Print

ငှက်ဖျားရောဂါနှင့် ပတ်သက်သော အယူအဆ အမှားများ

  28-Feb-2017
Preview Image

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနှုန်း များလျက်ရှိသော ရောဂါဖြစ်သည်။ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အယူအဆ အမှားများစွာ တွေ့ရသည်။ ငှက်ဖျားရောဂါသည် စိမ့်စမ်းရေ သောက်၍ သို့မဟုတ် ချိုး၍ ဖြစ်သည် ဟူသော အယူအဆမှာ ယနေ့အချိန်အထိ လူတော်တော်များများ လက်ခံယုံကြည်ထားဆဲ ဖြစ်သည်။ ငှက်ဖျားရောဂါ ဖြစ်တတ်သော ဒေသသို့ သွားမည်ဆိုလျှင် အနေအထိုင်အစားအသောက် ဆင်ခြင်ပါ။ စိမ့်စမ်းရေ မသောက်ပါနှင့်၊ စိမ့်စမ်းရေ မချိုးပါနှင့်ဟု မှာတတ်ကြသည်။

 

တချို့ငှက်ဖျားဒေသမှ ပြန်လာကြပြီး ငှက်ဖျား စွဲကပ်လာသူ တချို့ကလည်း ‘ ငှက်ဖျား ဖြစ်လို့သာဖြစ်တာပါ ဆရာရယ် ရေဆိုလည်း ရေသန့်ဘူးပဲ သောက်ခဲ့တာ။ အဲဒီမှာနေတဲ့ တစ်ပတ်လုံး ရေ လုံးဝ မချိုးခဲ့ပါဘူး။ အဲဒီလောက် ဆင်ခြင်ပါရက်နဲ့ ငှက်ဖျားက ဖြစ်ရသေးတယ် ’ စသည်ဖြင့် ထုတ်ဖော်ပြောဆိုတတ်ကြသည်။ငှက်ဖျားရောဂါ မဖြစ်အောင် အရေးကြီး လုပ်ဆောင်ဖို့ လိုသည်ကိုမူ မလုပ်ခဲ့ကြပေ။ ငှက်ဖျားရောဂါမှာ ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော ခြင်ကိုက်၍ ဖြစ်သည်ဆိုခြင်းကို သတိ မမူခဲ့ကြပေ။ ငှက်ဖျားရောဂါ ကာကွယ်ရန် ခြင်ကိုက် မခံရအောင် နေထိုင်ဖို့ အဓိက ဖြစ်သည်ဆိုခြင်းကို ဗဟုသုတ ရှိထားကြဖို့ လိုသည်။

 

ငှက်ဖျားရောဂါ ကာကွယ်ရေးတွင် ခြင်နှိမ်နင်းရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ ခြင်ကိုက်မခံရအောင် နေထိုင်ဖို့ လိုသည်။ငှက်ဖျားရောဂါဖြစ်ခြင်းမှာ သီးနှံတချို့ စားသုံး၍ ဖြစ်သည်ဟူသော အယူအဆမျိုးလည်း ရှိသည်။ ဥပမာ- ငှက်ပျောသီး စား၍ ငှက်ဖျားဖြစ်သည်ဟု ယုံကြည်နေကြခြင်း ဖြစ်သည်။ ငှက်ဖျားရောဂါသည် အစားအစာမှ ကူးစက်နိုင်ခြင်း မရှိပါ။ ငှက်ပျောသီးမှသာ မဟုတ်၊ မည်သည့်အသီးအနှံ၊ မည်သည့်အစားအစာ စား၍မှလည်း ငှက်ဖျားဖြစ်မည် မဟုတ်ပါ။ တချို့ကျွမ်းကျင် ပညာရှင်များက ငှက်ပျောသီးတွင် ပါသော ဓာတ်တစ်မျိုးသည် ခန္ဓာကိုယ်တွင်းရှိပြီး ( ဝင်ရောက်ပြီး ) ငှက်ဖျားပိုးကို ပြန်လည်နိုးထစေနိုင်ကြောင်း ထုတ်ဖော်တင်ပြခဲ့ဖူးပါသည်။

 

ငှက်ဖျားရောဂါပိုး၏ ဘဝဖြစ်စဉ်တွင် ခြင်သည် အရေးကြီးသော ကဏ္ဍ၌ ပါဝင်သည်။ အဓိက ငှက်ဖျားပိုး သယ်ဆောင်သောခြင်မှာ အနိုဖီးလီး Anopheles ခြင်အမျိုးအစား ဖြစ်သည်။ စိမ့်စမ်းရေများတွင် ပေါက်ဖွားလေ့ ရှိသည်။ လူနေထိုင်ရာဒေသတွင် ခြင်များ မပေါက်ဖွားစေရန် ပတ်ဝန်းကျင် သန့်ရှင်းဖို့ လိုအပ်သည်။ ခြင်များ ခိုအောင်းနေထိုင်မည့် နေရာများ မရှိအောင် နေအိမ် ပတ်ဝန်းကျင် ရှင်းလင်းထားရပါမည်။ ချောင်း၊ မြောင်းများ၊ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ရန် လိုအပ်သည်။ နေအိမ်များ အလင်းရောင် လုံလောက်စွာ ရစေပြီး လေဝင်လေထွက် ကောင်းအောင်လည်း အရေးကြီးပါသည်။ ခြင်ဆေးဖျန်းခြင်းဖြင့်လည်း ခြင် မပေါက်ဖွားအောင် ကာကွယ်နိုင်ပါသည်။ 

 

ခြင်အကိုက် မခံရစေရန် ခန္ဓာကိုယ်အား လုံခြုံအောင် ဝတ်စားဆင်ယင်ရန် ဖြစ်၏။ ခြင် မကိုက်ရန် ကာကွယ်သည့် လိမ်းဆေးများ လိမ်းနိုင်သည်။ အဓိက အရေးကြီးသည်မှာ ခြင်ထောင်ဖြင့် အိပ်စက်ရန် ဖြစ်သည်။ ယနေ့အချိန်တွင် ဆေးစိမ်ထားသော ခြင်ထောင်များလည်း ရှိနေပြီဖြစ်ရာ ရိုးရိုးခြင်ထောင်ထက်ပင် ပို၍ကောင်းမွန်နေပါသည်။

• ငှက်ဖျားရောဂါသည် စိမ်စမ်းရေ သောက်၍လည်းကောင်း၊ ချိုး၍လည်းကောင်း မဖြစ်နိုင်ပါ။
• ငှက်ဖျားရောဂါသည် အစားအသောက်မှ တစ်ဆင့် ကူးစက်တတ်ခြင်း လုံးဝ မရှိပါ။
• ရောဂါပိုးရှိသောကြောင့် အကိုက်ခံရ၍ ဖြစ်သောရောဂါ ဖြစ်သည်။ 
( ရောဂါပိုးရှိသော သွေးသွင်းခံရခြင်းကြောင့်လည်း ကူးစက်နိုင်ပါသည်။ )

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာအေးကျော် ( ဇီဝကမ္မဗေဒ )
( ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများ နှင့် သိမှတ်ဖွယ်ရာများ ) စာအုပ်မှ ကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18