Print

ကလေးမိဘတိုင်း သိထားသင့်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ဟုတ်မဟုတ် စမ်းသပ်မ...

  30-Oct-2016
Preview Image

 

ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis) ဆိုတာ မိဘတွေအတွက်တော့ တကယ့်အိပ်မက်ဆိုးတစ်ခုပါပဲ။ ဦးနှောက်အမြှေးရောင်ရောဂါရဲ့လက္ခဏာတွေဟာ လူကြီးတွေမှာသာ သိသာထင်ရှားပေါ်လွင်ပေမယ့်ကလေးငယ်တွေမှာတော့ ရောဂါအစောပိုင်းမှာ ရိုးရိုး အအေးမိဖျားနာတာနဲ့ ဆင်တူနေတတ်တဲ့အတွက် အသိမဦးဘဲ ကုသမှု ခံယူဖို့ နောက်ကျ သွားတတ်ကြပါတယ်။

 

ဒါကြောင့် ဗြိတိန်နိုင်ငံမှာ ရှိတဲ့ ဦးနှောက်အမြှေးရောင် သုတေသနဖောင်ဒေးရှင်း (Meningitis Research Foundation, MRF) ရဲ့ သုတေသီများက ဦးနှောက်အမြှေးရောင်ခြင်း (Meningitis) နဲ့ ပိုးဝင်ခြင်း (Septicaemia) တို့လိုကလေး အသက်အန္တရာယ်ရှိတဲ့ ရောဂါများ ရှိနေခဲ့ရင် စဖြစ်ဖြစ်ချင်းတစ်နာရီအတွင်းမှာလွယ်ကူစွာစမ်းသပ်နိုင်ပြီး သိသာတိကျစွာအတည်ပြုနိုင်တဲ့ စမ်းသပ်စစ်ဆေးမှု (Test) တစ်နည်းကို ဖော်ထုတ် ပြသပေးခဲ့ပါတယ်။ ရိုးရှင်းစွာ ပြုလုပ်နိုင်တဲ့ ဒီစမ်းသပ်မှုဟာ ဖန်ဒလိမ့်တုံးစမ်းသပ်မှု (Tumbler Test) လို့ခေါ်ပါတယ်။ ကလေးငယ်တွေမှာ စဖြစ်ပြီး ချက်ချင်း အခြေအနေ ဆိုးရွားလာကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်တဲ့ ဦးနှောက်အမြှေးရောင် ရောဂါရဲ့ ပထမဆုံး ရောဂါလက္ခဏာတွေကို အရမ်းလျင်မြန် စောစီးစွာ သိရှိစေနိုင်လို့ အရမ်းတန်ဖိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။

 

ဖန်ဒလိမ့်တုံးစမ်းသပ်မှု

 

စမ်းသပ်ကြည့်သင့်သော အခြေအနေ- မိမိကလေးငယ် ဖျားနာနေလျှင်၊ ကိုယ်မှာ အနီစက်များ ထွက်လာပြီး နို့မစို့ခြင်း၊ မှိန်းနေခြင်း စသည့် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုခု ရှိလာတိုင်း စမ်းသပ်ကြည့်နိုင်ပါတယ်။

 

စမ်းသပ်နည်း

 

(၁) ပုံပါအတိုင်း ဖန်ခွက်တစ်ခွက်ကို ကလေးငယ်ရဲ့ လက်ဖျံပေါ်ရှိ အနီစက်များပေါ်မှာ လှိမ့်ပါ။

(၂) အနီစက်တွေဟာ ဖန်ခွက်နှင့် လှိမ့်၍ ဖိသွားသော်လည်း အရောင် လုံးဝ မပြောင်းလဲလျှင် (သို့) မှိန်သွားခြင်း မရှိလျှင် ဦးနှောက်အမြှေးရောင် (သို့) အန္တရာယ်ရှိသော ကူးစက်ရောဂါတစ်ခုခု ကလေးငယ်တွင် ရှိနေပြီ ဖြစ်လို့ ဆရာဝန်နှင့် အမြန်ဆုံး ပြသင့်ပါပြီ။

