Print

(1). ဖွံ့ဖြိုးမှုချို့ယွင်းတဲ့ အော်တစ်ဇင် (Autism) ရောဂါ အကြောင်း တစေ့...

  30-Oct-2016
Preview Image

 

အော်တစ်ဇင် ရောဂါဝေဒနာရှင် လူငယ်တစ်ဦး ဧပြီလကို အမေရိကန်မှာတော့အမျိုးသားအော်တစ်ဇင်ရောဂါ သတိမူရေး လှုပ်ရှားမှုလ (National Autism Awareness Month) အဖြစ် လှုပ်ရှားမှုတွေ လုပ်ကြပါတယ်။ ဧပြီလ ၂ ရက်နေ့ကိုလည်းအမျိုးသားအော်တစ်ဇင် ရောဂါနေ့ (National Autism Awareness Day) လို့တောင် သတ်မှတ်ကြပါတယ်။ သူတို့ ဆီမှာတော့ အခုလိုဧပြီလဆိုရင် ဝါနီပြာရောင်စုံဂျစ်ဆောဒီဇိုင်းလေးတွေပါတဲ့ ဖဲပြားပုံ logo ကလေးတွေနဲ့ နိုင်ငံတဝှမ်းမှာအော်တစ်ဇင် သတိမူရေးဆိုင်ရာလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပြီလို့ သိရပါတယ်။

 

ကားတွေ၊ကြော်ငြာဘုတ်တွေမှာအောက်က logo လေးကပ်တာ၊ ရင်ထိုးအဖြစ် ရင်ဘတ်မှာထိုးတာ၊ အော်တစ်ဇင် အကြောင်း ကျယ်ကျယ်ပြန် ့ပြန် ့သိအောင် ဟောပြောကြတာ၊အော်တစ်ဇင် ဝေဒနာရှင်တွေနဲ ့ လူထုကိုထိတွေ့ စေတာ၊ သူတိုရဲ့ စွမ်းဆောင်ရည်တွေပြသတာ၊ အော်တစ်ဇင်ဆိုင်ရာပရဟိတအဖွဲ့တွေကိုလှူဒါန်းကြတာတွေ လုပ်ကြပါတယ်။အခုခေတ်မှာအော်တစ်ဇင်နဲ့ ပတ်သက်တဲ့ သတိမူရေးအသိပေးတာတွေ ကမ္ဘာတဝှမ်းမှာလုပ်လာနေကြတာအများကြီး ပါ။ မြန်မာနိုင်ငံမှာလည်းလုပ်နေကြပါတယ်။ တကယ်တော့ခေတ်သစ် ဆေးသပ္ပံပညာတွေ ကနေအော်တစ်ဇင် ဝေဒနာကို သိမြင် နားလည်လာကြလို့ပါပဲ။ အဲဒါကြောင့် အော်တစ်ဇင် ဆိုတာကိုအခြေခံလောက် သိထားကြရင် ကောင်းမယ် လို့ တွေးမိလာပါတယ်။

 

 

အော်တစ်ဇင် ( Autism) ဆိုတာဘာလဲ

---------------------------------------------

 

အော်တစ်ဇင် ဆိုတာကဖွံ့ဖြိုးမှု ချို့ယွင်းတဲ့ ရောဂါ တခုလို့သာအကျဉ်းရုံးပြောရမယ် ထင်ပါတယ်။ ဖြစ်တတ်တဲ့ ချို့ယွင်းချက် ဆိုင်ရာတွေကများပြားကျယ်ပြန့်တာမို့ Autism Spectrum Disorder (ASD) လို့လည်းခေါ်ကြပါတယ်။ အော်တစ်ဇင်က ဦးနှောက်ကိုထိခိုက်စေတာ ဖြစ်ပြီးလူတွေနဲ့ ပေါင်းသင်းဆက်ဆံရာ၊ တုံ့ပြန် လှုပ်ရှားရာမှာအခက်တွေ့စေတာပါပဲ။ (စကားပြောတာ၊ ကစားတာ၊ အာရုံစူးစိုက်တာနဲ့ တခြားလူမှုရေးဆိုင်ရာကိစ္စအားလုံးပေါ့)။ အော်တစ်ဇင်ထဲအကျံုးဝင်တဲ့ သူတွေမှာစကားပြောဖို့၊ ဘာသာစကားတွေ နားလည်ဖို့ အခက်အခဲတွေကိုငယ်ငယ် လေးကတည်းက ကြံုကြရတာလည်းပါပါတယ်။

