Print

ကလေးငယ်တိုင်း ခံတွင်းကျန်းမာရေးကောင်းမွန်စေရန်

  26-Feb-2020
Preview Image

          ခံတွင်းကျန်းမာရေးကို ကလေးငယ်ငယ် အချိန်ကတည်းက စတင်လုပ်ဆောင်ဖို့ လိုပါတယ်။ ကလေးငယ်တွေမှာ ခံတွင်းကျန်းမာရေး မကောင်းတာကြောင့် သွားပိုးစားတာ၊ သွားကိုက်တာ၊ သွားတွေမညီမညာနဲ့ မလှမပဖြစ်တာ၊ သွားကြောင့် နှုတ်ခမ်း ပုံပန်းသဏ္ဍာန်ပျက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။ ချစ်စဖွယ် သားသားမီးမီးလေးတွေ ခံတွင်းဝေဒနာတွေ ကင်းဝေးစေဖို့ အောက်ပါအချက်တွေ လိုက်နာကြပါစို့။


ငယ်စဉ်ကတည်းက စတင်လုပ်ဆောင်ပါ

          ကလေးငယ်တွေရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို တစ်နှစ်အရွယ်ကတည်းက စတင်ပြီး လုပ်ဆောင်သင့်တယ်လို့ အမေရိကန်ကလေး သွားနဲ့ခံတွင်းကျန်းမာရေးအကယ်ဒမီက ပြောကြားထားပါတယ်။ ကြိုတင်ကာကွယ်တာက  ရေရှည်မှာ ငွေကြေးကုန်ကျမှု သက်သာစေတယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။

သွားကြားပွတ်ကြိုး အသုံးပြုနည်းကို သင်ကြားပေးပါ။

          သွားကြားပွတ်ကြိုးကို ဘယ်အချိန်မှာ ကလေးကို အသုံးပြုခိုင်းသင့်လဲဆိုရင် သွားနှစ်ချောင်းစထွက်ပြီဆိုတာနဲ့ အဲဒီသွားနှစ်ချောင်းကြားမှာ သွားကြားပွတ်ကြိုးအသုံးပြုနည်းကို သင်ကြားပေးပါ။


ရေသောက်ခိုင်းပါ

          သကြားပါဝင်တဲ့ အချိုရည်တွေက ကလေးငယ်တွေရဲ့ သွားမှာ ကပ်ကျန်နေပြီး ခံတွင်းမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားမှုကို အားပေးပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေ အိပ်ရာဝင်ခါနီး အချိုရည်မသောက်ဘဲ ရေသောက်ခိုင်းပါလို့ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီက ညွန်ကြားထားပါတယ်။


သွားတိုက်ပေးပါ

          အများစုက ကလေးငယ်လေးတွေ သွားတိုက်ဖို့ မလိုပါဘူးလို့ ထင်မြင်တတ်ကြပါတယ်။ ကလေးငယ်က သွားတစ်ချောင်းပဲ စထွက်နေပြီဆိုရင်တောင် သွားတိုက်ပေးဖို့ လိုပါတယ်။ သွားထွက်ခါစ ကလေးငယ်ရဲ့သွားကို သန့်စင်ဖို့ ပိတ်ပါးစနဲ့ ညင်သာစွာ ပွတ်တိုက်ပေးပါ။ သွားမထွက်သေးတဲ့ ကလေးငယ်ကိုတော့ သွားဖုံးလေးတွေကို ပွတ်တိုက်ပေးလို့ရပါတယ်။ သွားထွက်ပြီးတဲ့ ကလေးငယ်အတွက် သွားတိုက်ဖို့ဆိုရင် ကလေးတိုက်သွားပွတ်တံကို သီးသန့်ဝယ်သုံးဖို့ လိုပါတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့ နှစ်ကြိမ်သွားတိုက်ပေးပါ။


ဆွဲဆောင်စည်းရုံးပါ

          ကလေးငယ်သွားတိုက်ရတာ မပျင်းအောင် ရေချိုးခန်းထဲမှာ သွားတိုက်တာနဲ့ပတ်သက်တဲ့ ပညာပေး ရုပ်ပုံကားချပ်လေးတွေ၊ ကာတွန်းလေးတွေ ကပ်ထားပေးပါ။ ကလေးငယ် စိတ်ပါပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် မိဘတွေက ဆွဲဆောင်စည်းရုံးပါ။


အချိန်တိတိကျကျ သတ်မှတ်ပေးပါ။

          မနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးတစ်ကြိမ် သွားတိုက်ဖို့၊ အစာစားပြီးတိုင်း ပလုတ်ကျင်းဖို့၊ သွားကြားပွတ်ကြိုးတစ်နေ့တစ်ကြိမ် အသုံးပြုဖို့ ကလေးငယ်ကို သင်ကြားထားပါ။


သွားတိုက်ဆေးကို ကိုယ်တိုင်ရွေးချယ်ခိုင်းပါ

          ကလေးငယ် သွားမတိုက်ချင်ဘဲ ငြင်းဆန်ရတဲ့အကြောင်းတွေထဲမှာ သူတို့ကြိုက်နှစ်သက်တဲ့ သွားတိုက်ဆေးကို အသုံးမပြုတာလည်း တစ်ချက်ပါဝင်ပါတယ်။ ကလေးငယ်လိုချင်တဲ့၊ သူနှစ်သက်တဲ့ သွားတိုက်ဆေးကို ကိုယ်တိုင်ရွေးချယ်ခိုင်းပြီး ဝယ်ယူထားပေးပါ။

Credit : နန်းသီရိ (ဆေးဝါး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18