Print

မွေးကင်းစကလေးတွင်အသားဝါခြင်း

  30-Oct-2016
Preview Image

ဘေဘီလေးတွေ မွေးကင်းစမှာ အသားဝါတတ်တယ် ဆိုတာ လူတိုင်းမသိတဲ့ အရာတစ်ခုလို့ ထင်ပါတယ်။ အဲ့လို အသားဝါတယ်ဆိုတာ လူ့ဘဝရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ လက်ခံနိုင်ဖို့ဟာ ပိုပြီးတောင် ခက်ခဲပါတယ်။ ဒါပေမယ့် တကယ်ကိုပဲ မွေးကင်းစ ကလေးတိုင်းနီးပါး အသားဝါကြတာဟာ ပုံမှန်ပါပဲ။ သဘာဝတရားရဲ့ ဖန်တီးမှုတစ်ခုပါပဲ။အရင်ခေတ်တုန်းက မဝါပါဘူး ။ အခုခေတ်မှ ဆန်းလာတာလို့ မထင်ပါနဲ့။ အရင်တုန်းက ၀ါမှန်း၊ မဝါမှန်း မသိခဲ့တာ ဖြစ်နိုင်ပါတယ်။ အခုအချိန်ထိ တချို့တွေလည်း ၀ါလို့ ၀ါနေမှန်း မသိဘဲ ပြီးသွားတာတွေ ရှိပါတယ်။အဲ့ဒီလို အသားဝါရခြင်း အကြောင်းကို သိပ္ပံနည်းကျ ဖြေရှင်းချက်တွေ အခိုင်အမာရှိပါတယ်။ ဆိုတော့ မိဘတွေ အနေနဲ့ သိထားရမှာက အသားဝါတိုင်းကြောက်ဖို့ မလိုပါဘူး။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ အသားဝါတာတွေ ရှိပါတယ်။ အဲ့ဒါတွေကို ဗဟုသုတရှိထားမှ တကယ်ရင်ဆိုင်ရတဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာ ဖြစ်ပါတယ်။ကလေးလေးတစ်ယောက် ၀ါတူးတူးလေး ဖြစ်နေတာ ဘယ်မိဘမှ စိတ်မချမ်းသာနိုင်ပါဘူး။ ဆရာဝန်က မစိုးရိမ်ရဘူး ပြောလည်း ရင်ထဲက အပူနဲ့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ မြန်မာပီပီ ဘေးက ၀ိုင်းပြီး စာဖတ်မယ့်သူတွေလည်း အများကြီးတွေ့ရပါဦးမယ်။ ကိုယ်ကိုယ်တိုင်ကမှ ထိုက်သင့်တဲ့ ဗဟုသုတ မရှိထားရင် ပတ်ဝန်းကျင် ပယောဂနဲ့ လုပ်မိလုပ်ရာ စွတ်လုပ်ရင် ကလေးကို တကယ်ချစ်ရာ မရောက်ဘဲ ဖြစ်ပါလိမ့်မယ်။အခုပို့စ်မှာတော့ မွေးကာစကလေးတွေ အသားဝါတဲ့ အကြောင်းကိုပြောဖြစ်အောင် ပြောတော့မယ်။ မွေးကာစ ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ကလေးအသားလေးတွေက စပြီးဝါလာတတ်ပါတယ်။ မဝါတဲ့ ကလေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ၀ါတာက အများစုလို့ ဆိုကြပါတယ်။ အသားဝါတယ်ဆိုတာ ကူးတတ်တာ မဟုတ်ပါဘူး။ ဘယ်ဆေးရုံမှာ မွေးရင်ဖြင့် အသားတွေဝါလို့ရယ်ဆိုပြီးရှောင်ကြတဲ့သူတွေ ရှိတာ ကြားဖူးလို့ပါ။မိဘတွေ အနေနဲ့က ဘာကို အကြမ်းဖျင်း သိထားဖို့လိုတာလဲ ဆိုရင် ကလေးအသားဝါတာနဲ့ ဟာ ၀ါပြီ၊ ၀ါပြီ ဆိုပြီး ပြူးတူးပြဲတဲ မဖြစ်ဖို့က အဓိကပါ။ ကလေးမှာ ဒီမိဘပဲ အားကိုးနေရတာ မိဘက ပြာနေပြီဆိုရင် ကလေးအတွက် ဆုံးဖြတ်ချက် ခက်ပါတယ်။ ဆရာဝန်ကလည်း မိဘကို ပြောရဆိုရ ခက်ပါတယ်။ မလိုအပ်ဘဲ ရှုပ်ထွေးတာတွေ ဖြစ်တာပေါ့နော်။ အမေက ငိုလိုက် အဖေက ဘာလုပ်လို့လုပ်ရမှန်း မသိလိုက်။အသားဝါတာ ကြောက်စရာ မကောင်းဘူးလားဆိုတော့ ကြောက်စရာကောင်းတာတွေ ရှိပါတယ်။ ကလေးရဲ့ ဦးနှောက်ကို ထိခိုက်တဲ့အထိ အသားဝါတာတွေ အသက်ဆုံးရှုံးတာအထိ ဖြစ်တဲ့ဟာတွေ ရှိပါတယ်။ အဲ့လို အစွန်း ၂ ဖက် ရှိနေတော့ မိဘတွေ အနေနဲ့ ပူတာလည်း မမှားလှဘူးပေါ့။ ဒါပေမယ့် ပူသင့်တဲ့အချိန်မှ ပူတာ ကောင်းပါတယ်။

