Print

မွေးကင်းစ ကလေး ရေချိုးနည်း

  27-Dec-2021
Preview Image

သမီးလေး မမွေးခင် မေမေက ရေချိုူးပုံရေချိုးနည်းသင်တန်းကို မြို့နယ်က အခမဲ့ လုပ်ပေးတဲ့နေရာမှာ တတ်ခဲ့သလို ဆေးရုံပေါ်မှာလည်း ကလေးရေချိုးပုံ ထပ်ပြပေးပါတယ်။ကလေးတယောက် ရေချိုးပေးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ရေချိုးဇလုံတခု၊ ရေချိုးဆပ်ပြာရည်၊ လက်ကိုင်တာဝါအသေးလေးရယ် ကလေးနားကြပ်တောင်လေးတွေပါပဲ။ ရေအပူချိန်တိုင်းမဲ့ ကိရိယာလေးလည်း ဆောင်ချင်ရင်ဆောင်ပေါ့နော်။ ကလေးသုတ်ဖို့ မျက်နှာသုတ်ပုဝါအကြီးတစ်ထည်ဆောင်ပါ။ လေးထောင့်စပ်စပ် ဖြစ်လျှင်ပိုကောင်းပါသည်။ ကလေးတယောက် ရေမချိုးခင် ကြိုတင်ပြင်ဆင်ရမှာက ရေချိုးဇလုံထဲကို ရေဖြည့်ပါ။ နွေမှာဆို ၃၇ ဒီဂရီစင်တီထားပီး ဆောင်းမှာဆို ၄၀ ဒီဂရီထားပေးပါ။ရေဖြည့်ထားပီးချိန်မှာ အရင်ဦးဆုံး စားပွဲသို့ ကုတင်ပေါ်မှာ ကလေးအနှီးဒိုင်ဗာကို ဖြန့်ပါ။

အပေါ်က ကလေးဝတ်ဖို့ အကျီ အတွင်းခံနဲ့ အပေါ်အကျီကို ကလေးချပီးဝတ်လို့ရအောင် တခါတည်းပြင်ပေးပါ။ အဲဒီအပေါ်ကမှ ကလေး မျက်နှာသုတ်ပုဝါကို တင်ပါ။ကလေးကိုအရင်နို့တိုက်ပီးမှရေချိုးတာ ပို၍ကောင်းပါသည်။ဘာလို့ဆို ရေချိုးပီး မကြာခင် ကလေး ချက်ချင်းအိပ်တတ်လို့ဖြစ်ပါသည်။ ဗိုက်ဝတော့ ပို၍ အိပ်သည်ကိုး။ အပူချိန်တိုင်းပါ။ ကဲ ရေချိုးဖို့ အဆင်သင့်ဖြစ်ပါပီ။ သင်တန်းတုန်းကတော့ ၃ကီလို ဂရမ် ရှိတဲ့ အရုပ်နဲ့ လက်တွေ့ လုပ်ခဲ့ရပါတယ်။ အရုပ်က မလှုပ်ဘူး ကလေးကတော့ လှုပ်တာပေါ့နော်။ သတိထားပါ။ အထူးသဖြင့် ကလေးဇက်မလည်ဖို့ပါ။ ကလေးရေချိုးနေချိန်မှာ ဧည့်သည်တို့ ဖုန်းတို့ ဘာပဲလာလာ ကလေးကို ထားပီးဘာမှ မလုပ်ပါနှင့်။ ကလေးက အရေးအကြီးဆုံးပါ။ကလေးကို အထက်ကပြထားတဲ့ အဝတ်ပုံပေါ်မှာ ထားပီး ကလေးအဝတ်များကို စတင်ချွတ်ပါမည်။

ပီးလျှင် မျက်နှာသစ်သုတ်ပုဝါ အသေးစားကို ရေလေးဆွတ်ပီး မျက်နှာသစ်ပါမည်။ နဖူး ပါး၂ဖက်နှင့် နှာခေါင်းတဝိုက်ကို ပွတ်ပေးပါ။ ပီးလျှင် နား၂ဖက်။ ပီးလျှင်လက်ညှိုးထဲ မျက်နှာသုတ်ဝတ်ကို ထည့်ကာ မျက်စိ ၂ဖက်ကို ခပ်ဖွဖွ ပွတ်ပေးပါ။အထက်ပါ အဆင့်ပီးလျှင် မျက်နှာသုတ်ပုဝါကို ရေပြန်ဆွတ်ပီး ညှစ်ပီးလျှင်ကလေးရင်ဖတ်ပေါ် တင်ပေးပါ။ သို့မှသာ ကလေးကို ရေထဲချလျှင် ရေမလန့်မှာ ဖြစ်ပါသည်။ ဒါဆိုလျှင်ရေထဲ ထည့်ပါတော့မည်။ရေထဲ ထည့်လျှင် ခြေထောက်လေးကနေမှာ ရေထဲကို တဖြည်းဖြည်း ညင်ညင်သာသာ ချပေးပါ။ ချသည့်အခါ ဇက်အောက်ကနေ မိမိလက်တဖက်ကို ပင့်ထိန်းပီးကိုင်ပေးပါ။ ကျန်သော လက်တဖက်က ကလေးရဲ့တံတောင်ဆစ်ကြား၊ ဂျိုင်းကြား၊ ဖင်ကြား၊ ဒူးခေါင်းကြားများကို ရှင်းလင်းပေးပါ။

