Print

ကလေးများဖြစ်တတ်သော ရင်ကျပ်ပန်းနာ

  24-Jan-2017
Preview Image

 

ရင်ကျပ်ပန်းနာကို လူကြီးများ ခံစားရသလို ကလေးများလည်း ခံစားရပေသည်။ ကလေးရောဂါသည်များသည်လည်း လူကြီးရောဂါသည်များနည်းတူ ရင်ကျပ်၍မောပန်းကြရပေသည်။ ၎င်းရင်ကျပ်ပန်းနာရောဂါသည် အများအားဖြင့် မျိုးရိုးလိုက်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် allergy ခေါ် ခန္ဓာကိုယ်နှင့် ဓာတ်မတည့်သည့် အကြောင်းများကြောင့်ဟု ဆိုကြသည်။ ထိုသို့ ခန္ဓာကိုယ်နှင့်ဓာတ်မတည့်သည့်အကြောင်းများမှာလည်း အမျိုးစုံလှပေသည်။ အစားအစာ၊ ရနံ့၊ ရာသီဥတု၊ အပူအအေး၊အမော အပန်းဒဏ်၊ စိတ်ပင်ပန်းမှု စသည့် အကြောင်းအရာတို့ ဖြစ်လေ့ရှိကြသည်။ တစ်ဦးနှင့်တစ်ဦး  ရင်ကျပ်ပန်းနာထစေသည့် အကြောင်းအရာချင်းလည်းတူချင်မှ တူကြပေမည်။ရနံ့ကြောင့်ဖြစ်သော ပန်းနာရင်ကျပ်သည်လည်း ပန်းရနံ့တစ်မျိုးကြောင့်လည်း ဟုတ်ချင်မှဟုတ်မည်။ 

 

ငရုတ်၊ ကြက်သွန်ကဲ့သို့သော အနံ့မျိုးမှ အစပြု၍ စာပုံနှိပ်တိုက်များတွင် သုံးသော မင်နံ့၊ စက္ကူနံ့တို့အထိ မတည့်သောသူများနှင့်ဆိုလျှင် ရင်ကျပ်ထလာနိုင်စေသည်။ အစားအစာများတွင်လည်း ပုစွန်၊ ငါးတို့မှ စ၍ အုန်းသီးနှင့် အချိုအမျိုးမျိုးတို့အထိ မတည့်သည့် ပစ္စည်း
အမျိုးမျိုး ရှိနေနိုင်ပြန်ပါသည်။ အချို့ကလေးများတွင်မူ ထိုသို့ မတည့်သည့်အကြောင်းအရာများမရှိဘဲ ဆော့ကစားလွန်သည့်အတွက် ကိုယ်ပင်ပန်းမှု ဖြစ်ရသောအခါ၌လည်းပန်းနာထလာကြသည်ကို တွေ့ကြရပြန်သည်။  တစ်ခါတစ်ရံတွင်မူ ကလေးဘဝအရွယ်တွင် ဖြစ်တတ်သော ပန်းနာရင်ကျပ်ရောဂါသည် တီဘီအဆုတ်ရောဂါ အကျိတ်များကြောင့်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ကလေးဘဝတွင် ပန်းနာရင်ကျပ်ဖြစ်ခဲ့လျှင် ပန်းနာမျိုးရိုး လည်းမရှိပါက တီဘီရောဂါရှိမရှိ ဦးစွာစစ်ဆေးသင့်လှပေသည်။ တီဘီအကျိတ်များ ရောင်၍ဖြစ်သော ရင်ကျပ်ဆိုခဲ့လျှင် ၎င်းအတွက် တီဘီဆေးများ စားခြင်းဖြင့် အကျိတ်များလျော့၍ ရင်ကျပ်လည်း သက်သာပျောက်ကင်းသွားဖွယ်ရာ ရှိပေလိမ့်မည်။

 

