Print

ဆယ်ကျော်သက် ကျန်းမာရေးပညာပေး

  21-Jan-2020
Preview Image

သက်ငယ်မုဒိမ်းမှုများ

          လသားအရွယ်များ၊ မတ်တတ်ပြေးအရွယ်များကို ကျူးလွန်မှသာ သက်ငယ်မုဒိမ်းမှုဟု သတ်မှတ်သည်မဟုတ်ပါ။ အပျိုဖော်၊ လူပျိုဖော် မဝင်မီနှင့် ဝင်ခါစ လူငယ်များအပေါ် ကျူးလွန်ခြင်းကိုပါ သက်ငယ်မုဒိမ်းမှုဟု သတ်မှတ်နိုင်ပါသည်။ တရားဥပဒေသတ်မှတ်ချက်အရ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား ကျူးလွန်ခြင်းကို သက်ငယ်မုဒိမ်းမှုမြောက်သည်ဟု ဆိုနိုင်ပါသည်။ မုဒိမ်းမှုနှင့် ပတ်သတ်လာလျှင် “ကလေးကတော့ ယောကျ်ားလေးပဲ၊ ဘာမှမဖြစ်ပါဘူး” “ ငါ့ကလေးကတော့ လသားလေးပဲ၊ ဘယ်သူမှမုဒိမ်းမကျင့်ပါဘူး” ဟူသော အယူအဆများမှာ မမှန်ကန်ကြောင်းကို ယခုနောက်ပိုင်းသတင်းများက သတ်သေခံလျက်ရှိပါသည်။

          အသက်ပြည့်ပြီး ယောကျ်ားကြီးများကသာ မုဒိမ်းမှုကျူးလွန်ကြသော်လည်း မုဒိမ်းမှုဟုခေါ်ဆိုသည့် အဆင့်မရောက်သေးသော Sexual Abuse ဟုခေါ်သော လိင်အလွဲသုံးစားမှုတွင်မူ ယောကျ်ားများသာမက မိန်းမများနှင့် ကလေးအချင်းချင်းပါ ကျူးလွန်လာကြသည်ကို သတင်းများတွင် တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ကလေးများတွင် Sex Education ခေါ် လိင်ပညာပေးကို သင်ကြားပေးရန် မဖြစ်မနေ လိုအပ်လာပါသည်။


ကလေးအသက် နှစ်နှစ်အရွယ်တွင်

          မိမိသားသမီးကို အိမ်သာနေရာတွင် လုံလုံခြုံခြုံ (တံခါးပိတ်ပြီး တစ်ယောက်တည်း) ဆီးဝမ်းမသွားတတ်မီကပင် စတင် သင်ကြားပေးရပါမည်။ မည်သည့်အင်္ဂါအစိတ်အပိုင်းဖြင့် ဆီးသွားသည်၊ မည်သည့်အင်္ဂါအစိတ်အပိုင်းဖြင့် ဝမ်းသွားသည်၊ ဆီးဝမ်းသွားပြီးနောက် သန့်ရှင်းရေးကို မည်သို့ပြုလုပ်ရမည် စသည်တို့ကို သင်ကြားပေးစဉ်မှာပင် ယင်းအစိတ်အပိုင်းများကို မိဘက အမြဲသန့်ရှင်းပေးမည်မဟုတ်ကြောင်းနှင့် မိမိဘာသာ လုပ်တတ်သွားလျှင် ကိုယ်တိုင် သန့်ရှင်းရေးလုပ်ရမည်ဖြစ်ကြောင်းကို တစ်ပြိုင်တည်း သင်ကြားပေးရပါမည်။ မိမိဘာသာ သန့်ရှင်းရေးလုပ်တတ်သည့်အချိန်မှစ၍ မိဘအပါအဝင် အခြားမည်သူတစ်ဦးတစ်ယောက်၏ အကူအညီကိုမှ လက်မခံဘဲ ငြင်းဆန်ရမည်ဖြစ်ကြောင်း၊ ထူးခြားမှုတစ်စုံတစ်ရာ (ဥပမာ အနာတရဖြစ်ခြင်း၊ အနာရှိခြင်း) သတိထားမိပါက မိဘကို အထူးသဖြင့် အမေကို ပြောပြရမည်ဖြစ်ကြောင်း တစ်ပါတည်း သင်ကြားပေးသင့်ပါသည်။

