Print

ကလေးဘဝအစောပိုင်းမှာ ဖြစ်လေ့ရှိသော သွားပိုးစားခြင်းမတိုင်မီ အဖြူရောင်အစ...

  18-Mar-2020
Preview Image

သွားမှာ အဖြူရောင်အစက်ဖြစ်ခြင်းဆိုတာ ဘာလဲ

          သွားတစ်ချောင်းမှာ ကျောက်တည်ဖြစ်စဉ်အတွက် အချိန်တစ်ခုယူရပါတယ်။ သွားပိုးမစားခင်မှာ သွားမျက်နှာပြင်မှာ အဖြူရောင်အစက်တွေ ရှေးဦးစွာပေါ်လာပါတယ်။ သွားရဲ့ကြွေလွှာပေါ်မှာ မြေဖြူလို အဖြူရောင်အကွက်တွေအနေနဲ့ တွေ့ရပါမယ်။ တစ်ခါတစ်လေ သွားချေးတွေရဲ့ အောက်မှာလည်း အဖြူရောင်အစက်တွေ တွေ့ရတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ သွားရဲ့ ကြွေလွာပျက်စီးတာကို ပြခြင်းဖြစ်ပါတယ်။ အဲဒီအဖြူစက်နေရာကနေ သွားပိုးပေါက် ဖြစ်ဖို့ အစပြုပါတယ်။

          သွားပိုးပေါက်ဖြစ်ပြီး မကုဘဲထားမယ်ဆိုရင် နာခြင်း၊ ရောင်ခြင်း၊ အစားအသောက်မစားချင် ခံတွင်းပျက်ခြင်း၊ ဖွံ့ဖြိုးနေတဲ့ ကြီးသွားကိုပါ ပျက်စီးစေခြင်း၊ ပြင်းထန်တဲ့တချို့အခြေအနေမှာဆိုရင် သွေးဆိပ်ပျံ့နှံ့တဲ့အထိ ဖြစ်ခြင်းများ ဖြစ်နိုင်ပါတယ်။

          သွားမှာ အဲဒီလိုအဖြူစက်ပေါ်တာဟာ သေချာဂရုမထားရင် မသိနိုင်ပါဘူး။ နာကျင်မှုလည်း မရှိလို့ပါ။ အဲဒီအချိန်မှာ သွားချေးတွေကို ပြန်ဖယ်ရှားနိုင်တဲ့ အဆင့်ဖြစ်ပါတယ်။အဖြူစက်ကနေ သွားပေါက်ဖြစ်သွားပြီဆိုရင်တော့ ပြန်ပြီး နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ပါဘူး။


သွားအဖြူစက်နဲ့ သွားပိုးစားရခြင်းရဲ့အကြောင်းများကတော့

၁။ ခံတွင်းသန့်ရှင်းရေး အားနည်းခြင်းကြောင့် သွားချေးများဖြစ်ခြင်း

၂။ နို့ဘူးကို နှစ်ရှည်စွာ စို့ခြင်း(အသက်ငါးနှစ်၊ ခြောက်နှစ်အထိ)

၃။ ညအိပ်နေစဉ် မိခင်နို့စို့ရင်း အိပ်ခြင်း

၄။ Streptococcus Mutans ဗက်တီးရီးယားပိုးကြောင့် သွားပိုးပေါက်ဖြစ်ခြင်း။ (ကလေးကို အနီးကပ် စောင့်ရှောက်သူမှ ပါးစပ်ဖြင့် အစာများ ဝါး၍ခွံ့ခြင်း၊ ပန်းကန်ခွက်ယောက်များ ကလေးနှင့်အတူတူ တွဲအသုံးပြုစားသုံးခြင်းမှ တစ်ဆင့် ကူးစက်တတ်ပါတယ်။


          ကာကွယ်ခြင်းကတော့ အထက်က အကြောင်းအရာများမှ ရှောင်ကြဉ်ခြင်း အဖြူစက် (သို့) အရောင်တစ်ခုခု ကလေးရဲ့သွားမှာ စတွေ့တာနဲ့ သွားဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ ဖြစ်ပါတယ်။ သွားဆရာဝန်နဲ့ ပြခွင့်မရခင်အချိန်မှာ အိမ်မှာ ကြိုတင်ကာကွယ်ထားနိုင်တဲ့ အချက်လေးတွေကိုလည်း ပြောပြပေးပါမယ်။

၁။ ကလေးတွေကို အသက် တစ်နှစ်(သို့) သွားတစ်ချောင်း ပထမဆုံးပေါက်ပြီဆိုတာနဲ့ သွားဆရာဝန်ဆီကို ပြထားသင့်ပါတယ်။

၂။ ကိုယ်ဝန်ဆောင်ချိန် (သို့) ကလေးငယ်ရှိချိန်တွေမှာ ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပါတယ်။

၃။ ကလေးသောက်တဲ့နို့ထဲကို သကြား၊ ရေ၊ ပျားရည်၊ အချိုရည်တွေ ထည့်မတိုက်သင့်ပါဘူး။

၄။ နို့ဘူးစို့နေရင်း ကလေးကို အိပ်မပျော်သွားပါစေနဲ့။

၅။ ညဘက် (သို့) နေ့ဘက်တွေမှာ ပုံမှန်စားတဲ့ အစာတစ်ခုနဲ့ တစ်ခုကြားမှာ ရေတိုက်ပေးပါ။

၆။ အသက်တစ်နှစ်ကစပြီး နို့ကို ဘူးနဲ့မတိုက်ပါနဲ့။

၇။ ကလေးရဲ့သွားကို ရေဆွတ်ထားတဲ့ အဝတ်စို (သို့) ဂွမ်းချပ်ဖြင့် အစာကျွေးပြီးတိုင်း ပွတ်တိုက်ပေးပါ။

၈။ Fluoride ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုပါ။ သွားဆရာဝန်ညွန်ကြားတဲ့ သွားတိုက်ဆေးကို အသုံးပြုရင်လည်း ရပါတယ်။


          ဒါတွေကို သတိထားလုပ်ဆောင်မယ်ဆိုရင်တော့ ကလေးတွေရဲ့ သွားတွေပျက်စီးဆုံးရှုံးခြင်းကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Credit : ဒေါက်တာ ရှင်းသန့်ဖြူ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18