လည်ပင်းအောက်ကို လက်ညှိုးလေးဖြင့် ဂျီးရှင်းပေးပါ။ ဆပ်ပြာကိုင်လျှင် ကိုင်ပီး အထက်ပါနေရာများကို လုပ်ပေးပါ။ (ကိုယ်ကတော့ ခေါင်းပါလျေျာ်လို့ရသည့် ကလေးဆပ်ပြာရည်ကို သုံးပါသည်။ ကိုယ်သုံးသည့် ဆပ်ပြာရည်က တခါတည်းရေချိုးဇလုံထဲထည့်ရပါသည်။)ပီးလျှင် ခေါင်းလျှော်ပါသည်။ ယောင်္ကျားလေးများ ရေချိုးပေးလျှင် ရွှေပန်းကိုသေချာဆေးပေးရသလို မိန်းကလေးများကို ဖင်သေချာဆေးပေးပါ။ ဒီမှာကတော့ ဝမ်းသွားထားလျှင် ကလေးအဆီလေးဖြင့် ရေချိုးချိန်မှာ ဆေးပေးလျှင် ပိုကောင်းပါသည်တဲ့။(နောက်တချက် မိန်းကလေးများ ဝမ်းသွားပီး သုတ်သင်သည့်အခါ စအိုအောက်မှ အထက်မသုတ်မိရန်သတိထားပါ။ အပေါ်မှအောက်သာ သုတ်ပေးပါ။ မိန်းမကိုယ်ထဲ ပိုးမဝင်စေရန်ဖြစ်ပါသည်။) ရေချိုးသည့် အပေါ်ပိုင်းကိစ္စ ပီးလျှင် ကျောဖက်ကို လှန်ပါမည်။

လှန်သည့်အခါ ကလေးဇက်ကို သတိထားပါ။ သို့အတွက်ကြောင့် ကလေးကို လှန်ရာမှ လက်၂ဖက်ဖြင့် ထိန်းပီး မှောက်ပါမည်။ အမှန်က လက်တဖက်က ခေါင်းကို ထိန်းပီး ကျန်တဖက်ရဲ့ လက်မကို ပေါင်ကြား အရှေ့ ဖက်မှာထားပီး ကျန်၄ချောင်းကို ကျောဖက်မှာ ဆုပ်ကိုင်ပီးမှောက်ပါလေ။ ကလေးလည်မထွက်ပါ။ ကျောကို ရေပွတ် လည်ပင်း ပေါင်ကြားရေပွတ်ပီးလျှင် ရေချိုးခြင်း ပီးပါပီ။ရေချိုးနေချိန်မှာ ကလေးကို စကားပြောပေးပါ။ ဥပမာ သမီးလေးရေ.. ရေချိုးတော့မယ်.. ရေချိုးရတာ ကောင်းတယ်နော်..ပျော်လားသမီးရေ..နဲနဲလေး ကြီးလာရင် ရေဆော့တတ်လာပီ ဆိုရင်..ဟယ်..သိပ်တော်တဲ့သမီးလေး... ရေဆော့တတ်နေပီ..အစရှိသဖြင့် ကလေးတွေကို စကားပြောပီး ရေချိုးပေးပါ။ ဉာဏ်ရည်ဖွံ့ဖြိုးစေပါသည်။

ကလေးကို ရေထဲက စစ်ပီးထုတ်လာလျှင် အထက်ကကြိုတင်ပြင်ဆင်ထားသည့် မျက်နှာသုတ်ပုဝါ ပေါ်မှာတင်ပီး တခါတည်းမျက်နှာပဲဖော်ကာ ပတ်ပီး ခေါင်းကို အရင်သုတ်ပါ။ ပီးတာနဲ့ကိုယ်ကိုသုတ်ပါ။ ကလေးရေခြောက်ပီဆိုတာနဲ့ ကလေးအနှီးဝတ်ပတ်ပါ။ (ကိုယ်ကတော့ ပေါင်ကြားကို ပေါင်ဒါအနဲငယ်သုံးပါသည်။ ဆရာဝန်တွေ မသုံးခိုင်းပါ။) ပီးလျှင် ရာသီဥတုကြောင့် ကိုယ်တို့ကတော့ ကလေး အသားမပတ်စေရန် လိုရှင်းလူးပေးပါသည်။ အားလုံးကို လုပ်ပေးနေရင်း စကားတွေလည်းပြောပေးပါသည်။ ပီးလျှင် အသင့်ပြင်ထားသော ကလေးအကျီကို ဝတ်ပါသည်။ ကလေးနားများလည်း သန့်ရှင်းရေးလုပ်နိုင်ပါသည်။ မွေးကင်းစဖြစ်သည့်အတွက် ချက်ကိုလည်း အရက်ပြန်လေးဖြင့် ပွတ်ပေးပါ။ ကလေးသည် မကြာမီ မျက်စိစင်းပီး အိပ်ချင်လာပါမည်။ အချိန်မှန်ရေချိုးပေးခြင်းသည်ကောင်းပါသည်။ဤတွင် ကလေးရေချိုးခြင်းပီးပါပီ။


မှတ်ချက်။ ကလေးရေမချိုးခင် ကိုယ်အပူချိန်တိုင်းသင့်ပါသည်။

Lucky Baby Myanmar


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT / ATOM မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18