 

ကစားခုန်စားနဲ့ ပတ်သက်တာတွေလည်းနားလည်မှု မရကြပါဘူး။ ဆယ်ကျော်သက် အရွယ် ရောက်ရင်လည်းအဝတ်အစား၊ အားကစားနဲ့ အာရုံစူးစိုက်မှု၊ ဘာသာစကားနားလည်မှု တွေမှာခက်ခဲပြီးဒုက္ခကြံုကြရပါတယ်။ တယောက်နဲ့ တယောက်ချို့ယွင်းချက် တွေတော့ မတူကြပါဘူး။ တချို့က အနည်းအကျဉ်းလောက် ဖြစ်ပြီးတချို့ ကျတော့လည်းဆိုးဆိုးရွားရွားပါပဲ။ တချို့ကျတော့လည်းထူးထူးဆန်းဆန်းဂီတ၊ ကွန်ပျူတာနဲ့ အနုပညာတွေမှာထက်မြက်ကြ ပြန်ပါတယ်။ တချို့ကျတော့လည်းစကားတောင် မပြောနိုင်၊ ဟန်ချက်တောင် မထိန်းနိုင် ဖြစ်ကြရပြန် ပါတယ် အော်တစ်ဇင် ၄၀% လောက်ကဉာဏ်ရည်မှာပုံမှန်၊ ဒါမှမဟုတ် ပုံမှန်ထက် ပိုကြပြီး ၆၀% လောက်ကတော့ အနည်းအကျဉ်းကနေဆိုးရွားတဲ့ အထိခံစားကြရပါတယ်။

 

အကြောင်းရင်းမတိကျဆေးပညာနဲ့ သုတေသနတွေ အများကြီးစူးစမ်းကြပေမယ့် တိကျတဲ့ အကြောင်းရင်းကိုတော့ မသိကြရသေးပါဘူး။ ဗီဇနဲ့ ပတ်ဝန်းကျင် ဆိုင်ရာအချက်အလက်တွေနဲ့ သက်ဆိုင်မယ် လို့သာမှန်းဆကြပါတယ်။ မိသားစုထဲမှာအော်တစ်ဇင် ရှိရင်ဖြစ်နိုင်ခြေများတယ်လို့ တွေ့ကြ ပေမယ့် တကယ်တမ်းမိဘကနေသားသမီးကိုမျိုးရိုးလိုက်တဲ့ အထောက်အထားလည်းမတွေ့ရဘူးလို့ ဆိုပါတယ်။သေချာတာကတော့အော်တစ်ဇင် ဆိုတာကူးစက်ရောဂါ မဟုတ်ဘူးဆိုတာပါပဲ။အော်တစ်ဇင် ဖြစ်နေသူကနေတခြားသူကိုကူးစက်ဖြစ်ပွားတာတော့ လုံးဝမရှိဘူးလို့ ဆိုပါတယ်။ ဗိုုင်းရပ်စ် ကြောင့်လား၊ ဓာတ် မတည့်တာတွေ ကြောင့်လား၊ကာကွယ်ဆေးတွေကြောင့်လားဆိုပြီးမျိုးစုံထင်မြင် စမ်းသပ်ကြပေမယ့် တခုမှ သေသေချာချာသက်သေပြလို့ မရခဲ့ပါဘူး။