(၃) ဖိလိုက်လို့အနီစက်တွေက မှေးမှိန်သွားတယ်(သို့)အရောင်ပြောင်းသွား

တယ် ဆိုရင်တော့ ဦးနှောက်အမြှေးရောင်ရောဂါ မဟုတ်ရန် များတယ်လို့ ဆုံးဖြတ်နိုင်ပါတယ်။

(၄) ဒါကို သေချာအောင် တစ်နာရီ တစ်ခါလောက် လုပ်ပေးသင့်ပါတယ်။ တချို့ တွေ့ရခဲတဲ့ ရောဂါအခြေအနေတွေမှာ အနီစက်တွေက ပြောင်းလဲတတ်လို့ပါပဲ။

ဗြိတိန်နိုင်ငံ ကွင်းတက္ကသိုလ်က ပါမောက္ခ မိုက်ရှီးလ်က “ဒီစမ်းသပ်မှုဟာ အဓိက အားနည်းချက် အချို့ ရှိနေပေမယ့် လက်ရှိ ဆေးပညာမှာ သုံးနေတဲ့ စမ်းသပ်စစ်ဆေးမှုတွေကြားထဲမှာ ကျယ်ပြန့်တဲ့တိုးတက်မှုတစ်ခု အနေနဲ့ ဖြစ်တည်လာမှာဖြစ်ပါတယ်။ မိဘတွေဟာ လွယ်ကူလျှင်မြန်စွာပဲ ဒီစမ်းသပ်မှုကို အိမ်မှာ ပြုလုပ်နိုင်ကြပြီး ရှေးယခင်ကလို မသိနားမလည်ဘဲ ကလေးအသက်သေဆုံးရမှုတွေ လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။

 

အားနည်းချက်တွေအနေနဲ့ကတော့ တစ်ခါတစ်လေမှာ ဒီစမ်းသပ်မှု အဖြေ positive ဖြစ်တဲ့ အချိန်ဟာ နောက်ကျနေတတ်တာရယ်၊ ဦးနှောက်အမြှေးရောင် ဖြစ်တဲ့ ကလေးတစ်ရာမှာ တစ်ရာလုံး ဒီလက္ခဏာမရှိတာလည်း ဖြစ်နိုင်တာရယ်ကြောင့်ပါပဲ။ ဒါပေမယ့်လည်းလုံးဝမရှိတာထက်စာရင် ဒါဟာကလေးငယ်တွေရဲ့ အသက်ကို အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာ ကယ်တင်ပေးနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ သိပ္ပံနည်းကျစမ်းသပ်မှု တစ်ခုဆိုတာကတော့ သေချာပါတယ်” လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

 

အတိုကောက်မှတ်သားဖွယ်

 

ကလေးငယ်များတွင် ဦးနှောက် အမြှေးရောင်ရောဂါ၏ အစပျိုးလက္ခဏာများ

 

ယနေ့ခေတ် ဆေးလောကမှာတချို့ ကလေးငယ်တွေဟာနေမကောင်းလို့ ဆေးရုံတက် ကုသမှု ခံယူရာမှာ ဦးနှောက်အမြှေးရောင်ရောဂါမရှိဘဲနဲ့ ဦးနှောက်အမြှေးရောင်ရောဂါအဖြစ် လတ်တလော သတ်မှတ်ကာ ပဋိဇီဝဆေး အပြင်းစားတွေနဲ့ ကုသမှုတွေ အနည်းဆုံး ၂၄ နာရီကနေ ၄၈ နာရီလောက် ခံယူနေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကလေးငယ်တွေ အတွက် ဦးနှောက်အမြှေးရောင်ရောဂါပါလို့ အတည်ပြုပေးနိုင်တဲ့ လက်ရှိ အသုံးပြုနေတဲ့ စစ်ဆေးမှုတွေရဲ့ ရလဒ်တွေဟာ ဓာတ်ခွဲခန်းကနေ အနည်းဆုံး ၂၄ နာရီကြာမှသာ ရနိုင်တာမို့ပါ။

 

ဒီတော့ ဆရာဝန်တွေ အနေနဲ့ကလည်း အချိန်တိုအတွင်း ကလေး အသက်အန္တရာယ် ရှိရုံမျှမက ပျောက်ကင်းသွားခဲ့ရင်တောင် နားပင်းသွားခြင်းနဲ့ သွက်ချာပါဒရောဂါတွေ ကျန်ရစ်ခဲ့နိုင်တဲ့ ဦးနှောက်အမြှေးရောင် ရောဂါကြီးဖြစ်နေမှာ စိုးရိမ်ကြလွန်းလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကုသမှု အရင်ပေးထားတာ ဖြစ်ပါတယ်။ တချို့ကလေးတွေ ကျပြန်တော့လည်း စောစောကြိုပြီး ရောဂါမသိနိုင်ခဲ့လို့ ဒုက္ခရောက်ကြရပြန်ပါတယ်။ ဒီအခြေအနေ နှစ်ရပ်စလုံးကို Tumbler Test ကနေအတိုင်းအတာတစ်ခုအထိ ဖြေရှင်းသက်သာစေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

