Print

ကလေးများကို သွန်သင်ရာမှာ ဘယ်အချက်တွေကို လိုက်နာခိုင်းသင့်သလဲ

  08-Apr-2020
Preview Image

          ကျွန်တော်တို့ လူတော်တော်များများဟာ ကလေးကို ဆိုဆုံးမပြီဆိုရင် ဘာသာရေးကို အဓိက အခြေခံကြပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ငါးပါးသီလခိုင်မြဲအောင် ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစားတတ်အောင် သွန်သင်ပေးလေ့ရှိပါတယ်။ ဒီအချက်အလက်တွေ ကောင်းပါတယ်။ ဒါပေမယ့် လျင်မြန်စွာ တိုးတက်လာတဲ့ ခေတ်နဲ့အညီ ဘာသာရေးကို အခြေခံတဲ့ ဆုံးမမှုများအပြင် အခြားသော သွန်သင်လမ်းညွန်မှုများကို မိဘများနဲ့ ဆရာဆရာမများ သိထားဖို့ လိုအပ်လာပါပြီ။


၁။ မေတ္တာကြွယ်ဝတယ်

          ကလေးများကို ငယ်ငယ်ရွယ်ရွယ်နဲ့ မေတ္တာကြွယ်ဝဖို့၊ မေတ္တာကို မှန်မှန်ကန်ကန် ဖော်ပြတတ်ဖို့၊ အသက်ကြီးသူကို ရိုသေမယ်၊ သူငယ်ချင်းများအပေါ် ကောင်းမွန်မယ်၊ မျှဝေတတ်တဲ့စိတ်ရှိမယ် စသည်တို့ကို သင်ကြားပေးထားရပါတယ်။


၂။ ကျေးဇူးတင်တတ်တယ်၊ ကျေးဇူးတင်ရှိမှုကို တိတိကျကျဖော်ပြတတ်တယ်။

          သူများကျွေးတဲ့ မုန့်ကို စားတယ်ဆိုပါစို့၊ “ ကျေးဇူးပဲ၊ ကျေးဇူးတင်ပါတယ် ဦးဦး” လို့ ပြောတတ်ဖို့ သင်ထားပေးတဲ့အပြင် ၊ “ မုန့် သိပ်အရသာရှိတယ်၊ ကျေးဇူးပဲနော် ဦးဦး” ဆိုပြီး ကျေးဇူးတင်တဲ့ အကြောင်းအရာကိုပါ တိတိကျကျပြောပြီး ကျေးဇူးတင်တတ်အောင် လေ့ကျင့်ပေးထားပါ။


၃။ ကတိသေးသေးလေးလည်း စောင့်ထိန်းဖို့ လိုအပ်တယ်။

          စာအုပ်ခဏပဲ ငှားမယ်နော်၊ နေ့လယ်ကျရင် အတူတူထမင်းစားရအောင် စသည့်ကတိသေးသေးကလေးများကိုပါ စောင့်ထိန်းတတ်အောင် တစ်ခါတည်းသင်ပေးထားဖို့ လိုပါတယ်။ ဒီလိုမှကတိတည်တတ်တဲ့ အလေ့အထ ဘဝတစ်ခုလုံးမြဲသွားမှာပါ။


၄။ မိမိအလုပ် မိမိအတတ်နိုင်ဆုံး ပြီးအောင်လုပ်မယ်။

          ကျောင်းသွားခါနီး ကိုယ့်လွယ်အိတ်ကို ကိုယ်တိုင်ပြင်ဆင်စစ်ဆေးမယ်၊ ရေသောက်ချင်ရင် ‘ရေသောက်ချင်တယ်’ လို့ မအော်ဘဲ ကိုယ်ကိုယ်တိုင်ထပြီး ရေခပ်မယ်။ နေ့လယ်စာ ထမင်းစားပြီးရင် ကိုယ့်ထမင်းချိုင့်ကို ကိုယ်တိုင်သိမ်းဆည်းမယ်။ ဖြစ်နိုင်ခြေအတွင်းမှာရှိတဲ့ မိမိအမှုမှန်သမျှ မိမိပြုခြင်းပင်ဖြစ်ပါတယ်။


၅။ ပေးဆပ်တတ်တဲ့ စိတ်ထားကို မွေးမြူထားရပါမယ်။

          လူ့ဘောင်တည်ဆောက်မှုရဲ့ အပြန်အလှန်သဘောကို ကလေးများအား ငယ်စဉ်ကတည်းက သိရှိအောင်သွန်သင်ပေးထားရပါမယ်။ သူများကို အရင်နှုတ်ခွန်းဆက်တာပဲဖြစ်ဖြစ်၊ အပြုံးကလေးတစ်ချက် ပေးလိုက်တာပဲဖြစ်ဖြစ်၊ အပြုံးကလေးတစ်ချက် ပေးလိုက်တာပဲဖြစ်ဖြစ်၊ အသေးငယ်ဆုံးသော ပေးဆပ်ခြင်းတွေပါ။ ဘယ်သူမဆို အကူအညီကျယ်ကျယ်ပြန့်ပြန့်ရလိုရင် သူများကို ဖောဖောသီသီ ကူညီထားရပါမယ်။ ပေးဆပ်ထားရပါမယ်။


