Print

မူကြိုကလေးများအရွယ် ဘယ်လိုပျိုးထောင်မလဲ

  06-May-2020
Preview Image

၁။ စာဖတ်ဝါသနာ

သင့်ကလေးများကို စာအုပ်ဆိုင် မကြာမကြာခေါ်လည်တဲ့ အကျင့်မွေးမြူပါ။ စာအုပ်ကို ရွေးချယ်တဲ့အခါ ကလေးများရဲ့ဆန္ဒနဲ့ အကြံဉာဏ်လည်းပါဝင်ပါစေ၊ စိတ်ဝင်စားစရာကောင်းပြီး တိုတောင်းတဲ့ပုံပြင်များဖြစ်ပါစေ၊ ကလေးနဲ့အတူ ပုံပြင်စာအုပ်ကိုဖတ်ပါ။ အသက် ၃နှစ်လောက်ဆိုရင် ရုပ်ပြများပြီး စာနည်းတဲ့ ပုံပြင်စာအုပ်မျိုးကို စဖတ်ပါ။ အတူဖတ်တာဖြစ်ဖြစ်၊ ကလေးတစ်ယောက်တည်း ဖတ်တတ်သွားတဲ့အခါမှာ ဖြစ်ဖြစ် မိဘတစ်ယောက်ယောက်သူ့အနားမှာ ရှိပါစေ၊ ကလေးက စာကောင်းကောင်းမဖတ်တတ်ခင်မှာ ပုံတွေကို ကြည့်ပြီး ပုံပြင်ကိုသူ့အထင်နဲ့ပြောပြပါလိမ့်မယ်၊ လွတ်လွတ်လပ်လပ်ပြောပါစေ၊ သူပြောပြတဲ့အခါမှာ သူသုံးနှုန်းသွားတဲ့ ဝေါဟာရတွေကို သတိပြုပေးပါ။ သုံးစွဲတဲ့ဝေါဟာရလွှဲနေရင် မသိမသာ ပြုပြင်ပေးပါ။


       


၂။ ဇာတ်ကောင်လဲလှယ်တဲ့ ကစားနည်းများ

ကလေးများက အလွန်စိတ်ကူးယဉ်ဆန်တတ်ပါတယ်။ ခဏဆရာဝန်ဖြစ်လိုက်၊ ခဏ ပြည်သူရဲဖြစ်လိုက်နဲ့ အမျိုးမျိုးဆော့ကစားတတ်ကြပါတယ်။ မိဘများကလေးနဲ့ အတူဆော့ပါ။ ကလေးကဆရာဝန်လုပ်ရင် မိဘကလူနာနေရာနေပေးပါ။ အဲလို ဆော့ကစားပေးရင်ကလေးက ပတ်ဝန်းကျင်ကို ပိုမိုဂရုပြုလာပြီး စိတ်ဝင်စားစရာတွေ များများလာတတ်ပါတယ်။


၃။ဗဟုသုတများစေဖို့

ပုံမှန်အားဖြင့် ကလေးတိုင်းလိုလို စူးစမ်းလိုစိတ်အပြည့် ရှိပါတယ်။ အရာရာတိုင်းဟာ သူတို့လေးတွေအတွက် အသစ်အဆန်းဖြစ်နေလို့ပါ။ အဲဒီအခါမျိုးမှာ မိဘများက စိတ်ရှည်ရှည်ထားရပါတယ်၊ အဲလိုမေးခွန်းထုတ်လာတာကို အနှောက်အယှက်လို့ မထင်မြင်ဘဲသူတို့ကို ဗဟုသုတပေးဖို့ အခွင့်အရေးလို့ ရှုမြင်ပြီးကောင်းစွာ အသုံးချတတ်ရပါမယ်။


၄။ စာရိတ္တပိုင်းပျိုးထောင်ဖို့

နေ့စဉ်နေ့တိုင်း ကလေးနဲ့ စကားလက်ဆုံကျဖို့အချိန်ပေးပါ။ မူကြိုကျောင်းက အကြောင်းတွေ၊ သူဆရာ၊ ဆရာမအကြောင်းတွေ၊ အတန်းဖော်အကြောင်းတွေ၊ ဘယ်လိုဘယ်လို ဆော့ကစားတာတွေ၊ ဘယ်သူကဖြင့်တော့ သူ့အပေါ်ကောင်းတယ်၊ ဘယ်သူကဖြင့်တော့ သူ့အပေါ်မကောင်းဘူးစသည်ဖြင့် စိတ်ရှည်ရှည်နားထောင်ပေးပါ။ သူတို့နဲ့ စကားလက်ဆုံကျရင်း၊ သူတို့ပြောပြတဲ့ပုံပြင်ကို နားထောင်ရင်း အကျင့်စာရိတ္တတွေကို တဖြည်းဖြည်းလေ့ကျင့်လမ်းကြောင်းပေးသွားလို့ရပါတယ်။ ကလေးကိုစာရိတ္တပြုစုပျိုးထောင်ပေးတဲ့နေရာမှာ မိဘများဟာ အခရာ အကျဆုံးဖြစ်ပါတယ်။ ကလေးကို နောင်အခါမှာ ဆေးလိပ်မသောက်စေချင်ဘူး၊ ကွမ်းယာမဝါးစေချင်ဘူးဆိုရင် မိဘများကိုယ်တိုင် သူတို့ရှေ့မှာ ဆေးလိပ်မသောက်၊ ကွမ်းယာမဝါးမိဖို့ လိုပါတယ်။