ရောဂါလက္ခဏာ အနေနှင့်မူ နှာစေး၊ ချောင်းဆိုးအနေမှ စ၍ အသက်ရှူကျပ်ပြီး နေမထိ ထိုင်မသာ အခြေအနေထိ ဆိုးရွားနိုင်ပါသည်။ ရင်ကျပ်ပန်းနာချောင်းသည် အခြားအဆုတ်အအေးမိ၍ ဆိုးသော ချောင်းများနှင့် မတူလှဘဲ ချောင်းဆိုးသံတွင် “ လိုဏ် ” သံပါနေတတ်သည်။ ထို့ထက် ပိုဆိုးလာလျှင် အသက်ရှူသွင်း၊ ရှူထုတ်ရာတွင် သံစုံသွင်းထားသကဲ့သို့ တရှီးရှီးတရှဲရှဲ အသံများ ဖြစ်ပေါ်နေသည်ကို ကြားနေရပေလိမ့်မည်။ တစ်ဆက်တည်းမှာပင် အသက်ကို ခက်ခက်ခဲခဲရှူနေရသည်ကိုလည်း တွေ့နေနိုင်ပေသည်။ အချို့ ရင်ကျပ်ပန်းနာသည်များသည် တစ်ရက်၊ နှစ်ရက် နှာစေးချောင်းဆိုးနှင့် စပြီး လေး၊ ငါးရက်မျှ ရင်ကျပ်နေလေ့ရှိသည်။ သက်သာသွားရင်လည်း နှစ်ပတ်၊ သုံးပတ်လောက်မှ ကောင်းနေနိုင်သည်။ သို့ရာတွင် အချိန်မှန်မှန် (ဥပမာ - တစ်လတစ်ခါ) ပြန်၍ ရင်ကျပ် တတ်သည်ကို တွေ့ကြရသည်။ အသက်အရွယ်ငယ်သောအခါ တစ်နှစ်မှ သုံးနှစ်အရွယ် တို့တွင် ထိုသို့မကြာခဏ ရင်ကျပ်တတ်ကြကြောင်း တွေ့ရှိရသည်။ အသက်ကြီးလာသည် နှင့်အမျှ သက်သာပျောက်ကင်းသွား သည်ကိုလည်း တွေ့ကြရသည်။

 

အချို့ကလေးတို့တွင် ထိုကဲ့သို့ နှာစေးချောင်းဆိုးနှင့် မစဘဲ လူကြီးများဖြစ်သည့် ရင်ကျပ်ပန်းနာကဲ့သို့ ညအခါ အိပ်စဉ်က အကောင်းဖြစ်ပြီး နံနက်လင်းအားကြီး သုံးနာရီ အချိန်လောက်တွင် ရုတ်တရက် အသက်ရှူကျပ်၍ အသံပါ မြည်လာကြောင်း တွေ့ကြရသည်။ တစ်နာရီ၊ နှစ်နာရီမျှ ကျပ်ပြီး ပြီးသွားကြသည်ရှိသလို တစ်ရက်၊ နှစ်ရက်မျှ ဆက်တိုက်ကျပ် သည်လည်း ရှိကြသည်။ ထို့နောက် လုံးဝပကတိ အကောင်းကဲ့သို့ပြန်၍ ပျောက်ကင်း သွားသည်ကို တွေ့ရပြန်သည်။  အိမ်တွင်းပြုစုရမည်ဆိုလျှင် ကျပ်သည့်အခါ သောက်ရမည့် ဆေးများကို ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း တိတိကျကျတိုက်၍ စောင့်ကြည့်နေရပါမည်။ လေကောင်း လေသန့်ဝင်သော အခန်းတွင်း၌ တော်သင့်ရုံ နွေးထွေးပြီး အိပ်နေပါစေ။ အာဟာရ လည်း မပြတ်၊ အရည်လည်းရအောင် ဖျော်ရည်၊ နို့အစရှိသည့် အဖျော်ယမကာများကို ခဏခဏသောက်အောင် ချော့၍ တိုက်သင့်ပါသည်။ ရင်မကျပ်ဘဲ နေသည့်ကြားကာလ များတွင်မူ အာဟာရ ဖြစ်စေသည့် အစာများကို စားစေ၍ သင့်လျော်သော ကိုယ်လက် လှုပ်ရှားမှု၊ အထူးသဖြင့် အသက်ရှူ ကောင်းစေမည့် အသက်ရှူနည်း လေ့ကျင်ခန်းများကို လေ့ကျင့်သင့်ပါသည်။ ရင်ကျပ်ပန်းနာရောဂါသည် ကြီးကြီးကျယ်ကျယ် မဟုတ်သဖြင့် မိဘများ အနေနဲ့ အစိုးရိမ်ပိုကာ ကလေးအနေကျုံ့အောင် ဟန့်တားမှုများကို လိုသည်ထက်ပို၍ မလုပ်မိစေရန် သတိပေးအပ်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး


Credit:
ဒေါက်တာခင်မျိုးဟန် (ကလေးအထူးကု ဆရာဝန်ကြီး)
သားသားမီးမီးတို့ ဖြစ်တတ်သောရောဂါများ -၂ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18