတ်ဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ ဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ရေဓာတ်တွေပါအောင် စားနိုင်ခဲ့ရင် ထမင်းပဲစားစား၊ ခေါက်ဆွဲပဲစားစား၊ ပေါင်မုန့်ပဲစားစား ပြဿနာမရှိပါဘူး။ ကလေးစားတဲ့အထဲမှာ အာဟာရဓာတ်တွေက ပြည့်ပြည့်စုံစုံ၊ ညီညီမျှမျှနဲ့ပုံမှန်လေး ပါသွားတယ်ဆိုရင် ရပါတယ်။ ဒါကြောင့် ကလေးက ထမင်းမစားဘူးဆိုပြီး စိတ်ညစ်ဖို့မလိုပါဘူး။


အာဟာရဓာတ်တွေကနေ ကယ်လိုရီရတယ်

အာဟာရဖြစ်အောင်ဆိုပြီး ကယ်လိုရီများများစားလေလေ ကိုယ်အလေးချိန်တက်လာလေလေပါ။ ကယ်လိုရီကိုဘယ်ကနေ အများဆုံးရလဲဆိုရင် ကာဗိုဟိုက်ဒရိတ်ကနေရပါတယ်။ ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်ကရတယ်။ အဆီဓာတ်ကရတယ်။ ဒီသုံးခုကနေပဲ ကယ်လိုရီရနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို စားသင့်တဲ့အခါ အများကြီး မမှတ်နိုင်ဘူးဆိုရင် အစာအုပ်စုခြောက်ခုစလုံးမပြောတော့ဘဲ၊ ဒီသုံးခုကိုပဲပြောပါတယ်။ ခန္ဓာကိုယ်ကြီးထွားစေတဲ့အုပ်စု၊ အာဟာရဖြစ်စေတဲ့အုပ်စုနဲ့ ရောဂါကာကွယ်စေတဲ့အုပ်စုဆိုပြီး သုံးခုခွဲပြီး ပြောလိုက်ပါတယ်။


အဆီဖယ်ထားသော နို့မတိုက်ရ

ကလေးအသက် ခြောက်လပြည့်တဲ့အခါ အစာစကျွေးပါတယ်။ စကျွေးတဲ့အချိန်ကစပြီး ကာဗိုဟိုက်ဒရိတ်ရော၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပြည့်စုံအောင် လုပ်ပေးလိုက်ပါတယ်။ ကလေးအတွက် ကာဗိုဟိုက်ဒရိတ်ဓာတ်ကို ထမင်းကနေရတယ်၊ နို့ကနေ အသားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ရတယ်၊ ဆီလည်းရတယ်၊ ဗီတာမင်ဒီနဲ့ သတ္တုဓာတ်တွေလည်းရတယ်။ ဒါကြောင့် အသက်နှစ်နှစ်အောက်ကလေးတွေကို အဆီဖယ်ထားတဲ့နို့( Low Fat Milk)မတိုက်ရဘူးလို့ အမြဲတမ်းပြောပါတယ်။


နေရောင်ခြည်ပြပေးပါ

နို့ထဲမှာ ဘယ်လိုဗီတာမင်တွေ အများဆုံးပါလဲဆိုရင် တချို့နို့တွေထဲမှာ ဗီတာမင်ဒီ အများဆုံးပါတယ်။ တချို့နို့တွေထဲမှာတော့ ဗီတာမင် ဒီနည်းနေတာကို တွေ့ရပါတယ်။ ဗီတာမင်ဒီကိုနေရောင်ခြည်ကနေ ရပါတယ်။ ကလေးကို မနက်ခြောက်နာရီခွဲကနေ ရှစ်နာရီခွဲအချိန်အတွင်းနေရောင်ခြည်ပြပေးရပါတယ်။ မိနစ် ၂၀လောက်နေရောင်ခြည် ပြပေးလိုက်ရင် ကလေးတစ်ယောက်အတွက် လုံလောက်ပါပြီ


နို့ကို ဘယ်လိုကျိုမလဲ

တကယ်တော့နို့ကိုကျိုလိုက်လို့ပွတ်ပွတ်ဆူတဲ့အပူချိန် ၁၀၀ ဒီဂရီရောက်ပြီဆိုရင် -၃မိနစ်လောက်ထားပြီးရင် ကျိုတာကိုရပ်လိုက်ပါ။ နို့ကျိုတာပဲဖြစ်ဖြစ်၊ ဟင်းချက်တာပဲဖြစ်ဖြစ် ဆူပြီးသွားလို့ ၁၅မိနစ်ထက်ကျော်ပြီး မီးဖိုပေါ်မှာထားမယ်ဆိုရင် အဲဒီထဲမှာပါဝင်တဲ့ ဗီတာမင်ဓာတ်တွေ ပျက်စီးသွားပါတယ်။


ထပ်ကျိုစရာမလိုသောနို့

နို့သောက်ရတဲ့ ရည်ရွယ်က နို့ထဲမှာပါတဲ့ ဗီတာမင် ဒီတွေ၊ ကယ်လ်စီယမ်တွေ၊ ဗီတာမင်ဘီ ၁၂တွေ လိုချင်လို့ပါ။ ဒါတွေပျက်စီးသွားလို့ မရနိုင်ဘူးဆိုရင် ရေပဲသောက်မှာပေါ့။ နို့ကိုအချိန်အကြာကြီးကျိုပြီးမှ သောက်မယ်ဆိုရင် ရေသောက်တာနဲ့မခြားတော့ပါဘူး။ အခုဆိုရင် Ultra Heat Treatment(UHT)နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ ပြန်ကျိုစရာမလိုတဲ့အပြင်သန့်လည်း သန့်ရှင်းတဲ့နို့တွေကို Supermarket တွေမှာ လွယ်လင့်တကူ ဝယ်လို့ရနေပါပြီ။ ခွက်ထဲထည့်ပြီး ဒီတိုင်းပဲသောက်လို့ရပါတယ်။ ကလေးတွေ ပိုက်နဲ့စုပ်သောက်ချင်ရင်လည်း ဒီတိုင်းပဲသောက်လို့ရပါတယ်။ ဒီလိုနည်းပညာတွေ မြန်မာနိုင်ငံကိုရောက်လာတာ အရမ်းကိုကောင်းပါတယ်။


အကောင်းဆုံးသာ ဖြစ်စေချင်

မိဘတွေကကိုယ်ကလေးကို ဘယ်လိုအကောင်းဆုံးလုပ်ပေးမလဲဆိုတာတွေကိုလည်း တွေးလာကြပါတယ်။ မိဘတိုင်းကတော့ သားသမီးတွေကို အကောင်းဆုံးလုပ်ပေးချင်ကြတာပါပဲ။ လက်လှမ်းမီတာနဲ့ မမီတာပဲကွာပါတယ်။ မိဘတိုင်းကတော့ အတတ်နိုင်ဆုံးလက်လှမ်းမီအောင်လုပ်ကြရမယ်လို့ ယုံကြည်ပါတယ်။

 

Credit-ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18