Print

မျက်ဝန်း မှတဆင့်သိမြင်နိုင်သော ကျန်းမာရေး

  01-Mar-2017
Preview Image

၁။ မျက်လုံးဖောင်းအစ်ခြင်း

ဆက်စပ်နိုင်သောရောဂါ - သိုင်းရွိုက်ဟော်မုန်း မညီမျှခြင်း

တချို့တွေက မျိုးရိုးလိုက်ပြီး မျက်လုံးဖောင်းနေတတ်ကြပါတယ်။ ဒါပေမယ့် သိသိသာသာ မျက်လုံးဖောင်းအစ်နေရင်တော့သိုင်းရွိုက်ဂလင်းရောဂါနှင့် ဆက်စပ်နေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ သိုင်းရွိုက်ဟော်မုန်း မညီမျှတာက မျက်လုံးနားတစ်ဝိုက်မှာရှိတဲ့ တစ်သျှူးတွေကို ဖောင်းအစ်စေပါတယ်။ မျက်ခွံဖောင်းအစ်နေတာက မျက်လုံးဖောင်းအစ်နေသလိုမျိုး ဖြစ်နေစေပါတယ်။ 

 

၂။ မျက်ခွံ လေးတွဲကျခြင်း 

ဆက်စပ်နိုင်သော ရောဂါ - အသက်အရွယ် ကြီးရင့်လာခြင်း

အသက်အရွယ် ကြီးရင့်လာတာကြောင့် မျက်ခွံ လေးတွဲကျလာတာ ဖြစ်နိုင်ပါတယ်။ ဦးနှောက်မှာ အဖုအကျိတ်ဖြစ်တာ၊ အလိုအလျောက် ခုခံအားစနစ်ကြောင့် ကြွက်သားတွေ အားနည်းတဲ့ရောဂါ တွေကြောင့်လည်း မျက်ခွံလေးတွဲကျလာတာ ဖြစ်နိုင်ပေမယ့် တွေ့ရခဲ့ပါတယ်။ 

 

၃။ မျက်လုံးသူငယ်အိမ် မူမမှန်ခြင်း

ဆက်စပ်နိုင်သောရောဂါ - ဦးနှောက်နှင့် အာရုံကြောရောဂါများ

အများအားဖြင့် ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ မျက်လုံး သူငယ်အိမ်နှစ်ဖက်က အချိုးညီညီ ရှိနေတတ်ပါတယ်။ အရွယ်အစား ညီမျှပြီး အလင်းရောင်အပေါ် တုံ့ပြန်မှုကိုလည်း ညီတူညီမျှ လုပ်ဆောင်ပါတယ်။ တကယ်လို့ မျက်လုံး သူငယ်အိမ်တစ်ဖက်က တခြားတစ်ဖက်ထက် ကြီးလာတာ၊ ဒါမှမဟုတ် တခြားတစ်ဖက်ထက် သေးငယ်သွားတာ၊ ရှုံ့သွားပါက ကျန်းမာရေးနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ လေဖြတ်တာ၊ ဦးနှောက်နှင့် အမြင်အာရုံကြောမှာ အဖုအကျိတ်ဖြစ်တာ၊ ဦးနှောက်သွေးကြောဖောင်းနေတာ၊ ကာလသားရောဂါနဲ့ ကြွက်သားမျှင်များ မာလာတာ၊ ထူလာတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ 

 

၄။ မျက်လုံးနီရဲခြင်း

ဆက်စပ်နိုင်သောရောဂါ - သွေးတိုးခြင်း

မျက်လုံးရဲ့ အပြင်ဘက်ဆုံး အလွှာဖြစ်တဲ့ မျက်ကြည်လွှာကို အာဟာရ ထောက်ပ့ံပေးနေတဲ့ သွေးကြောတွေ များစွာရှိပါတယ်။ အဲဒီသွေးကြောလေးတွေ ပေါက်တဲ့အခါ မျက်လုံးရဲ့အဖြူသားဟာ အနီရောင် ဖြစ်လာပါတယ်။ အများအားဖြင့် စိုးရိမ်ရတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ မျက်လုံးနီရဲတာဟာ သွေးပေါင်တက်တာနဲ့ သွေးခဲရာမှာ အဟန့်အတား ဖြစ်စေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