          အနည်းငယ်ပို၍ နားလည်သော အရွယ်ရောက်လာလျှင် ယင်းအစိတ်အပိုင်းများသည် မိဘတစ်ဦးတည်းနှင့် သက်ဆိုင်သော အစိတ်အပိုင်းများ (private parts များ) ဖြစ်ကြောင်းကို သင်ပေးရပါမည်။ ထို့ကြောင့် ယင်းအစိတ်အပိုင်းအား ဆွေမျိုးရင်းချာဖြစ်စေကာမူ မတွေ့မြင်စေရန် ဂရုစိုက်ရမည်ဖြစ်သကဲ့သို့ မည်သူမဆို တစ်ယောက်ယောက်က ကိုင်တွယ်ခြင်း၊ ပြသရန် ပြောဆိုခြင်းများရှိလာလျှင် ငြင်းဆန်ရန်လိုအပ်ကြောင်း၊ ယင်းသို့ပြုလုပ်ခံရလျှင် ရှက်ကြောက်မနေဘဲ အမေကို အသိပေးရန်လိုအပ်ကြောင်း သေသေချာချာမှာထားရပါမည်။ အိမ်သာတက်ရာတွင်မက ရေချိုးပေးရာတွင်လည်း ထိုနည်းတူမှတ်သားထားရန် ပြောပြပြီး ဆီးဝမ်းသွားသည့် ခန္ဓာအစိတ်အပိုင်းများသာမက ရင်ဘတ်နှင့် ရင်သားဆိုသည်မှာလည်း Private Parts များဖြစ်ကြောင်း၊ မိမိတစ်ဦးတည်းနှင့်သာ သက်ဆိုင်သဖြင့် သူတစ်ပါးမမြင်စေရန်၊ မထိတွေ့စေရန် ဂရုပြုရမည်ဖြစ်ကြောင်းကို ဂရုတစိုက် သင်ကြားပေးရပါမည်။


Privacy

          Privacy (မိမိ၏ လျှို့ဝှက်အပ်သည်များကို ထိန်းသိမ်းခြင်း) အကြောင်း သင်ပြရာတွင် ယောကျ်ားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ပျမ်းမျှအားဖြင့် ကလေးအသက် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကျော်လျှင် အတူနေမိသားစုဝင်များရှေ့ဖြစ်စေကာမူ ခန္ဓာကိုယ်အောက်ပိုင်းကို အဝတ်အစားမပါဘဲ မနေသင့်ကြောင်း၊ မိန်းကလေးဖြစ်ပါက အသက်ငါးနှစ်၊ ခြောက်နှစ်ကျော်လာလျှင် ခန္ဓာကိုယ်အပေါ်ပိုင်းကိုပါ အဝတ်အစားမရှိဘဲ မနေသင့်ကြောင်း သင်ကြားတားမြစ်ရပါမည်။ အခြားကလေး၊ လူကြီးများ၏ Private parts များပေါ်နေပါက မကြည့်ရန်နှင့် အတင်းအကျပ်ပြသခြင်းမျိုး ရှိလာပါက ငြင်းဆန်ရန် အမေ၊ မိဘကို ပြန်ပြောပြရန် မှာထားသင့်ပါသည်။ (ဤတွင် မိဘများသတိပြုရန်မှာ ဖခင်ဖြစ်စေ၊ မိခင်ဖြစ်စေ သိတတ်စအရွယ် မိမိသားသမီးရှေ့တွင် အဝတ်အစားမရှိဘဲနေခြင်း၊ ချွတ်လဲခြင်းများ ရှောင်ကြဉ်ရပါမည်။ အကယ်၍ အဝတ်အစားလဲရန် သီးခြားအခန်းမရှိပါက ခန်းဆီးကာ၍ လဲခြင်း သို့မဟုတ် ထဘီ၊ ပုဆိုးခြုံ၍ လဲလှယ်ခြင်းမျိုးသာ ပြုလုပ်ရပါမည်။

          ထိုနည်းတူပင် မိမိ၏ သားသမီးများကို အသက်နှစ်နှစ်ကျော်ပါက အောက်ပိုင်းအဝတ်အစားမပါဘဲ လူမြင်ကွင်းတွင် ဆီး၊ ဝမ်းတည်ခြင်း၊ ကိုယ်လုံးတီးရေချိုးပေးခြင်း၊ ကိုယ်လုံးတီးချွတ်ပြီး အဝတ်အစားလဲလှယ်ခြင်းများကိုပါ ရှောင်ကြဉ်ရပါမည်။ မိမိကလေးကို အခြားလူကြီးများ၏ ပေါင်ပေါ်သို့ ပေးထိုင်ခြင်း၊ လက်ပွန်းတတီးနေစေခြင်းကို မိဘများအနေဖြင့် မိမိတို့ရှေ့တွင်ဖြစ်စေ၊ မမြင်ကွယ်ရာတွင်ဖြစ်စေ ခွင့်မပြုသင့်ပါ။ ထိုမှသာ ကလေးသည် အသက်ကြီးသည်အထိ Privacy ကို ကောင်းစွာနားလည်ပြီး မိမိကိုယ်မိမိ စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။ ကလေးငယ်များကို Private parts များအကြောင်း သင်ကြားပေးရာတွင် ကလေးနားလည်လွယ်မည့် စကားလုံးအသုံးအနှုန်းများကို ရွေးချယ်သင်ကြားပေးရန်လည်း လိုအပ်ပါသေးသည်။