 

ဘာကြောင့် ဒီလိုမရေရာတဲ့ အဖြေ ဖြစ်နေရသလဲဆိုတော့ ဦးနှောက်ကိုယ်တိုင်က ရှုပ်ထွေးတဲ့ ပစ္စည်း ဖြစ်နေလို့ပါ ဆိုပြီးအကြောင်းပြကြပါတယ်။ အခုတော့ ဗီဇအပေါ် အဓိကထားအဖြေရှာကြည့် နေကြတယ် လို့ ဆိုပါတယ်။အော်တစ်ဇင်ကိုဘယ်လိုသိမလဲအော်တစ်ဇင် ဖြစ်နေတာကိုသိရတာကတော့ အသက် ၁၈ လ ကနေ ၄ နှစ် အတွင်းမှာ ပါ။ ဘာသာစကားနားလည်မှုနဲ့ သင်ယူမှု အခက်အခဲတွေ ကနေသိကြရတာပါ။ ဆေးပညာဆိုင်ရာစမ်းသပ်ချက်တွေနဲ့ အဖြေရှာလို့ မရပါဘူး။ တခြားပြဿနာတွေ ဖြစ် မဖြစ် အတွက်သာစမ်းသပ်ကြရပါတယ်။ ဥပမာ-နားလေးလို့၊ မကြားလို့ နားမလည်နိုင် တာလားဆိုတာမျိုးစမ်းသပ်ရတာပါ။အော်တစ်ဇင် ဖြစ်နေတာကိုအတည်ပြုဖို့ကပညာရှင်တွေ အများကြီးလိုပါတယ်။ စိတ်ပညာရှင်၊ အာရုံကြောအထူးကု၊ စကားပြောသင်ကြားသူ၊ စိတ်ရောဂါကုဆရာဝန်နဲ့ ကလေးဖွံ့ဖြိုးမှု ဆိုင်ရာအထူးကုတွေရဲ ့ အကြံပြုချက်တွေ ရယူရပါ တယ်။ သူတို့နဲ့ ရွယ်တူတန်းတူကလေးသူငယ်တွေရဲ့ အပြုအမူတွေ၊ ဖွံ့ဖြိုးမှုတွေနဲ့ နှိုင်းယှဉ် ဆုံးဖြတ်ကြရတာပါ။

 

ဘယ်လိုအနေအထားတွေကအော်တစ်ဇင် ဖြစ်နေတယ်လို ့ ယူဆရမလဲ

----------------------------------------------------------------------------------

 

ဆယ်ကျော်သက် အရွယ်တွေမှာတော့ သင်ယူမှုနဲ့ ပေါင်းသင်းဆက်ဆံမှုပြဿနာတွေက အဓိကပါပဲ။ တချို့ကတော့ တခြားဆယ်ကျော်သက်တွေနဲ့ အတူတူလို့ ထင်ကြရပေမယ့် စိတ်ဝင်စားမှုနဲ့ သင်ယူမှု တွေမှာတော့ ခြားနားတာတွေ့ ရမှာပါ။ တချို့ ကျတော့လည်းတခုခုမှာထူးခြားထက်မြက် နေတတ်ပြန် ပါတယ်။ တချို့ အော်တစ်ဇင် ကလေးတွေ ကတော့ သူတို့ အပေါင်းအဖော်တွေနဲ့ ကျောင်းသွားတာမျိုးလုပ်နိုင်ကြပါတယ်။အတန်အသင့် ကနေဆိုးရွားတဲ့ အဆင့် ရှိတဲ့ ဝေဒနာရှင်တွေကတော့ ပုံမှန်အလုပ်တွေ မလုပ်နိုင်ကြပါဘူး။ စကားတောင် ပြောလို့ မရအောင် ဖြစ်ကြရပါတယ်။ အာရုံမစူးစိုက်နိုင်တာ၊ ရိုင်းပျသလိုအမူအယာတွေ လုပ်တာပါ တွေ့ရတတ် ပါတယ်။ တခုခုကိုထပ်ပြန်တလဲလဲလုပ်တာ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတခုခုကိုလှုပ်နေတာ၊ ကြားမိတဲ့ စကားတခွန်းကိုအပ်ကြောင်းထပ်ပြီးပြောနေတာတွေ တွေ့ရတတ်ပါတယ်။