 

၅။ မျက်လုံးအရောင် ပြောင်းလဲခြင်း

ဆက်စပ်နိုင်သောရောဂါ - အမှုန်ဝင်ခြင်း ၊ သွေးတိုးရောဂါ၊ ရေတိမ်ဖြစ်ခြင်း

သင့်မျက်လုံးအရောင်ပြောငး်တာက မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အဲလိုမဟုတ်ဘဲ မျက်လုံးအရောင် ပြောင်းသွားတယ်ဆိုရင် မျက်လုံးထဲက သွေးကြောလေး တွေကနေ သွေးထွက်တာ၊ မျက်လုံးထဲကို ပြင်ပ အရာဝတ္ထုပစ္စည်းတစ်ခုခုဝင်တာ၊ မျက်လုံးရေတိမ်ဖြစ်တာ၊ မျက်လုံးရောင်ရမ်းတာနှင့် တခြားမွေးရာပါ မျက်လုံးရောဂါ တချို့ကြောင့် ဖြစ်နိုင်ပါတယ်။

 

၆။ မျက်ကြည်လွှာတွင် ကွင်းပေါ်ခြင်း

ဆက်စပ်နိုင်သောရောဂါ -ကော့ပါးများ စုပုံခြင်း

တွေ့ရခဲ့တဲ့ ဝဲလ်ဆန်းစ်ရောဂါ (Wilson’s Disease) ရဲ့ လက္ခဏာရပ်တစ်ခုပါ။ ခန္ဓာကိုယ်မှာ ကော့ပါး သယ်ယူပို့ဆောင်ပေးတဲ့ အင်ဇိုင်း ချို့တဲ့တာကြောင့် အသည်းနှင့်ဦးနှောက်မှာ ကော့ပါးတွေ စုပုံလာတာကြောင့်ပါ။ တစ်ခါတစ်ရံ မျက်ကြည်လွှာရဲ့ အတွင်းဘက်အလွှာမှာပါ ကော့ပါးတွေ စုပုံလာတာကြောင့် မျက်ကြည်လွှာဘေးမှာ ကွင်းတစ်ခုပေါ်လာတာပါ။ Kayser-Fleischer rings လို့ခေါ်ပါတယ်။ ဒီကွင်းက အန္တရာယ် သိပ်မပေးတတ်ပေမယ့်ဝဲလ်ဆန်စ်ရောဂါကတော့ အသက်အန္တရာယ်ပေးနိုင်တာကြောင့် ကုသမှု ခံယူဖို့ လိုပါတယ်။

 

၇။ မျက်လုံး အဝါရောင်ဖြစ်ခြင်း 

ဆက်စပ်နိုင်သောရောဂါ - အသည်းရောဂါ

အသည်းရောဂါတွေနဲ့ ဆက်စပ်နိုင်ပါတယ်။ အသည်းရောင်တာ၊ အသည်းခြောက်တာတွေမှာ မျက်လုံး အဝါရောင် ဖြစ်နေတတ်ပါတယ်။ ဘီလီရူဘင်တွေက သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင်တွေ ပြိုကွဲရာကနေ ထွက်ရှိလာပါတယ်။

 

၈။ မျက်ခွံ ထူလာခြင်း

ဆက်စပ်နိုင်သောရောဂါ - အာရုံကြောကို ဖုံးထားသော အမျှင်တစ်သျှူးတွင်ဖြစ်သည့် အဖုအကျိတ် အာရုံကြောကို ဖုံးထားတဲ့အမျှင် တစ်သျှူးမှာဖြစ်တဲ့ အဖုအကျိတ်ကြောင့် ဖြစ်လာတဲ့ လက္ခဏာတစ်ရပ်ထဲက တစ်ခု ဖြစ်နိုင်ပေမယ့် တွေ့ရခဲပါတယ်။


Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, January 2014, pg. 113


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18