No, Go, Tell

          မိမိတို့ သားသမီးများကို Privacy အကြောင်း သင်ကြားပေးပြီးသည်နှင့် အလွန်အသုံးဝင်သော ကာကွယ်ခြင်းနည်းလမ်းတစ်ခုကို ဆက်လက်သင်ကြားပေးရပါမည်။ ယင်းနည်းလမ်းမှာ အင်္ဂလိပ်လို No. Go. Tell ဟု အလွယ်မှတ်ထားနိုင်ပြီး မြန်မာလိုပြန်ဆိုရလျှင် ငြင်းဆန်ပါ၊ ထွက်ပြေးပါ၊ ပြန်ပြောပြပါဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ မိမိ၏ Private parts များကို အခြားသူများက ကိုင်တွယ်ခြင်း၊ အတင်းအကျပ်ကြည့်ရှု့ရန် အားထုတ်ခြင်းများရှိပါက ငြင်းဆန်ပါ။ ငြင်းဆန်ပြီးနောက် ထိုသူနှင့်ဝေးရာသို့ ထွက်ပြေးပါ။ ထွက်ပြေးပြီးလျှင် အနီးစပ်ဆုံး ယုံကြည်စိတ်ချရသည့် ပုဂ္ဂိုလ် (မိခင် သို့မဟုတ် ဆရာမ) ကို ပြောပြပါဟူ၍ ကလေးများကို သင်ပြထားရပါမည်။ အကယ်၍ မိမိကလေးက ပတ်ဝန်းကျင်ရှိလူတစ်ဦးဦးကို ရုတ်တရက် အကြောင်းရင်းမရှိဘဲ ကြောက်လန့်နေပါက ကလေးကို ဆူခြင်း၊ ဒေါသထွက်ခြင်း မရှိဘဲ ချော့မော့ပြီး အကျိုးအကြောင်း မေးမြန်းရန် လိုအပ်ပါသည်။


ဆယ်ကျော်သက်

          ယခုအခါ ကမ္ဘာတစ်ဝန်းလုံးတွင် ကလေးများ အရွယ်ရောက်သည်မှာ ပို၍စောလာကြပါသည်။ ယခင်က ၁၂ နှစ်၊ ၁၃ နှစ် ကျော်ပြီးမှ အပျိုဖော်၊ လူပျိုဖော် ဝင်လေ့ရှိကြသော်လည်း ယခုမူ အချို့ကလေးများမှာ အသက် ၁၀ နှစ်ဝန်းကျင်ကတည်းက အရွယ်ရောက်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် ကလေးအသက်ရှစ်နှစ်ခန့်မှ စတင်၍ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်တွင် ဖြစ်ပေါ်လာမည့် ထူးခြားချက်များကို ကြိုတင်ပြောပြထားရန် လိုအပ်ပါသည်။ သားယောကျ်ားလေးများ လူပျိုဖော်ဝင်လာလျှင် အသံသြလာခြင်း ၊ အမွေးအမှင်များ ပေါက်လာခြင်း၊ လိင်အင်္ဂါကြီးထွားလာခြင်း၊ သမီးမိန်းကလေးများတွင်လည်း ရင်သားနှင့် တင်များကြီးထွားလာခြင်း၊ အမွေးအမှင်များ ပေါက်လာခြင်း၊ ရာသီပေါ်ခြင်း စသည်တို့ကို သင့်တင့်သလို နားလည်လွယ်အောင်အချိန်ပေး၍ သင်ကြားပေးရမည်ဖြစ်သကဲ့သို့ လိုအပ်သော အတွင်းခံများ၊ ရာသီလာစဉ် သုံးသော ပစ္စည်းများအကြောင်းကိုလည်း ကြိုတင်ရှင်းပြထားရမည်ဖြစ်သည်။


အပျို၊ လူပျိုဖော် ဝင်ပြီးနောက်

          အပျိုဖော်၊ လူပျိုဖော် ဝင်ပြီးနောက်တွင်လည်း လိင်ဆက်ဆံခြင်းနှင့် ပတ်သက်သောကိစ္စရပ်များကို မိဘများကိုယ်တိုင် သင်ကြားပေးရန် တာဝန်ရှိသည်။ လက်မထပ်ခင် အတူနေခြင်းကို ရှောက်ကြဉ်ရန်၊ မရှောင်ကြဉ်နိုင်ပါက ကွန်ဒုံးကို စနစ်တကျ အသုံးပြုရန်နှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သော ရောဂါများအကြောင်း၊ မလိုချင်ဘဲ ကိုယ်ဝန်ရလာနိုင်သည့်အကြောင်း ပြောပြရမည်ဖြစ်ပါသည်။ ဤအကြောင်းအရာများကို မိဘများကိုယ်တိုင်သင်ကြားပေးရန် အခက်အခဲရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် NGO များပူးပေါင်းဖန်တီးထားသော လက်ကမ်းစာစောင်များ၊ Facebook Page များ၊ Website များနှင့် Mobile Application များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Credit : ဒေါက်တာလင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18