 

တချို့ကျတော့လည်းအများနဲ့ ပြောဆိုဆက်ဆံအာရုံစိုက်ဖို့ အဆင် မပြေတာကြောင့် အထီးကျန်နေတတ်ကြ ပါတယ်။ စတာ၊ နောက်တာ၊ ဟာသပြောတာတွေ ကိုလည်းနားမလည်ကြ ပါဘူး။ စကားပြောသင်ကြားပေးလို့ လိုက်ပြီးသင်ယူရင်တောင်မှ အသံကနိမ့်မြင့်တက်ကျ မလုပ်တတ်ရှာကြပါဘူး။ သူတို့ လုပ်နေတဲ့ အပြုအမူတခုခုကိုသိနေရင်တောင်မှ ရပ်တန့်ဖို့ မထိန်းသိမ်းနိုင်ကြပါဘူး။ သူတို့ရဲ့ ခံစားချက်ကိုသူတိ့ုထုတ်ဖော် မပြတတ်တဲ့ အတွက် စိတ်လှုပ်ရှားခံစားမှု မရှိသလို ဖြစ်နေတတ် ပါတယ်။ အဲသလိုပဲသူများရဲ့ ခံစားတင်ပြ တာတွေ ကိုလည်းနားမလည်ကြ ပါဘူး။

 

ဆေးကု၍ မရပါ

-----------------

 

အမှန်အတိုင်းဆိုရရင်တော့ အော်တစ်ဇင်ကိုပျောက်ကင်းစေတဲ့ ကုထုံးမရှိပါဘူး။ ဘာသာစကားတွေ နားလည်ဖို့၊ ဘဝမှာအရေးကြီးတာတွေကိုနားလည်ဖို့၊ လူမှုရေးနဲ့ အပြုအမူတွေ ဖွံ့ဖြိုးဖို့၊ သူတို့ရဲ့ နေ့စဉ်ဘဝကိစ္စလေးတွေကို သူတိ့ုဖာသာဖြေရှင်းနိုင်ဖို့သာကူညီတဲ့ ကုထုံးတွေ လုပ်ရပါတယ်။ အသက် ၅ နှစ်အောက် အရွယ်တွေမှာစတင်ပြီးလေ့ကျင့် သင်ကြားပေးတာကအသင့်လျော်ဆုံးလို့ ဆိုပါတယ်။ စောနိုင်သမျှ စောစောလုပ်ပေးလေ ကောင်းလေပါပဲ။

 

အော်တစ်ဇင်ကိုကုသတဲ့အခါ-

• အမူအကျင့်ဆိုင်ရာကုထုံး (အပြုအမူတွေ ကျွမ်းကျင်အောင် သင်ယူစေတာပါ)။

• ပညာရေးကုထုံး (ကျောင်းသင်ဘာသာရပ်တွေနဲ့ ထိတွေ့စေတာပါ)။

• စကားပြောသင် ကုထုံး( စကားတွေ နားလည်အောင်၊ ပြောတတ်အောင် သင်ပေးတာပါ)။

• အလုပ်ပေးကုထုံး (ဟန်ချက် ထိန်းနိုင်အောင်၊ စာရေးနိုင်အောင် စသဖြင့် သင်ကြားစေတာပါ)။

• လူမှုဆိုင်ရာကုထုံး ( ဘယ်လိုကစားရမယ်၊ တခြားသူတွေနဲ့ ဘယ်လိုပြောရမယ် ဆိုတာသင်ပေးတာပါ)။

