Print

အသက်ရှူသံတွေ ဂူဂူဂဲဂဲ

  18-Jul-2018
Preview Image

ကလေးတွေ အသက်ရှူလျှင် နှာခေါင်းပိတ်သံလိုလို၊တစ်ခါတစ်ရံ လူကြီးတွေ ဟောက်သံလိုမျိုးဂူဂူဂဲဂဲအသံများ မြည်၍ ကလေးက အားစိုက်ပြီး အသက်ရှူနေရတာ တွေဖူးကြမည်ထင်သည်။ဒီပြဿနာက ယခုလို ဆောင်းတွင်ကာလ အထူးသဖြင့် အေးလွန်းသည့်ဒေသတွေမှာ တွေ့ရတာ များသည်။ အတွေ့များသည့် ပြဿနာဖြစ်၍ အရေးမကြီးတာက ပိုများသော်လည်း အရေးကြီးတာတွေလည်းရှိသည်။အဓိကပြဿနာကတော့ အရေးကြီးသည့် ပြဿနာတွေက အသက်ကို ချက်ချင်းအန္တရာယ် ရှာနိုင်တာမျိုးဖြစ်နေ၍ပင် ဖြစ်သည်။ နှာခေါင်းပိတ်သည်ဆို၍ နှာဝမှာ ပိတ်မှ နှာခေါင်းပိတ်တာ မဟုတ်။ဟိုအတွင်ပိုင်းမှာ ပိတ်လည်းတခေါခေါ တခူးခူး အသံမြည်နိုင်သည်။ ဆေးပညာတွင်တော့ နှာခေါင်းရင်းပိတ်၍ မြည်သောအသံကို Stridor ဟုခေါ်သည်။သိပ်အန္တရာယ်မရှိ။လည်ချောင်း သို့မဟုတ် လေပြွန်မကြီးပိတ်သောအသံကို Stridor ဟုခေါ်သည်။အဲ့ဒါက အရေးကြီးသည်။ဖြစ်နိုင်သည့် အကြောင်းရင်းတွေကတော့ များစွာရှိသည်။

(၁) ဇလုတ်ရောင်ခြင်း(Croup)

ဒါက အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။

နှစ်နှစ်အောက်ကလေးများတွင်း အအေးမိဗိုင်းရပ်စ်ပိုး ‘ဇလုတ်’ ကိုဝင်ရောက်ရောင်ရမ်းစေသဖြင့် ဖြစ်တာပါ။ငွေ့ငွေ့ဖျားမည်၊ချောင်းဆိုးတာက ခြောက်ခြောက်ကြီး၊ပြီးတော့အဲ့သည့်အသံကြီးက မြည်နေမည်။ ညမှာ ပိုဆိုးတတ်သည်။ရုန်းကန်လျှင် ငိုယိုလျှင် ပိုဆိုးတတ်သည်။ ဇလုတ်ရောင်တာမျှသာဆိုတာလည်း သေချာမည်။အသက်ရှူရခက်တာလည်း သိပ်မဆိုးလျှင်တော့ အိမ်မှာထား၍ရသည်။ရေနွေးငွေ့ပါသော လေက သက်သာစေသည်။လုံသောအခန်းတွင် ကလေးနှင့်ဝေးဝေး ကလေးမထိနိုင်သောနေရာတွင် အငွေ့ပျံနေသော ရေနွေးထားနိုင်လျှင် အဆင်ပြေသည်။ ပြာလာလျှင်၊ရင်ဘတ်ချိုင့်ဝင်တာ များလာလျှင်၊နို့မစို့နိုင်လျှင်၊မှိန်းလျှင်၊ တက်သွားလျှင်၊ရောဂါမသေချာလျှင်တော့ ဆေးရုံတင်ကိုတင်ရမည်။