ဥပမာ-ကလေးက ချက်မသန့်လို့ ပိုးဝင်ပြီး ၀ါတာ။ အင်မတန်ဆိုးပါတယ်။

အဲ့ဒါမျိုး မဖြစ်အောင်က အစောကြီးထဲက ကာကွယ်လို့ ရပါတယ်။ ချက်ဖြတ်ပြီးတဲ့ ကျန်တာလေးကို သန့်အောင်ထားဖို့ပါပဲ။ ဘာမှ မဝင်စေရပါဘူး။ ဆရာဝန်တွေက ကလေးချက်ကို ဘာမှ မကလိဘဲ ထားတာက အရက်ပြန် ဆွတ်တာထက်တောင်မှ ချက်မြန်မြန်ကြွေစေတယ်လို့ ပြောကြပါတယ်။ ကလေးလေး ထွက်လာပြီဆို အဲ့ဒီချက်ကိုလည်း ၀ိုင်းပြီး ကလိချင်လိုက်ကြတာဆိုတာ လူတွေများ ခက်ပါတယ်။နောက်ပြီး ကလေးမှာ သွေးနဲ့ ပတ်သက်တဲ့ ရောဂါရှိရင် အဖေအမေရဲ့ သွေးအုပ်စု မတူရင် စသဖြင့် ၀ါတတ်ပါသေးတယ်။ အဲ့ဒါကတော့ ဆရာဝန်ရဲ့ အပိုင်းမို့လို့ သူက ရှင်းပြပါလိမ့်မယ်။ ဘာဖြစ်လို့ အသားဝါလို့ ဘာလုပ်ရမယ် ဘာညာ ဘာညာ။ အခုပို့စ်က ရိုးရိုး ပုံမှန် ၀ါနေကျ အကြောင်းကိုပဲ ဦးတည်ပြီး ပြောချင်တာမို့လို့

ရောဂါတွေ အကြောင်း ရေးမနေတော့ပါဘူး။နောက် ထူးဆန်းတဲ့ အချက်တစ်ခု ပြောပါဦးမယ်။အဲ့ဒါကတော့

နို့တိုက်တဲ့ကလေးတွေမှာ ပိုပြီး အသားဝါတယ်ဆိုတာပါပဲ။ ဒါပေမယ့် ဒါဟာ မပြောဘဲထားထားလို့ လူတော်တော်များများ မသိကြဘူးလို့ ယူဆပါတယ်။နို့တိုက်တဲ့ ကလေးမှာ အသားဝါတာ ဖြစ်တတ်ပါတယ်။ နောက်တော့ပြန်ကောင်းသွားတတ်ပါတယ်။ တချို့က မိခင်နို့ကို ခဏ ဖြတ်ပေးရသလိို မဖြတ်ဘဲနဲ့ ပြန်ကောင်းတာလည်း ရှိပါတယ်။ (နို့မှုန့်တွေ ရောင်းကောင်းတာလည်း မပြောနဲ့)ပုံမှန်အသားဝါခြင်းဟာ ကလေးကို ပြင်ပ ရောဂါအချို့က ကာကွယ်ပေးတဲ့ စွမ်းအင်ရှိတယ်လို့ အခုနောက်ပိုင်းမှာ ယူဆလာကြပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေတော့ ရှာနေဆဲပါပဲ။မိဘတွေ အနေနဲ့ လုပ်ရမှာကတော့ ကလေးမွေးပြီးရင် ချက်ကို သန့်အောင်ထားဖို့ရယ်၊ ကလေး မှိန်းတာ နို့စို့နည်းတာဆိုရင် ဆရာဝန်ကို ချက်ချင်းပြောဖို့ရယ်၊ မစိုးရိမ်ရတဲ့ ပုံမှန်အသားဝါခြင်းမျိုးမှာ အပူတွေ မလွန်ကဲဖို့ရယ် အဓိကပါ။အသားဝါတဲ့ ကလေးတွေမှာ မီးချောင်းပြပြီး အဝါလျော့အောင် လုပ်ကြပါတယ်။ မီးချောင်းအလင်းတွေ မျက်စိထဲ မဝင်အောင် သတိထားရပါမယ်။ ကလေးကမီးအပူကြောင့် ရေဓာတ်ဆုံးရှုံးတတ်လို့ နို့ပိုတိုက်ရပါမယ်။ မွေးမွေးချင်းကစပြီး နို ့တိုက်ခဲ့ရင် ကလေးဝါတဲ့ အချိန်မှာ နို့ကောင်းကောင်းလိုက်နေပြီမို့ ကလေးအတွက် လုံလောက်ပါတယ်။ ကလေးစို့လေ နို့ထွက်လေမို့ မလောက်မင ဖြစ်မှာ ပူစရာ မလိုပါဘူး။ အမေက ရေ၊ အရည် များများ သောက်ပေးရင် ပိုကောင်းပါတယ်။အတိုချုပ် သဘောမျိုးရေးထားလို့ မပြည့်စုံတာတွေ ဖြည့်စွက်ပေးစေချင်ပါတယ်။ အတွေ့အကြံုများ ရှိခဲ့ရင်လည်း ဆွေးနွေးကြရအောင်ပါ။

 

Ref:

Ma Cyber Candle (Native Myanmar)

Public health in Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18