Print

ကလေးငယ်များနှင့် ဦးနှောက်အမြှေးရောင်ရောဂါ

  04-Mar-2020
Preview Image

          ဦးနှောက်အမြှေးရောင်ရောဂါဆိုတာ အဖျားရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဦးနှောက်နဲ့ အာရုံကြောမကြီးရဲ့ အကာအကွယ်အမြှေးပါးတွေ ရောင်ရမ်းပြီး နာတာရှည် ဖျားနာတဲ့ရောဂါ ဖြစ်ပါတယ်။ ကိုယ်ခံအားကျနေချိန် အများဆုံးဖြစ်တတ်ပြီး နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ပျက်စီးတာ၊ အာရုံကြောပြဿနာတွေအပြင် အဖျားကြီးပြီး ကလေးတွေမှာ အတက်ရောဂါ၊ အကြားအာရုံဆုံးရှုံးတာနဲ့ မသန်မစွမ်းဖြစ်ကာ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တတ်ပါတယ်။ ဦးနှောက် အမြှေးရောင်ရမ်းတဲ့ရောဂါက ပိုးမွှားတွေကူးစက်တာကြောင့် ဖြစ်နိုင်တဲ့အပြင် ကင်ဆာရောဂါ၊ ဆေးမတည့်တာ၊ မှိုနဲ့ ကပ်ပါးကောင်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်အမြှေးရောင်ရောဂါကို အများဆုံးခံစားရတဲ့ အသက်အရွယ်ကတော့ မွေးကင်းစကနေ အသက်နှစ်နှစ်ထိဖြစ်ပြီး သုံးလကနေ ရှစ်လအရွယ်တွေကို စနစ်တကျဂရုစိုက်ပေးဖို့ လိုပါတယ်။


မွေးကင်းစမှ သုံးလအရွယ် ကလေးငယ်များ၌ ဖြစ်တတ်သည့် လက္ခဏာများ

          သုံးလထက်ငယ်တဲ့ ကလေးတွေမှာ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေကတော့ -

-       အစာမစားတာ၊

-       အဖျားကြီးတာ၊

-       ပျို့အန်တာ၊

-       အားအင်ကုန်ခန်းတဲ့ ပုံစံမျိုးဖြစ်နေတာ၊

-       ရုတ်တရက် အိပ်မပျော်တာ၊

-       အလင်းရောင်မခံနိုင်တာ၊

-       တက်တာ၊

-       ကိုယ်အပူချိန် ကျတာ၊ ရှော့ခ်ရတာ၊

-       သွေးတွင်းသကြားဓာတ်နည်းတာ၊

-       အသားဝါလာတာစတာတွေ ဖြစ်တတ်ပါတယ်။


တစ်နှစ်ကျော်အရွယ်ကလေးများ၌ ဖြစ်တတ်သည့် လက္ခဏာများ

          အသက်တစ်နှစ်ကျော် ကလေးတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ -

-       မူးမောပျို့အန်တာ၊

-       ခေါင်းကိုက်တာ၊ အလင်းရောင်စူးစူးကိုမခံနိုင်တာ၊

-       ဖျားနာတာ၊ စိတ်အလိုမကျတာ၊

-       ဇက်ကြောတောင့်တင်းတာ၊

-       အတက်ရောဂါဖြစ်တာ၊

-       ရုတ်တရက် သတိမေ့သွားတာနဲ့

-       ကိုယ်လက် မအီမသာစတာတွေ ဖြစ်တတ်ပါတယ်။


ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်ရန်

          ဦးနှောက်အမြှေးရောင်ရောဂါက လေကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါမျိုးမဟုတ်ပေမယ့် ရောဂါဖြစ်နေတဲ့သူနဲ့ ထိတွေ့ရာကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်နေတဲ့သူရှိတဲ့အခါ ကလေးငယ်တွေနဲ့ အတူတကွ ဆော့ကစားတာမျိုး၊ အစာစားတာ၊ ရေသောက်တာ၊ လက်သုတ်ပဝါ၊ မျက်နှာသုတ်ပဝါတွေ အတူတကွသုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ လူကြီးတွေအနေနဲ့လည်း ရောဂါဖြစ်နေတဲ့သူရဲ့ အလှပစ္စည်းတွေ ဥပမာ - နှုတ်ခမ်းနီစတာတွေ မျှဝေသုံးစွဲတာမျိုးမှ ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ အတူတကွ အသုံးပြုခဲ့မိမယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး ဆေးဝါးကြိုတင် သောက်သုံးတာမျိုး ပြုလုပ်သင့်ပါတယ်။

          ကိုယ်ခံစွမ်းအား ကောင်းတာက ဦးနှောက်အမြှေးရောင်ရောဂါကို ကာကွယ်ပေးနိုင်တဲ့ အဓိကအကြောင်းရင်းဖြစ်တာကြောင့် နေ့တိုင်း အာဟာရမျှတဲ့ အစာတွေစားတာ၊ ရေဓာတ်ပြည့်ဝအောင်နေတာ၊ အိပ်ရေးဝဝအိပ်တာတို့ ပြုလုပ်ပေးဖို့ လိုပါတယ်။ တကယ်လို့ ဦးနှောက်အမြှေးရောင်ရောဂါ ခံစားနေရတယ်ဆိုရင် အမြန်ဆုံးထိရောက်တဲ့ ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

Credit : အိဖြူ(ဆေးဝါးတက္ကသိုလ်) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18