(၂) Epiglottitis သို့မဟုတ် ဇလုတ်ဖုံးတံခါး ရောင်ရမ်းခြင်း

ဒါက ရောဂါအပြင်းစားဖြစ်သည်။အသက် ၂နှစ် မှ ၆ နှစ်အတွင်း ဖြစ်တတ်သည်။ ဦးနှောက်အမြှေးရောင်နှင့် အဆုတ်အအေးမိရောဂါကာကွယ်ဆေး ထိုးထားသော ကလေးများတွင် မဖြစ်နိုင်။မမျိုချနိုင်၊နာနေမည်။ရေမပြောနှင့် တံတွေးပင်မျိုမချနိုင်သဖြင့် ပါးစပ်ဟ၍ သွားရည်ကျတွေ ကျနေမည်။မောနေမည်။ဂူးဂဲသံကြီး မြည်ချင်မြည်နေမည်။ ဒီရောဂါကို မသင်္ကာလျှင် ပါးစပ်ဟ၍ အတွင်းကို အတင်း မကြည့်ရ။တစ်ဝက်တစ်ပျက် ပိတ်ဆို့နေသော ဇလုတ်ဖုံးတံခါးက လုံးဝပိတ်ဆို့သွားပြီး  အသက်အန္တရာယ်ပေးတတ်သည်။ ဒီရောဂါမသင်္ကာလျှင် ဆေးရုံချက်ချင်းတင်ရမည်။ တတ်နိုင်လျှင်ခွဲစိတ်ဆရာဝန်ရော ကလေးဆရာဝန်ပါရှိသည့်နေရာကို တင်ရမည်။မေ့ဆေးဆရာဝန်နှင့် နား၊နှာခေါင်း၊လည်ချောင်း၊ဆရာဝန်ပါရှိလျှင် ပိုကောင်းသည်။

(၃) ပစ္စည်းတစ်ခုခုတစ်ဆို့ခြင်း

အသက်လေးနှစ်အောက်အရွယ်ရှိ ကလေးများကို ပါးစပ်ထဲထည့်လောက်အောင် ဆန်းသောပစ္စည်းများနှင့် ဘယ်သူမှ စောင့်မကြည့်ဘဲ ပေးမဆော့စေချင်တာ ဒါကြောင့်ပါ။ ပါးစပ်ထဲထည့်လိုက်သောပစ္စည်းက လည်ချောင်းထဲ ဝင်သွားလျှင် ရုတ်တရက် အသက်ရှူမရဘဲ ပြာနှမ်း၊ သတိလစ်၍ အသက်ပါသွားတတ်သည်။သို့မဟုတ် အသက်ရှူကျပ်ပြီး ဂူဂူဂဲဂဲ အသံကြီးနှင့် ကျန်ရစ်ခဲတတ်သည်။ဂူးဂူးဂဲဂဲ အသံကြီးနှင့် ကျန်ခဲ့သော ကလေးကိုတော့ ကလေးခွဲစိတ်ဆရာဝန် သို့မဟုတ် နား၊နှာခေါင်း  လည်ချောင်း ဆရာဝန်ရှိရာ ဆေးရုံးသို့ အမြန်ပို့သင့်ပါသည်။

(၄) ဇလုတ်ပျော့ခြင်း

အသက်ရှူသွင်းတိုင်း ဇလုတ်နံရံက ပျော့၍ အတွင်းဘက် ဝင်သွားသဖြင့် ကျဉ်းသွားပြီး အသံမြည်ခြင်းဖြစ်သည်။ အသက်တစ်လ၊နှစ်လတွင် စ၍ အသံပေါ်လာပြီး အသက်တစ်နှစ်၊တစ်နှစ်ခွဲလောက်တွင် အလိုလိုပြန်၍ ပျောက်ကွယ်သွားလေ့ရှိသည်။ အဖြစ်အများဆုံသော နာတာရှည် ဂူးဂဲသံဖြစ်သည်။ များသောအားဖြင့်သော အသံမြည်နေတာလွဲလျှင် ကလေးကအကောင်းပါဘဲ။အိပ်လျှင်နည်းနည်းလျော့နည်းသွားတတ်ပြီး ငိုလျှင်နည်းနည်း ပိုဆိုးတတ်သည်။ ပိတ်ကျပ်သော ကလေးများကိုတော့ နား၊နှာခေါင်း လည်ချောင်းအထူးကုဆရာဝန်နှင့် ပြပေးသင့်ပါသည်။ အခြားသော အကြောင်းရင်းများလည်း များစွာ ရှိသေးသည်။ဂူးဂဲသံကြီး မြည်နေပြီး ကလေးကကျပ်နေသည်ဆိုကတည်းက ဘာမှန်းမသိလျှင် သိနိုင်လောက်သည့် ကျွမ်းကျင်သူ ဆရာဝန်ရှိရာဌာန ပြေးတာ အကောင်းဆုံးပါပဲ။

ဒေါက်တာကောင်း

Credit : ဒေါက်တာရဲ (ကလေးအထူးကု ဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18