၅။ မေတ္တာစိတ်ထား ကြွယ်ဝဖို့

ရရှိတဲ့ အခွင့်အခါတိုင်းကို အသုံးပြုပြီးကလေးရဲ့ မေတ္တာစိတ်များကြွယ်ဝလာအောင် ပျိုးထောင်ပေးရပါမယ်။ သူများကို ဘယ်လိုဂရုစိုက်သင့်သလဲ၊ မိသားစုဝင်များ အသိများကို ဘယ်လိုမျိုးစိတ်ဝင်စားရမလဲ၊ အားနွဲ့သူကို ဘယ်လိုကိုယ်ချင်းစာစိတ်မွေးရမလဲ သတ္တဝါများအားလုံးအပေါ်၊ သဘာဝပတ်ဝန်းကျင်အပေါ် ခင်တွယ်မြတ်နိုးလာအောင် ဘယ်လိုပျိုးထောင်ပေးရမလဲ စသည်တို့ပါဝင်ပါတယ်။


၆။ ကိုယ့်ကိုယ်ကိုယ် ရပ်တည်တတ်လာအောင်ပျိုးထောင်ပေးခြင်း

ကလေးများအရွယ် ဘယ်လောက်ပဲ ငယ်ငယ်၊ သူ့နိုင်တဲ့ဝန် သူထမ်းပါစေ၊ ဥပမာ အိပ်ရာပေါ်မှာ လသားအရွယ် ကလေးတစ်ယောက်ဟာ အိပ်ရာပေါ်မှာရှိတဲ့ အရုပ်တစ်ခုကို လဲလျောင်းရင်းနဲ့ လှမ်းယူဖို့ ကြိုးစားတယ်ဆိုပါစို့၊ သူ့ဟာသူလှမ်းယူလိုက်၊ မရလို့ ကိုယ်ကလေးကိုရွေ့လိုက်နဲ့ နောက်ဆုံးအရယူသွားမှာပါ။ အဲဒီလှမ်းယူတဲ့ကာလဟာ အရုပ်ပေးဆော့တာထက်ကလေးကို  များစွာပိုမိုအကျိုးပြုပါတယ်။ ကလေးထမင်းစားမယ်၊ ရေသောက်မယ်၊ ရေအိမ်တက်မယ်၊ အဝတ်လဲမယ် စသည်ဖြင့် သူတို့နိုင်တဲ့ဝန်ကို ထမ်းခိုင်းပါ။ ကိုယ့်ကိုယ်ကိုယ် ရပ်တည်တတ်တဲ့ကလေးဟာ ယုံကြည်စိတ်ပိုမိုပြည့်ဝပါတယ်။ အနာဂတ်ဘဝအတွက်လည်း ပိုမိုသေချာပါတယ်။


၇။ ဆုံးမဆဲဆိုခြင်းထက် အားပေးအားမြောက်ပြုတဲ့နည်းလမ်းကို အသုံးချခြင်း

များများချီးမွမ်းပါ။ များများအားပေးပါ။ ကလေးကို လုံးဝမရိုက်ပါနဲ့၊ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ကလေးကိုမဆဲဆိုပါနဲ့၊ ကလေးရဲ့ အတွင်းစိတ်ကို အလွန်ထိခိုက်တတ်လို့ပါ။ အထူးသဖြင့် ကလေးက ၂နှစ်ခွဲ ၃နှစ်ထဲဝင်ရင်  ‘ငါ’’ဆိုတဲ့အသိစဝင်လာပါတယ်။ နိုင်ငံခြားမှာပုန်ကန်တဲ့ ၃နှစ်အရွယ်လို့တောင်တင်စားခေါ်ဝေါ်ပါတယ်။ အဲဒီအခါ မျိုးမှာလူကြီးမိဘများရဲ့ ထောက်ခံအားပေးမှုကို အပြည့်အဝပေးရပါမယ်။ တကယ်လို့ လူကြီးစကားကိုစပြီးနားမထောင်တော့ဘူး၊ လူကြီးပြောတာကို နားမထောင်တော့ဘူးလို့ ယူဆပြီး ဆဲမိဆိုမိရင် ကလေးဟာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားတတ်ပါတယ်။ အလွန်သတိထားသင့်ပါတယ်။

 


Credit-ေအာင္ကိုလတ္(Ayeyarwaddy International School)

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18