Print

မီးဖွင့်အိပ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား?

  08-Jan-2022
Preview Image

မီးဖွင့်အိပ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား?

 

 “ အိပ်ရာဝင်မယ် မီးမှိတ်ကြ” ဆိုတဲ့ အသံကို ကလေးဘဝကတည်းက ကြားဖူးကြပါမယ်။ အိပ်ရာဝင်ချိန်မှာ မီးပိတ်ကြတာ ထုံးစံတစ်ခုဖြစ်ပါတယ်။ ဒီမှာ စဉ်းစားစရာရှိတာက အိပ်နေစဉ်မှာ မီးဖွင့်ထားခြင်း ပိတ်ထားခြင်း ဟာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်သလားဆိုတာပဲ  ဖြစ်ပါတယ်။

မီးအလင်းရောင်ဆိုရာမှာ မျက်နှာကျက်မီးနှင့် မီးအိမ်များသာမက မိမိဆီသို့အလင်းရောင်ရောက်နိုင်သော လမ်းဘေးမီး၊ တီဗွီအလင်းရောင်၊ လျှပ်စစ်ပစ္စည်းများ ဖုန်းများ ကွန်ပျူတာများမှ အလင်းရောင် တို့လည်း ပါဝင်ပါတယ်။

အိပ်နေစဉ် မီးဖွင့်ထားခြင်းဖြင့် (မီးအလင်းရောင်ရှိနေခြင်းဖြင့်) နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်မှုကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဦးနှောက်က မယ်လတိုနင်( Melatonin) ဟော်မုန်း အထုတ်နည်းသွားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူရခြင်းမရှိလျှင် များပြားသော ကျန်းမာရေးပြဿနာ ကွင်းစက်များ ဖြစ်လာနိုင်ပါတယ်။

မီးဖွင့်အိပ်ခြင်းဟာ စိတ်ကျရောဂါဖြစ်နိုင်ချေများခြင်းနှင့် ဆက်စပ်မှုရှိပါတယ်။ အထူးသဖြင့် ဖုန်း၊ တီဗွီ၊ ကွန်ပျူတာများမှထွက်သော အပြာရောင် အလင်းရောင် (Blue light)သည် ပိုမိုဆိုးရွားစွာ ထိခိုက်စေပါတယ်။ စိတ်ကျရောဂါဖြစ်တဲ့အခါမှာ အိပ်မပျော်ခြင်း၊ အိပ်မရခြင်းစသဖြင့် အပြန်အလှန် ဖြစ်လာစေနိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါမှာ စိတ်ခံစားလွယ်ခြင်း၊ ကဏာမငြိမ်ခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးနည်းတဲ့ကလေးတွေမှာ ပိုပြီး တက်ကြွနေသလို တွေ့ရတတ်ပါတယ်။

လေ့လာမှုတွေအရ မီးဖွင့်အိပ်ခြင်း၊ တီဗွီကြည့်ရင်းအိပ်ခြင်း အလေ့ရှိသော အမျိုးသမီးများတွင် အဝလွန်ရောဂါဖြစ်ပွားနိုင်ချေများကြောင်းတွေ့ရပါတယ်။ ညပိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သူတွေဟာ နောက်ရက်မှာ အစားကို ပိုစားတာလည်း တွေ့ရပါတယ်။ ဒါနဲ့ ကိုယ်အလေးချိန်တက်လာကြတာဖြစ်ပါတယ်။

မီးဖွင့်အိပ်ခြင်းဖြင့် နာတာရှည်ရောဂါများဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချိုရောဂါ တို့ ဖြစ်နိုင်ချေများပါတယ်။

အမှောင်ကြောက်တဲ့ကလေးတွေမှာတော့ မီးဖွင့်ပြီး အိပ်စေမှသာ ရပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းချင်း လေ့ကျင့်ပြီး မီးမှိတ်၍အိပ်စေသင့်ပါတယ်။

အိပ်စက်အနားယူခြင်းဟာ ဦးနှောက်နှင့် ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးပါတယ်၊ ကြွက်သားများကိုလည်း အနားရစေပါတယ်၊ သာမန်ဖျားနာမှုလေးများကို တိုက်ထုတ်ပေးပြီး နာတာရှည်ရောဂါများကို ကာကွယ်ပေးပါတယ်၊ စိတ်ကိုကြည်လင်စေပြီး ကလေးတွေမှာဆိုရင် ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့ရန် အထောက်အကူပေးပါတယ်။

          မီးမဖွင့်ဘဲ ဘယ်လိုမှ မအိပ်တတ်တဲ့ကလေး၊ လူကြီးများအတွက်တော့ အနီရောင် မှိန်ပြပြမီးရောင်လေးများဖွင့်ပေးနိုင်ပါတယ်။ အပြာရောင်ဖွင့်အိပ်တာထက်တော့ သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက မီးရောင်ဟာ မှိန်ပြပြသာ ဖြစ်ရပါမယ်။ အိပ်ရာမဝင်ခင်အချိန်တည်းက အလင်းရောင်အားကို လျှော့ထားရပါမယ်။ အိပ်ရာကို အချိန်မှန်ဝင်ရပါမယ်။ အချိန်မှန်အိပ်ရာထရပါမယ်။ အိပ်ခန်းအတွင်းမှာ တခြားအလင်းရောင်ရှိပစ္စည်းများ မထားရပါ။ နေ့လည်ဘက်အိပ်ခြင်းရှောင်ရပါမယ်။ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ညဦးပိုင်းတွင် အရက် ကော်ဖီ သောက်ခြင်း၊ ထမင်းများများစားခြင်းရှောင်ရပါမယ်။ လျှပ်စစ်ပစ္စည်းများ မဖြစ်မနေ အသုံးပြုရမယ်ဆိုရင် အပြာရောင်အလင်းကို ထိတွေ့မှုမှကာထားပေးနိုင်တဲ့ မျက်မှန်အသုံးပြုပြီး မယ်လတိုနင် ထုတ်လုပ်မှု မလျော့နည်းသွားအောင် ကာကွယ်ရပါမယ်။ ဒါမှသာ နှစ်ခြိုက်စွာအိပ်စက်အနားယူခြင်းကို ကောင်းကောင်းခံစားရနိုင်ပါမယ်။

ဒီလိုကြိုးစားအိပ်သော်လည်း အိပ်ရေးဝတယ်လို့ မခံစားရတဲ့အခါ၊ အိပ်စက်အနားယူခြင်းပြဿနာများဖြစ်တဲ့ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း၊ ညဖက်အိပ်မပျော်ခြင်း တို့ရှိတဲ့အခါမှာဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

 

Reference- Healthline

Dr.Lwin Moe Kyaw



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18