• ဆေးဝါး (အာရုံစူးစိုက်မှု၊ ဂဏှာမငြိမ်မှုနဲ့ အိပ်စက်ခြင်းဆိုင်ရာအခက်အခဲတွေ အတွက် ဆေးတွေ သုံးရတာပါ)။

• အစားအသောက်၊ ဂီတ၊ ပန်းချီစတာတွေနဲ့လည်းအသုံးပြု ကုသကြရပါတယ်။

တခြားသူတွေလိုကျောင်းတက်ဖို့ ဘယ်လိုမှ မစွမ်းတဲ့ ဆယ်ကျော်သက်တွေ အဖို့တော့ သီးသန့် ကျောင်းတွေ၊ သင်ကြားနည်းတွေ သုံးကြပါတယ်။

 

အော်တစ်ဇင် ကိုသတိမူမိဖို

------------------------------

 

ကလေးတယောက်ဟာအော်တစ်ဇင် ဖြစ်နေတယ် လို့ ယူဆရတဲ့ အပြုအမူတွေ့ခဲ့ရင် ပထမဦးဆုံးအချက်က မိဘအသိုင်းအဝိုင်းက နားလည်လက်ခံအောင် လုပ်ရတာပါ။ အထက်မှာ ဆိုခဲ့သလို ဖွံ့ဖြိုးမှု ဆိုင်ရာ အခက်အခဲတွေ ရှိလာရင် အော်တစ်ဇင်ကိုမမေ့ဖို့၊ စဉ်းစားဖို့ လိုပါပြီ။ အော်တစ်ဇင် ဆိုတာသေချာပြီဆိုရင်လည်းလုပ်စရာရှိတာတွေ ဆက်လုပ်ရမှာ ပါ။ လုံးလုံးလျားလျား ပျောက်ကင်းသက်သာသွားဖို့ဆိုတဲ့ မျှော်လင့်ချက် မထားဘဲ သူ့တကိုယ်ရည် တတ်နိုင်သမျှ စွမ်းဆောင် နိုင်အောင်၊ တခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံပြောဆိုရာမှာ အဆင်ပြေအောင် အဓိကဦးတည်ရမှာ ပါ။

 

အရေးအကြီးဆုံးက အဲဒီကလေးတွေ ဆယ်ကျော်သက်တွေ အတွက် မိမိဘာသာ အန္တရာယ်ဖြစ်တာတွေ မလုပ်မိစေဖို့၊ တပါးသူက အန္တရာယ်ပြုလာတဲ့ အခါ နားလည်တုံ့ပြန်နိုင်ဖို့ တွေကိုစိတ်ရှည် လက်ရှည် လေ့ကျင့်ပေးသင်ကြားပေးရမှာပါ။အော်တစ်ဇင်က့ မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ် ဆိုတာမပြောနိုင်သလို၊ဖြစ်ရင်လည်း ပျောက်ကင်းနိုင်တာ မဟုတ်လို့ ဘဝမှာ အမှီအခို နည်းနိုင်သမျှ နည်းအောင် ရပ်တည်နိုင်ရေးကိုသာ ရည်ရွယ်ချက်ပြီး ကူညီပေးကြရမှာပါ။ကာယကံရှင်ရဲ့ မိသားစုအသိုင်းအဝိုင်းရော၊ ပတ်ဝန်းကျင်ကမိတ်ဆွေသင်္ဂဟအနေနဲ့ရောအော်တစ်ဇင် ဝေဒနာရှင် တွေကိုပံ့ပိုးပေးရင်းသူတို့ဘဝမှာ အန္တရာယ်ကင်းအောင်၊ စွမ်းသမျှလေးနဲ့ ရှင်သန်နေထိုင် သွားနိုင်အောင် ဆောင်ရွက် ပေးသင့် ကြပါတယ်။

 

Ref:

ဒေါက်တာသက်ဦး

April 23, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18