၆။ ပြဿနာကြုံရင် အပြစ်တင်ခြင်းထက် ဖြေရှင်းခြင်းကို အရင်လုံးဝအာရုံစိုက်ရပါမယ်။

          ပြစ်တင်တယ်၊ ညည်းညူတယ်ဆိုတာ ပြဿနာဖြေရှင်းဖို့ အင်အားများကို အလဟဿ ဖြုန်းတီးလိုက်တဲ့နဲ့ အတူတူပါ။ အားအင်များကို ဖြုတ်းတီးနေမယ့်အစား လက်တွေ့ဆန်ဆန် ဖြေရှင်းလိုက်တာက ပိုမိုထိရောက်တယ်ဆိုတာ ကလေးကို အသိဝင်ထားစေရပါမယ်။


၇။ စကားပြောစဉ် သတိထားရမယ့် ဝေါဟာရများ

          ‘ကျေးဇူးပြုပြီး’ ‘ကျေးဇူး’ ‘ဆောရီး’ စသည့်ဝေါဟာရများကို သင့်တော်တဲ့အချိန်မှာ ထုတ်ဖော်သုံးနှုန်းပြောဆိုရပါမယ်။


၈။ ဖုန်းပြောရင် သုံးရမယ့် ဝေါဟာရများ

          ဖုန်းကိုင်လိုက်တာနဲ့ ‘ဟဲလို’ ‘အမိန့်ရှိပါ’ လို့ စကားချီအဖြစ် ပြောဆိုရပြီး ဖုန်းပြောပြီးတိုင်းလည်း ‘ကျေးဇူးပါ’ ‘Bye Bye’ စသည်ဖြင့် နှုတ်ဆက်သင့်ပါတယ်။


၉။ အရှက်အကြောက်မကြီးဖို့

          မိမိထက် အသက်ကြီးဝါကြီးတဲ့သူနဲ့ ဖြစ်စေ၊ လုံး၀ မသိတဲ့သူစိမ်းနဲ့ဖြစ်စေ စကားပြောတဲ့အခါ အရှက်အကြောက်ကြီးစရာမလိုပါ။ ဒါပေမယ့် လုံလောက်တဲ့ယဉ်ကျေးသိမ်မွေ့မှုကို ပြသရပါမယ်။


၁၀။ အတတ်နိုင်ဆုံး သူများကို မနှောင့်ယှက်မိဖို့

          တော်ရုံကိစ္စနဲ့ သူများကို အကူအညီမတောင်းပါနဲ့ ၊ အကူအညီတောင်းခဲ့ရင်လည်း အတတ်နိုင်ဆုံး ‘ကျေးဇူးပြုပြီး’ ဆိုတဲ့ စကားကို သုံးနှုန်းပါ။ သူများက ကူညီခဲ့ရင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါ။


၁၁။ ထိုက်သင့်တဲ့ “စည်း” ထားရှိခြင်း

          ကိုယ့်ပစ္စည်းကို ကိုယ်ရိုသေစွာ ကိုင်တွယ်မယ်။ သူများပစ္စည်းကို လွယ်လွယ်နဲ့ ငှားမသုံးဘူး၊ ငှားသုံးခဲ့ရင် တန်ဖိုးထားမယ်။ အချိန်မီ ပြန်ဆပ်မယ်။


၁၂။ ကိုယ့်အမှိုက်ကို ကိုယ်သိမ်းဆည်းတတ်တဲ့အကျင့်

          အိမ်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ်၊ ယုတ်စွအဆုံး၊ ရှောပင်းမောမှာ ထမင်းဆိုင်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ကြောင့်ဖြစ်ပေါ်လာတဲ့အမှိုက်ကို ကိုယ်ကိုယ်တိုင် သိမ်းဆည်းတတ်အောင် လေ့ကျင့်ပေးထားရပါမယ်။


၁၃။ တန်းစီတတ်ခြင်း

          ဆိုင်ပဲသွားသွား၊ ကားပဲစီးစီး တန်းစီတတ်တဲ့ အကျင့်ကို မွေးမြူရပါမယ်။ လူနှစ်ယောက်၊ သုံးယောက်တစ်ပြိုင်တည်း တစ်ခုခုကို လုပ်ဖို့ စုမိပြီဆိုရင် ချက်ချင်းတန်းစီဖို့ သတိရလိုက်ပါ။ တန်းစီတတ်ခြင်းဟာ သူတစ်ပါးကို လေးစားတတ်ခြင်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းကစပြီး ပျိုးထောင်ပေးထားရပါမယ်။


၁၄။ အမှားသိရင် ချက်ချင်းပြင်မယ်။

          ပျက်အစဉ်၊ ပြင်ခဏ၊ ဘာပဲမှားမှား၊ အမှားကို ဝန်ခံတတ်အောင် သင်ကြားပေးမယ်၊ ချက်ချင်းပြင်တတ်အောင် ပျိုးထောင်ပေးထားပါမယ်။

Credit : အောင်ကိုလတ်

 

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18