 

“ရောဂါပိုး ကူးစက်မှုရဲ့ အခြေအနေမှန်ကို အမြန် ခွဲခြားနိုင်မယ်ဆိုရင် ဆရာဝန်တွေဟာ ကလေးငယ်ရဲ့ အသက်ကို ကယ်တင်ဖို့လိုအပ်တဲ့ ကုသမှုတွေကို ချက်ချင်းစနိုင်မှာ ဖြစ်ပါတယ်။ ဒါဆို အထူးစိုးရိမ်စရာ မလိုတော့ဘူးပေါ့။TumblerTestဟာဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပါ” လို့ ပါမောက္ခရှီးလ်က ထပ်လောင်း ပြောကြားသွားပါတယ်။ ဦးနှောက်အမြှေးရောင် ရောဂါရှိမရှိ

စစ်ဆေးရာမှာ အရမ်းအသုံးဝင်လှတဲ့ ဘရူဇင်းစကီးစမ်းသပ်မှု (Brudzinski's Test) နဲ့ ကားနစ်စကီ(Kernigski's Test) လက္ခဏာ စမ်းသပ်မှု နှစ်ခု ဖြစ်ပါတယ်။

 

ဒါပေမယ့် ဒီစမ်းသပ်မှုဟာ ဆေးပညာရှင်တွေကပဲလုပ်လို့ အဆင်ပြေတာမို့ ကလေးမိဘတွေ အားလုံးအတွက် Tumbler Test လောက်မလွယ်ဘူးလို့ ဆိုနိုင်ပါတယ်။ယနေ့ ကမ္ဘာတစ်ဝန်းမှာ ကလေးသူငယ် ဦးနှောက်အမြှေးရောင် ရာဂါ ဖြစ်ပွားမှု နှုန်းများဟာ ဘယ်လောက်များနေသလဲ ဆိုရင် လူနေမှုအဆင့်နဲ့ဆေးပညာ ထိပ်တန်း ရောက်နေတဲ့ အင်္ဂလန်ကျွန်းနဲ့ ဝေးလ်စ်ကျွန်းတွေမှာတောင် ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ် ကြားမှာတင်ပဲ ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးယောင်ရောဂါ ဖြစ်ပွားသူ ကလေးငယ်z၁၁၀၀ ကျော် ရှိခဲ့တယ်လို့ စာရင်းဇယားများ အရ သိရပါတယ်။

 

ဒီရောဂါဟာ ၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်တွေအများဆုံး ပါ၀င်နေတာ တွေ့ရပါတယ်။အဖြစ်များပြီး ပြင်းထန်လှတဲ့ ရောဂါအမျိုးမျိုးကို ခဏအတွင်း လွယ်ကူစွာ ကြိုတင် သိရှိနိုင်စေတဲ့ စမ်းသပ်စစ်ဆေးမှုများစွာဟာ ထူးချွန်ထက်မြက်တဲ့ ဆေးပညာရှင်ပေါင်းများစွာရဲ့ အားထုတ်ကြိုးပမ်း တီထွင်ကြံဆမှုနဲ့အတူ ပေါ်ထွက်လာခဲ့ပြီး အသက်ပေါင်း မရေမတွက်နိုင်အောင် ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်ဖန်ဒလိမ့်တုံးစမ်းသပ်မှု (TumblerTest)ဟာလည်း အရမ်းအသုံးဝင်ပြီး နေ့စဉ်ဆေးကုသမှုနယ်ပယ်မှာ သုံးနေကျBedsideTest တစ်ခု ဖြစ်လာတော့မယ်ဆိုတဲ့အကြောင်း ကလေးမိဘများနှင့်ဆေးလောကလုပ်ဖော်ကိုင်ဖက်များသို့သတင်းကောင်းပါးအပ်ပါတယ်။

 

Ref:

Ko Zebyar

The inspiration of freedom

Sunday, November 7, 2010



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18